Kay - သရုပ်ဆောင်ရွေးပွဲ


 သရုပ်ဆောင်ရွေးပွဲ
ကေ
ဒီဇင်ဘာ ၁၉၊ ၂၀၁၁
အညာသား ဖြစ်ရမည်
ဘာသာ စကား နိုင်နင်းရမည်
စာပေ အရေးအသား နီးစပ် သူ ဖြစ်ရင် ပို စဉ်းစားမည်
အလာ အသွား လှုပ်ရှားမူများချင် များမည်
-ဟိုင်နန် ကျွန်း ကနေ ပျဉ်းမနား
-နေသူရိန်  ပြီးတော့  ပင်လုံ
တက္ကသိုလ်ဂုဏ် နှင့် လည်း ကိုက်ညီ ရမည်
ရိုင်းတတ်ရမည် .. ရဲ တတ်ရမည်
ချစ်တတ်ရမည် .. စစ် ထွက် ရမည်
စွန့်ဝံ့ … ဆုတ်ဝံ့ ...  နေ ၀ံ .့.. သေ ၀ံ့ … အောင်ဆန်းဖြစ်ဝံ့ ဖို့တော့ မလို
အောင်ဆန်းနဲ့ တူအောင် လေ့ကျင့်ပေးမည်
-တလ အတွင်း ဆက်သွယ် ရန် ………။

x x x

အညာသား နဲ့ အတော့်ကို တူ
အောင်ဆန်း ဟန်ပန် နဲ့ အလွန် နီးစပ်
ဒါပေမဲ့.. အောင်ဆန်းနဲ့တူအောင် လေ့ကျင့်ပေးဖို့မလို
စွန့်ဝံ့ ... ဆုတ်ဝံ့ ... နေ၀ံ့ …သေ၀ံ့ ... အောင်ဆန်းလို ဖြစ်ဝံ့သူ
ရာမညဆောင်ကနေ.. အင်းစိန်ထောင်
သရက်ချောင် ကနေ ... မိုင်းဆက်
နှစ်ရှည်လများ.. ခရီးတွေ ဆက်နေခဲ့သူ
သမိုင်းတခုကို သဏ္ဌာန်လုပ်.. သရုပ်ဆောင်မယ့်သူတော့မဟုတ်ဘူး
သမိုင်းတကွေ့မှာ.. ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချ သရုပ်ဖော်ပြခဲ့သူ
အချိန်မရွေး ဆက်သွယ်ရန်….... ။
(၂၀၁၁ ဒီဇင်ဘာ ၁၈ ရက် နေ့ မှာ..အသက် ၅၀ ပြည့်သွား ခဲ့သူ .. ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး အတွက်..လေးစား ဦးညွှတ်လျက်)
(၁၉ ဒီဇင်ဘာ ၂၀၁၁)

Comments