Kapiya Po Si - မဟန နှင့် နိုင်သြ ဆိုသည် ???

မဟန နှင့် နိုင်သြ ဆိုသည် ???
ကပ္ပိယဖိုးစီ
ဒီဇင်ဘာ ၂၀၊ ၂၀၁၁
ခက်ဆစ်   -   မဟန  = နိုင်ငံတော် သံဃမဟာနာယက
                 နိုင်သြ   =  နိုင်ငံတော် သြ၀ါဒါ စရိယ
ထပ်ဆင့်ရှင်း  သံဃမဟာနာယက = သံဃာတို့၏ ကြီးမြတ်သော အကြီးအကဲ
                                     သြ၀ါဒါစရိယ = အဆုံးအမပေးသည့် / မည့် ဆရာသခင်
ဖိုးစီကိုမွေးပြီး ၄ နှစ်အကြာ ရွာလုံးကျွတ် မီးလောင်တော့ ဘကြီး ဘုန်းကြီးကျောင်းကို မီးဘေးဒုက္ခသည်ဖြစ်ပြီး ရောက်သွား။ အဖေတို့ အိမ်ဆောက်ပြီး ပြန်သွားကြတော့ ဖိုးစီက ကျောင်းပေါ်တင် ကပ္ပိယဖြစ်ပြီး ကျန်နေခဲ့တာ အသက်ထက်ဝက်တိုင်ရော ဆိုပါတော့။
အဲဒီတုန်းကတည်းက မဟန အဖွဲ့အစည်းနဲ့ နိုင်သြ ပုဂ္ဂိုလ်တွေ ရှိနေကြနှင့်ပါပြီ။ ရာသီအလိုက် စကားတွေလဲ ကြားနေ၊ သိနေ၊ ပါနေရပြီ။ ဒီအဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို ဘယ်သူက ဘယ်အချိန်မှာ ဘယ်လိုစိတ်စေနာနဲ့ Set up  လုပ်ခဲ့သလဲဆိုတာကိုတော့ သမိုင်းမှာ ရှာကြည့် သိလိမ့်။ ဖိုးစီ သမိုင်းကို မပြော၊ တရားကိုယ်ကိုသာ ကောက်မည်။
ငယ်ဘ၀ မြင်ခဲ့ သိခဲ့ရသမျှ မဟနတို့ ဘာလုပ်ကြသနည်း။
         
၁။ စာမေးပွဲ စစ်၏။ ပြဌာန်းစာအုပ်တွေ စီစစ် ထုတ်ဝေ၏။ (အင်မတန်ကောင်းမွန်တဲ့ လုပ်ရပ်တွေပါ)

၂။ အမှုစစ်၏။ ဘုန်းကြီးအမှု၊ ကျောင်းအမွေမှု၊ ရွာနဲ့ ဘုန်းကြီးအမှု၊ ဘုန်းကြီးနဲ့ ဒကာမအမှု။... အိုစုံလို့။ (ကောင်းသေး၏)

၃။ ထို့ထက် ပို၍ကား သာသနာရေးဆိုင်ရာ အမိန့်များ ထုတ်ပြန်ပြဌာန်း
ဥပမာ  - အလှူရှင်များ ရေစ္စတြီ လုပ်ရန်လိုခြင်း
-       သံဃာများ (ရဟန်းပျိုများ) ဇာတ်ပွဲမကြည့်ရ၊ ဘောပွဲမကြည့်ရစသည့်..။(အင်း..။ ကောင်းနေသေးတာပါပဲ)

