အပြောများနေတဲ့ ဥပဒေစိုးမိုးရေး
တူမောင်ညို
နိုဝင်ဘာ ၂၅၊ ၂၀၁၁
“တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံးကို လွတ်လပ်စွာ
စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်”
ဖေါ်ပြပါစာပိုဒ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ အခန်း(၁)
နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၂၀(ခ) မှာပြဌာန်းထားချက်ဖြစ် ပါတယ်။ အဓိပ္ပါယ်က မထိနဲ့မီးပွင့်သွားမယ်၊
ဘယ်သူမှဝင်ရောက်မစွက်ဖက်နဲ့ဆိုတဲ့ တားမြစ်တဲ့သဘောတင်မကဘူး၊ ခြိမ်းချောက်နေတဲ့ သဘောလည်းဖြစ်တယ်။
အဲဒီလို တစ်ဖက်သတ်ကျတဲ့၊ အနိုင်ကျင့်ထားတဲ့၊ ဒီမိုကရေစီလုံးဝမဆန်တဲ့ပြဌာန်းချက်တွေ
ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) ထဲမှာ အများအပြား ပါဝင်နေတာဖြစ်ပါတယ်။
အခုတော့
အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲဝင်ဖို့ “လေးစားလိုက်နာရမည်” ဆိုတဲ့လမ်းပေါ်ကနေ
(NLD) က ရှေ့နေကြီး ဦးဉာဏ်ဝင်း နေပြည်တော်သို့သွားနေပါပြီ။ နိုဝင်ဘာ ၁၈ ရက် မတိုင်ခင်ကာလတွေမှာတော့ ဦးဝင်းတင် က “ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ဘောင်”ထဲက
ဝင်ရတာကို “တင်းကုပ်”ထဲဝင်ရတာလို့ပြောလေ့ရှိတယ်။
မကြာခင်မှာ
“တည်ထောင်ခွင့်လျှောက်ထားတဲ့ NLD”၊ “မှတ်ပုံတင်လျှောက်ထားတဲ့ NLD” စတဲ့ အဆင့်တွေကို
အထစ်အငေါ့ မရှိ ဖြတ်သန်း ကျော်လွှားပြီးတဲ့အခါမှာ “မှတ်ပုံတင်ပြီးNLD”ရယ်လို့ အမည်တပ်နိုင်ကြပါတော့မယ်။
ယင်းသို့
အဆင့် ၂ ဆင့် (တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်)ကို ဖြတ်သန်းကျော်လွှားရာမှာ NLD ဆိုတာ
(တစ်ချိန်က) ပါတီကြီး ဖြစ်ခဲ့ဖူးလေတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (တင်အေးကော်မရှင်)
က ပုဇွန်လုံးစားချင်တဲ့ ဖိုးသူတော်လို “နင်ကကြီးတယ် နှစ်ခါလျှောက်” ဆိုတဲ့ အချိုးမျိုး၊
မချိုးဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ NDF က ဦးခင်မောင်ဆွေ ဒီအချိုးချိုးတာမျိုးခံရဖူးတယ်။
ဝန်ခံချက် လက်မှတ်ထိုးခိုင်းတာကို မထိုးခဲ့တဲ့အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ဘူး။
NLD ထဲက ခေါင်းဆောင်တွေကိုလည်း အဲဒီလို မလုပ်ပါဘူးလို့ ဘယ်သူကအာမခံနိုင်မှာလဲ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(တင်အေးကော်မရှင်) ဆိုတာ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ
“စေတလုံးအာဏာ” ရရှိထားတဲ့ကော်မရှင်ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (တင်အေးကော်မရှင်)ရဲ့
လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ထဲအခုလိုပြဌာန်းထားတယ်။
ပုဒ်မ
၄၀၂။ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏
ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည် -
(က)
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ
(ခ)
ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့်ပြင်ဆင်မှုများ၊
(ဂ)
နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သော ကိစ္စများ။
ပိုပြီးသေချာစေဖို့အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊
အခန်း (၅) အထွေထွေ၊ ပုဒ်မ (၂၀) တွင် ယခုထည့်သွင်း ရေးသားထားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ အခန်း (၅)
အထွေထွေ၊ ပုဒ်မ (၂၀) ဤဥပဒေပါ ပြဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍
(က)
ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်၊
(ခ)
မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့်မရှိစေရ၊
အထက်ပါ
ပြဌာန်းချက်တွေအရဆိုလျှင် ပုဒ်မ(၄၀၂)ပါကိစ္စများနှင့်ပတ်သက်ပြီး “ကော်မရှင် ဆုံးဖြတ်သမျှကို
ခေါင်းငုံ့ခံရမယ်” ဆိုတဲ့သဘောဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈)၊ အခန်း(၆)တရားစီရင်ရေးအခန်း ကို လေ့လာကြည့်ကြပါဦးစို့။
ဒီအခန်း(၆)
မှာ ပုဒ်မ (၂၉၃) ကနေ (၃၃၆) အထိ ပုဒ်မပေါင်း (၄၃) ခုရှိပါတယ်။ ပုဒ်မ (၂၉၃) က တရားရုံး
(၃) မျိုးရှိတယ်ဆိုတာဖေါ်ပြထားတာပါ။
ပုဒ်မ (၂၉၃) နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို
အောက်ပါအတိုင်းဖွဲ့စည်းသည် -
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊
ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများများ၊
ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊
(ခ)
စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(ဂ)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး။
ပုဒ်မ(
၂၉၄) နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။
ပုဒ်မ(၂၉၄)
အရဆိုလျှင် နိုင်ငံတော်ရဲ့အမြင့်ဆုံးတရားရုံးလို့ မည်သို့ပင်ဆိုထားစေကာမူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
ဟာ စစ်ဘက်ဆိုင်ရာတရားရုံးများနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရဲ့စီရင်ပိုင်ခွင့်အာဏာများကို
နည်းနည်းမှ ထိပါးလို့ မရ ပါဘူး။ ဒါဆို နိုင်ငံတော်ရဲ့အမြင့်ဆုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆိုတဲ့စကားဟာ
ဘာအဓိပ္ပါယ်များရှိပါသေးသလဲ။
ဒါ့အပြင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင်ပြည်ထောင်စုတရား
လွှတ်တော်ချုပ် တရားသူကြီးများခန့်အပ်ရေးဟာ သမ္မတလက်ထဲမှာပဲရှိပါတယ်။(ပုဒ်မ ၂၉၉ ကိုကြည့်ပါ)
ပြည်ထောင်စုတရားသူကြီးချုပ်နဲ့
တရား လွှတ်တော်ချုပ် တရားသူကြီးများခန့်အပ်ရေးအတွက် သမ္မတတစ်ဦးတည်းမှာ သာအဆိုပြုပိုင်ခွင့်ရှိပါတယ်။ကျန်တဲ့လွှတ်တော်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို
စင်ပြိုင်အဆိုပြု ခွင့်ပေး မထားပါဘူး။
သမ္မတအဆိုပြုတဲ့သူတွေကို ပြည်ထောင်စု လွှတ်တော်က လက်မခံရင်
အဆိုသစ် ထပ်မံပြုပိုင်ခွင့်ဟာလည်း သမ္မတ လက်ထဲ မှာပဲရှိတာပါ။ ဒါကြောင့်အဲဒီပြဌာန်းချက်တွေအရ
သူတို့နှစ်ခြိုက်သဘောကျသူ ကိုသာရွေးချယ်ခန့်အပ်နိုင်ဖို့ပြဌာန်းထားတယ် ဆိုတာ ထင်ရှားနေပါတယ်။
