Maung Nyein Aye - 2011 Poem

ကျနော်တို့ဘ၀လမ်းတွေအတွက်ကဗျာဟာမရှိမဖြစ်ရာသီပဲ
မောင်ငြိမ်းအေး
ဇန်န၀ါရီ ၁၊ ၂၀၁၂

- ကဗျာတွေကို ခင်ဗျားချစ်သလား....
ကဗျာတွေကို ခင်ဗျားဖတ်သလား...
ဒီမေးခွန်း တွေအတွက် အချိန်ယူစဉ်းစားချင်သေးသပဆိုရင်လည်းစဉ်းစား
ချစ်တယ်လည်း မဟုတ်ဘူး မုန်းတယ်လည်းမဟုတ်ဘူး
ဒီလိုပဲ ဖတ်ဖြစ်နေတာပါလို့ ပုခုန်းကလေးတွန့်ပြီး ပြောလည်း ကျနော်ကျေနပ်တယ်
ကဗျာ ဖတ်တယ်ဆိုရင်ပဲ ခင်ဗျားဟာ အမယ်မင်းမေ့သား....ထွားလာလိုက်တာဖြစ်နေပြီ။
- ခေတ်ပေါ်ကဗျာတွေကို နားမလည်ဘူးလို့အတော်များများကပြောကြတယ်
နားမလည်ရင် မဖတ်နဲ့ပေါ့ ..ဒါဇော်ဇော်အောင် ပြောတာပဲ
ကျနော်က ဇော်ဇော်အောင် မဟုတ်ဘူး..မောင်ငြိမ်းအေး
ကဗျာတွေကို လိင်စိတ်နိုးကြားစအချိန်မှာ ချစ်မိတဲ့မိန်းမလိုသဘောထား
အတက်နိုင်ဆုံး အတူအိပ်နိုင်အောင် ကြိုးစားစမ်းပါဗျာလို့ ကျနော်ကပြောမယ်
နားမလည်တာနဲ့တင် ခင်ဗျားကကဗျာကို မယားပါသားလိုလုပ်တော့မှာလား
အဲဒီလိုဆိုရင်တော့ကဗျာနဲ့ခင်ဗျား အဝေးကြီးဝေးသွားတော့မှာပေါ့
ကဗျာနဲ့ဝေးပြီဆိုတာနဲ့ ခင်ဗျားဘ၀ကနှစ်ပိုင်းတစ်ပိုင်းဖြစ်ပြီးအေးစက်သွားပြီ။
- ခင်ဗျားက အစ်ဇင် သမားလား အစ်ဇင် ကိုကိုးကွယ်သူလား
ခင်ဗျားက တရား သမားလား ဘုရား ကို ကိုးကွယ်သူလား
တစ်ချို့က အစ်ဇင် ကိုဘုရားလိုကိုးကွယ်တယ်
တစ်ချို့က ဘုရား ကိုအစ်ဇင်လိုပူဇော်တယ်
ဘာပဲဖြစ်ဖြစ် ကဗျာကို အစ်ဇင်လိုခင်ဗျားယုံကြည်နိုင်သလား
ကဗျာကို ဘုရားလိုခင်ဗျားဆည်းကပ်နိုင်သလား
အစ်ဇင်လိုပဲယုံကြည်ယုံကြည် ဘုရားလိုပဲ ဆည်းကပ်ဆည်းကပ်
ကဗျာကိုယုံကြည်ဆည်းကပ်နေသမျှတော့ ခင်ဗျားဘ၀မှာဘာမှဖြစ်မှာမဟုတ်ဘူး
ဘာမှမဖြစ်ဘူးဆိုတာ ခင်ဗျားမဖြစ်ချင်တာတွေမဖြစ်တော့ဘူးလို့ပြောတာ
ကဗျာက အဲလိုခင်ဗျားဘ၀ကိုထွန်းညှိပေးလိမ့်မယ် အသေအချာ။
- ခင်ဗျား အချုပ်တန်းဆရာဖေ ကိုသိသလား
တွေးမိတိုင်းအရိုးနာသည်အမျိုးပါဆဲချင်ပေါ့လေး....တဲ့သူရေးတာ
အခုခင်ဗျားအဲဒီလို မခံစားနေရဘူးလား ကျနော့်ကိုပြော
အဲဒါကဗျာပဲလေ ကဗျာဆိုတာခေတ်ရဲ့တိုက်စားမှုမှာမျောပါမသွားဘူး..ဒါ့ကြောင့်
အမြဲတမ်းသစ်လွင်လတ်ဆတ်ပြီး လူထုရဲ့အသံဖြစ်နေတာပေါ့
လူထုရဲ့အသံကိုမပြတ်တမ်း ခင်ဗျားကြားနေရပြီဆိုရင် ခင်ဗျားဟာ
လူထုအတွက် ဒီမိုကရေစီတည်ဆောက်ရေးမှာ ပိုးစုန်းကြူးတစ်ကောင်တော့ ဖြစ်သွားပြီ
အဲဒါ ကဗျာကြောင့်ပေါ့ ကဗျာကြောင့် ကဗျာကြောင့်။
- " အခုလိုအသက်အရွယ်မှာတော့ ကဗျာတွေကိုပိုကြိုက်တယ်"
အဲဒါလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောတာ
"ကဗျာဆိုတာ လူ့စဉ်းစားဥာဏ်ရဲ့ပဲ့တင်သံ
လူ့နှလုံးသားရဲ့ခုန်လှုပ်သံ
လူ့စိတ်ဓာတ်ရဲ့မြည်ဟီးသံ
လူ့မျှော်လင့်ချက်ရဲ့သီကျူးသံ
ကဗျာဆိုတာကျွန်မတို့ရဲ့ရုန်းကန်သံ"
အဲဒါဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးတဲ့ကဗျာ
ကဗျာတွေဟာ တစ်ပုဒ်လုံးမှမဟုတ်ဘူး..တစ်ပိုဒ်
တခါတလေ တစ်ကြောင်းတည်းကတင် အတွေးအခေါ်အသစ်တွေရသတဲ့
ဒါကို ခင်ဗျားမယုံကြည်ဘူးဆိုရင် အောက်ကကဗျာစာကြောင်းကိုဖတ်ကြည့်လိုက်
" ကျနော်က ကိုယ့်ပါတီပဲဆိုပြီး မဲထည့်လိုက်မယ်ဆိုတဲ့သူမျိုးမဟုတ်ဘူး"
ဘယ်လိုလဲ မိတ်ဆွေ ခင်ဗျားဘယ်လိုအတွေးအခေါ်အသစ်ရလိုက်သလဲ
ကျနော့်ကဗျာတစ်ပုဒ်လုံးကတော့ ကောင်းချင်မှကောင်းမယ်
ဒါပေမယ့် ကဗျာတွေကို ဖတ်ဖြစ်အောင်ဖတ်ဖို့အောက်ဆီဂျင်လုပ်ပရစေ။
- ကျနော်က ကဗျာကိုမြန်မာလိုချစ်ပြီး
မြန်မာကိုကဗျာအတောင်ပံတပ်ပေးချင်နေသူသာဖြစ်တယ်။
ISM= ၀ါဒ

Comments