သို့သော် တဲ့ ။ အကြင် မဟန အကြီးအကဲတို့ကို မည်သို့မည်ပုံ ရွေးကောင်တင်မြှောက်၍ မည်သူတွေက ထောက်ခံကာ ဖွဲ့စည်းကြသနည်း တဲ့။ နိုင်သြ ဆိုသူတို့သည် မည့်သည့် နိုင်ငံတော်ကြီးမှ သြ၀ါဒ ဆုံးမပေးရန် ခန့်အပ်ကြသနည်းတဲ့။ ကပ္ပိယဖိုးစီ မြင်ခဲ့၊ သိခဲ့တာ ရေးမည်။ လွန်ခဲ့ မှားခဲ့သော် ထိုငရဲကို ငါခံမည်။ (မဆိုင်သူများ မျှဝေယူ မနေကြပါနှင့်ဟု ဆိုလိုသည်)
ထို မဟန နှင့် နိုင်သြ ဆိုသသူတို့ကား သာသနာရေး ဦးစီးဌာနမှ သွေးဆောင်ဖြားယောင်း (ပင့်လျှောက်) ခန့်အပ်၍ လစာရိက္ခာ စားနေသသူတို့သာတည်း။
ဖိုးစီ ဘကြီး ဘုန်းကြီး၏ ရာထူးကား ၀ိနည်းဓိုရ် ဟူသတတ်။ ၀ိနယဓူရ - စည်းကမ်း ထိန်းသိမ်းရေးလို့ ပြန်ရမယ်ထင်၏။ သူစကားနဲ့  သူတို့ကို ဒီလို မြင်၏။
- မဟနတို့သည် ကောင်းတာတွေလည်း များများကြီး လုပ်ခဲ့ကြ၊ လုပ်နေကြ၏။
- မဟနတို့သည် မကောင်းတာ အနည်းအကျဉ်းမျှသာ လုပ်ခဲ့ကြ၏။
- မဟနတို့သည် ကောင်းတာတွေ များများကြီး လုပ်နေသူတို့အား လျစ်လျူရှုခဲ့ကြပြီ။
တထာ - ထို့အတူသာလျှင်
မဟနတို့သည် မကောင်းတာတွေ များများကြီး လုပ်နေကြ၊ ဖြစ်နေကြသည်တို့ကိုလည်း လျစ်လျူရှုခဲ့ကြလေပြီ။ ဒါဟာ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး အာဏာ စွက်ဖက်နေလို့သာ။
သက်တမ်းတလျှောက် မဟနကြီးသည် "မင်းပါးစိုးခွင် အကြင် ပုဂ္ဂိုလ်တို့၏ အာဘော်ကို ကျော်လွန်၍ (ဘယာဂတိ)" သို့မလိုက်ဘဲ ဆောင်ရွက်ပြဌာန်းခဲ့ဖူးသော မှတ်ကျောက်တင် လုပ်ရပ်ဟူ၍ ရှာမှ ရှားပင်။ လက်ညှိုးထိုးပြစရာပင် မရှိသလောက်။
သို့သော် ပညာရှိ ယောက်ျားမြတ်များ ဖြစ်ရကား "ရာဇဂိုဏ်းမှ လွတ်သော" သာသနာရေးများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြဖူးလေပြီ။ (ကောင်းတာတွေလဲ များများကြီး လုပ်ခဲ့ကြ၏)

- ကျောက်သင်္ဘော ၀ိနိစ္ဆယ
- လူသေလူဖြစ် ၀ိနိစ္ဆယ
- မိုးကုတ် ၀ိနိစ္ဆယ (မိုးကုတ်ဆရာတော်ကြီး တရားတွေ ခုံရုံးတင်တာဗျား၊ ဖတ်လို့ နာလို့ ကောင်းမှကောင်း။ ကြည်ညိုလွန်းလို့ ကြက်သီးတွေတောင် ထ၏)

သို့သော်လည်း မဟန အဖွဲ့ကြီး နှာစေးခဲ့သော သာသနာဝင်၊ သမိုင်းတင် အောက်ပါ ကိစ္စများကို ကပ္ပိယမောင်ဖိုးစီမှ အ၀ီစိဂျိုးကပ်ခံ၍ မေးမြန်းရန် ရှိပါကြောင်း။

၁။ ဂဠုန်ဦးစော၏ အသက်ကိုပင် တိုင်းပြည် အမုန်းခံ၍ အလှူခံခဲ့ကြဖူးသော ရှေးဆရာတော်ကြီးများ အစဉ်အလာရှိပါလျှက် မဟန လက်ထက်ရောက် မှ တိပိဋက ဆရာတော်ကြီးများ ထောင်သွင်း အကျဉ်းချ၊ သိက္ခာမချဘဲ သင်္ကန်းဆွဲချွတ်ခံ၊ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသည်များကို ၄၇ ပါး စုံညီ မည်သည့် အစည်းအဝေးတွင်မှ မှတ်တမ်းတင် ဆွေးနွေးခဲ့ခြင်း မရှိပါဘုရား..။

၂။ ၁၉၉၀ ခု မန္တလေးကျောင်းတိုက်ကြီးများကို မသူတော်တို့မှ (မခင်မြကြီး စစ်ဆင်ရေး) ဟု အမည်ပေး၍ (မစိုးရိမ် ၊ ခင်မကန် ၊ မြတောင် ၊ ဘုရားကြီး) ကျောင်းတိုက်များကို ဖြတ် ၄ ဖြတ်ဖြင့် နှိပ်စက်ခဲ့သည်များကို မည်သည့် နိုင်သြ ကမှ ဖွင့်ဟဆုံးမခဲ့ခြင်း မရှိပါဘုရား။ (စကားချွင်း၍ ဆိုရသော် မင်းကွန်းဆရာတော် ဘုရားကြီး ၁ ပါးဖြင့် ဖြတ် ၄ ဖြတ်ကို ပယ်လိုက်ပါတော့ဟု ဦးစောမောင် သြ၀ါဒ ခံယူပွဲ၌ မိန့်ကြားခဲ့ဘူး၏။)