(မဆလ) ခေတ်က ဒေါက်တာမောင်မောင်လို၊ (နဝတ-နအဖ)ခေတ်မှာတော့ ဦးအောင်တိုး တို့လို တရားသူကြီး တွေကိုသာခန့်အပ်မှာဖြစ်ပါတယ်။
ဒီတော့ ချုပ်လိုက်မယ်ဆိုရင် တရားမဏ္ဍိုင်ဆိုတာ လက်ရှိအာဏာကိုင်ထားသူတွေကသာ
စိတ်ကြိက်ချယ်လှယ် စီရင်ဖန်တီး နိုင်အောင်ရေးသားပြဌာန်းထားတယ်ဆိုတာ ထင်ရှားနေပါတယ်။
ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ နိုင်ငံတော်ရဲ့အမြင့်ဆုံးတရားရုံးလို့
မည်သို့ပင်ဆိုနေပါစေ “ရုံးတစ်ရုံး ဓါးတစ်
စင်း” ဆိုသလို စစ်ဘက်ဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့ရဲ့ လွတ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်အာဏာတွေကို
ထိပါးနိုင်ခွင့်မရှိသလိုဝင် ရောက်စွက်ဖက်ပိုင်ခွင့်လည်းမရှိဘူးဆို တာ မှောက်ထားတဲ့ခွက်ကို
လှန်ပြသကဲ့သို့ ထင်ရှားနေပါတယ်။
ဒီနေရာမှာ ဥပဒေစိုးမိုးရေးစကားကို NLD တဖောင်ဖောင်ပြောလွန်းလှလို့
မေးစမ်းပါရစေ။ ၁၉၈၈ ကနေယနေ့အထိ ဘယ်လိုဥပဒေအမျိုးအစားက စိုးမိုးခဲ့ပါသလဲ။ မာရှယ်လောနဲ့
မာရှယ်လောတစ်ပိုင်းဥပဒေပဲစိုးမိုးခဲ့တယ်မဟုတ်ပါလား။
၂၀၁၀
နိုဝင်ဘာ(၇) ရက်ရွေးကောက်ပွဲမတိုင်ခင်မှာ မှတ်ပုံတင်ခွင့်ရခဲ့ကြပြီး၊ ရွေးကောက်ပွဲမှာပါဝင်ခဲ့ကြတဲ့ပါတီပေါင်း(၃၇)
ပါတီရှိပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့စစ်တပိုင်းအစိုးရတက်လာပြီး ၂၀၁၁ မတ်လ နောက်ပိုင်းမှာ
တည်ထောင်ခွင့်လျှောက်ထားခဲ့တဲ့ပါတီ (၅) ပါတီအနက် (၄) ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး၊
မှတ်ပုံတင်ခွင့်ပေးခဲ့တဲ့အတွက် ယခုအခါ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီစုစုပေါင်း ပေါင်း
(၄၁) ပါတီရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ (ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ)
မှတ်ပုံတင် ခွင့်ပြုခဲ့ပါတယ်။ (ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ ) ရဲ့မှတ်ပုံတင်အမှတ်က
(၄၆) ဖြစ်ပါတယ်။
အကယ်၍သာ
“တည်ထောင်ခွင့်လျှောက်ထားခြင်း”၊ “မှတ်ပုံတင်လျှောက်ထားခြင်း” စတဲ့ အဆင့်တွေကို
NLD ဟာ အထစ် အငေါ့မရှိ ဖြတ်သန်းကျော်လွှားနိုင်ခဲ့ပြီဆိုရင်တော့ မှတ်ပုံတင်အမှတ် (၄၇) ဟာ NLD အတွက်ဖြစ်နိုင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပုဒ်မ (၄၀၅)ကိုဖေါ်ပြပြီးနိဂုံးချုပ်ပေးလိုက်ပါတယ်။
ပုဒ်မ (၄၀၅) နိုင်ငံရေးပါတီတစ်ရပ်သည် -
(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို
လက်ခံကျင့်သုံးရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီဖွဲ့စည်းမှတ်ပုံတင်ထားရမည်။
ဒါကြောင့် ဒီနေ့ပြောနေကြတဲ့ “ဥပဒေစိုးမိုးရေး”ဆိုတာဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်တည်ဆဲဥပဒေများကို လေးစား လိုက်နာရေးသာလျှင်ဖြစ်တယ်။
တခြားမဖြစ်နိုင်ဘူး။
“ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုတာကို
စွန့်ပစ်ခဲ့ကြပြီမဟုတ်လား။
ညွန်း
-
ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈)

Comments