၃။ ၁၉၉၆ ခု မသူတော်များ မဟာမြတ်မုနိ ဘုရားကြီး ဗိုက်ဖောက်၍ ရဟန်းပျိုများ ဦးဆောင် ရေတော်ဆရာတော်ကို စစ်မေး၍ ဘူးပေါ်သလို ပေါ်လာသော်လည်း မဟန အဖွဲ့ကြီးက ဘုရားကြီး အရေးကား ရာဇအရေး၊ နိုင်ငံအရေးဟု သဘောထား၍ ခေါင်းအေးအေးထားကာ ကျိန်းစက်ခဲ့ကြဖူးလေပြီ။

၎။ ၁၉၉၆ - ၉၇ တန့်ကြည့်တောင် ဆရာတော် ဘွဲ့ခံ ပုဂ္ဂိုလ်မှ အမည်ခံ တရားစခန်းဖွင့်လှစ်၍  တရားတော်မှ သွေဖည်လျှက် နှလုံးမသာမယာဖွယ် လမ်းစဉ်များ (အောက်လမ်း၊ အထက်လမ်း၊ ဟိုလမ်း ဒီလမ်း သွေးတိုးစမ်းနည်းနာများ) ဗွီဒီယိုပုံများဖြင့်တကွ ကွက်ပေါ်လာသော်လည်း  ကိုးကွယ်သူ ဒကားတော်ကြီး မျက်နှာကြောင့်  နှာစေးခဲ့ကြခြင်းတဖုံ။ ထုတ်ဖော်သူ ဦးဇင်းလေးမှာဖြင့် ထောင်ထဲ၌ ၂၆ နှစ် ကြာစံမြန်းနေရလေပြီ။ မဟန ၌ ဘာမှတ်ချက်များ ပေးလိုပါသလဲ ဘုရား..?

၅။ ၁၉၉၇ -  ၂၀၀၁ ခုနှစ်များဆီက မွတ်စလင် ဗလီများကို အမျိုးအမည်မသိ အ၀ါရောင်ဝတ် ပုဂ္ဂိုလ်များက ညဘက် သန်းခေါင်ယံများ၌ ၀င်ရောက် ဖျက်ဆီးကြသည်များကို ဘယ်ကျောင်းတိုက်က ဘယ်ပုဂ္ဂိုလ်ပါလို့ စွဲဆိုပြနိုင်ခြင်း မရှိပါဘဲလျှက်  ကျောင်းတိုက်များကို  ဘုရားအမိန့်ကို ဆန့်ကျင် ၀ါတွင်းကြီး ပိတ်သိမ်းကာ ၀ါချိုး ၍ ရဟန်းပျိုများကို နယ်ပြန်ပို့ခဲ့ဘူးလေပြီ။ ဘာသာခြားတို့က သူရို့ဗလီတွေ ၀င်ဖျက်တာ ဒီဘုန်းကြီးတွေပါပဲလို့ ထင်အောင် အတည်ပြုပေးလိုက်သလိုပါပဲ။ မဟန စီမံပုံ ကောင်းပါရဲ့လား ဘုရား?

၆။ ၂၀၀၇ - xxxxxxxxxxxxxxx စိတ်နာလွန်းလို့ လျှောက်တင်ရန်ပင် မရှိတော့ပါဘုရား။

၇။ ၂၀၁၀ ခုနှစ်က အရှုးချေးပန်း ဘုန်းကြီးတစ်ပါးက နံပတ်ဝမ်း စိတ်ဓါတ်မြင့်တင်ရေးဟု ခေါင်းစဉ်ပေးကာ အစုအပြုံလိုက် ကခုန်သီဆိုကာ သာသနာတော် ၀မ်းရောင်အောင် အစာစုံ ကျွေးတော့လည်း အေးအေးလေး ငြိမ်နေခဲ့တာ မဟန ပါပဲဘုရား။ (နောက်လိုက်ဒကာတွေထဲ တိုင်းမှူးလည်း ပါဆိုသကိုး)

အရပ်ရပ် အလီလီ တိုင်းပြည်အတွင်း ဖြစ်ပွားခဲ့သည်များ မဟန နှင့် နိုင်သြ ဆရာတော်ကြီးများ ၀င်ရောက် ကယ်တင်ပါက အရာထင်စရာ အကြောင်းများစွာရှိခဲ့ပါလျှက်ကယ်နှင့် မင်္ဂလာတရားတော်နှင့်ညီစွာ (အသေ၀နာစ ဗာလာနံ - လူမိုက်တို့မှ ဝေးဝေးရှောင် အေးအေးလေးနေခဲ့ကြသည်ကြောင့်) ဘုရားတပည့်တော်တို့ ကပ္ပိယကာရကများ စိတ်အနာဝင်ခဲ့ကြရပါပြီ ဘုရား။
ကလိယုဂ် ခေတ်ဆိုးကထိုးလို့ သာမွှေနေတဲ့ ဒီကာလမှာ မဟန နဲ့ နိုင်သြဆရာတော်တို့ ကောင်းတာတွေ မျက်ကွယ်ပြုစ ပြုပြီး တားဆီးကန့်ကွက် ပိတ်ပင်ပျက်မည့် နီရဏ ခြေလှမ်းများ အားစမ်းစ ပြုလာသည်မှာဖြင့် လွန်စွာ စိုးရိမ်ဖွယ်ပါဘုရား။
၂၀၁၁ ခုနှစ်အတွင်း တရားမဟောရ ဟု ပညတ်ခံရသော ဆရာတော်များ၏ တရားကို ဖိုးစီ နာကြားကြည့်မိရာမှာတော့ …
ဟဲ့ ဒကာတို့၊ မိုင်းထောင်ကြကုန်လော့။
ရွာမီးရှို့ကြကုန်လော့။
ဖမ်းမိသုံ့ပန်းတို့အား လက်ပြန်ကြိုးတုပ်၍ သတ်ကုန်လော့။
မိန်းမ ကလေးပေါ်တာ ဆွဲကုန်လော့။
ဘုရားကျောင်းများ ဖျက်ကုန်လော့။
ဗလီဆောက်ခွင့်များ ပိတ်ပင်လော့ …
စသည် စသည် … … ဟောကြားသည်များ မတွေ့ရပါဘုရား။
နာမိသမျှ၊ မြင်မိသမျှမှာတော့ …
ပြည်တွင်းစစ်ကို ရပ်ပါ။
ငြိမ်းချမ်းရေးကို တည်ဆောက်ပါ။
ငြိမ်းချမ်းခြင်းသာ အရေးကြီးဆုံးပါ …
စသဖြင့် … …
ဘုရားအကြိုက် တရားထိုက်စရာ ၀ါစကများသာ ကြားရပါသည်။ (ထုံးစံအတိုင်း မဟန ဆုံးဖြတ်ချက်မှာ ဦးဇင်းတို့ ရွာပြန်နေကြစေ၊ နယ်မထွက်လာရ၊ ဆရာတော် တရား မဟောရ။ ကျောင်းတိုက်မှ ထွက်စေ)
ဘုရားရှင်သာ သက်ရှိထင်ရှားရှိနေတော်မူဆဲ ဖြစ်ပါက ကရုဏာမုဒြာလေး နဲ့  (အန္ဓ္ဓီဘူတော အယံလောကော - အကြင်လောကသည် အမိုက်တိုက်သာတည်း လို့ ထပ်မံ မိန့်ဆိုမှာဖြင့် မြင်ယောင်ပါသေးတော့)
ယနေ့အခါ ပြည်မြန်မာဝယ် အများရှင်လူ သူတကာက ပြောင်းကြစို့ဟေ့ ကောင်းကြစို့ဟေ့ လို့ မညီညွတ်တာကို ညီသံထွက်အောင် တံတွေး မျိုချရင်း အားတင်းနေရတဲ့အချိန်၊ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ မသာချနိုင်သူကမသာ ချ။ လူနာပြုနိုင်သူက လူနာပြု။ သင်တန်းပေးနိုင်သူက သင်တန်းပေးနဲ့ အေးကွက်ကလေးများ ရှာကြံနေရချိန်မှာ ကြက်တူရွေး ဗိုလ်ချုပ်ကြီးများက တော်တော် (စိတ် မဖောက်ခင် ပြောပါတယ်) မယ်ဘော်ဆရာတော်ကြီးများက ကဲကဲ ဖြစ်နေကြရင်ဖြင့် မဟန သမိုင်းမှာ အကောင်းကျန်စရာ မရှိတော့ပါပြီ ဘုရား။
ဘုရားတပည့်တော်တို့လဲ တိသရဏံ ဂစ္ဆာမိ ကနေ ဒွိသရဏံ ဂစ္ဆာမိဖြစ်ပြီး ဘ၀တလျှောက် ရတနာ ၂ ပါးနဲ့သာ ကြိုးစားပြီး အလွမ်းသင့်အောင် နေကြရတော့မှာပါ ဘုရား။
ဘုရားမကြိုက် ၊ တရားမထိုက်လျှင် ၊ နတ်ပြည်ကိုပင် မလိုက်ချင် ..။
ဘုရားအကြိုက် ၊ တရားအလိုက် ယှဉ်ခဲ့ရင် ၊ ငရဲကိုလည်း ဒိုက်ထိုးချင်...။
(ဒီဇင်ဘာ ၂၀၁၁)

Comments