Naw Ohn Hal and Daw Cho Cho Aye - MoeMaKa Interview


နော်အုန်းလှ ရုပ်ပုံလွှာ

ဒေါ်ချိုချိုအေး၏ ပြန်လည်ပြောကြားချက်၊

မိုးမခနဲ့ မေးခွန်းများ

မိုးမခနဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့သူ တဦးကတော့ အင်န်အယ်ဒီပါတီက ထုတ်ပယ်ခံထားရတဲ့ တောင်ဒဂုံမြို့နယ်က ဒေါ်ချိုချိုအေး ဖြစ်ပါတယ်။

မေး။ ။ ဒေါ်နော်အုန်းလှနဲ့ ဘယ်တုန်းက စတင်တွေ့ဆုံခဲ့ကြတာလဲ။

ဖြေး ။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်ရေးများ ရရှိစေရန် ခံယူချက်နဲ့ ၁၉၉၇ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD သို့  ကျွန်မ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်လောက်မှ စတင်ပြီးတော့ ကျွန်မနဲ့ ဒေါ်နော်အုန်းလှ စတင်သိခဲ့ကျွမ်းခဲ့ပါတယ်။

မေး။ ။ ၂၀၀၃ ခုနှစ် မေလကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီဝင်တွေ ဒီပဲယင်းအရေးအခင်းမှာ လုပ်ကြံတိုက်ခိုက်ခံခဲ့ရတယ်။ အဲသည်နောက်ပိုင်းမှာ ဒေါ်နော်အုန်းလှရဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေ သတင်းမီဒီယာမှာ ပေါ်ပေါက်လာတယ်။ အဲသည်မှာလည်း ပါဝင်ခဲ့ပါသလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး အတွက် အင်္ဂါမိသားစု အမည်နှင့် အင်္ဂါနေ့တိုင်း အင်္ဂါထောင့်တွင် နေ့လည် တစ်နာရီခွဲ အချိန်တိုင်း ဒေါ်နော်အုန်းလှ ဦးဆောင် ပြုလုပ်တဲ့ဆီမှာ ကျွန်မ ပါဝင်လက်တွဲခဲ့ပါတယ်။ အဲဒီအချိန် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အတားအဆီး အခက်အခဲမှန်သမျှ ကျော်ဖြတ်ခဲ့ရကြပါတယ်။

မေး။ ။ ဆုတောင်းတဲ့ လှုပ်ရှားမှုတွေအပြင် တောင်းဆိုမှုတွေကော လှုပ်ရှားခဲ့တာတွေ ရှိပါသလား။

ဖြေး ။ အဲဒီနောက် စက်တင်ဘာ ၂၇၊  ၂၀၀၄ ခုနှစ် ရက်နေ့မှာ ရန်ကုန်မြို့ U.N.D.P ရုံးကို သွားရောက်ပြီးတော့ အချက်(၃)ချက်ကို ဒေါ်နော်အုန်းလှ အပါအဝင် (၃၅) ဦး သွားရောက်တောင်းဆိုခဲ့ပါတယ်။

မေး။ ။ ဘာတွေ တောင်းဆိုခဲ့ပါသလဲ။

ဖြေ။ ။ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ နိုင်ငံတကာက မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး တောင်းဆိုခဲ့တာတွေလည်း ပါဝင်ပါတယ်။ ပထမ တချက်ကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကုလသမဂရုံးရှေ့မှာ မြန်မာနိုင်ငံအတွက် အစာငတ်ခံဆန္ဒပြနေကြသောအဖွဲ့တွေကို ယူအန်က လစ်လျူရှုထားခြင်းမပြုဘဲ သူတို့တောင်းဆိုချက်များကို တွေ့ဆုံညှိနှိုင်းသင့်ပါကြောင်း။ ပြီးတော့  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ ဆန္ဒပြသူ (၃၀) ဦးကျော်ကို ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့အတွက် ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂရုံးအနေနဲ့ သွားရောက်ကြည့်ရှုသင့်ပါကြောင်း၊ ပြီးတော့ နောက်ဆုံးတချက်အဖြစ် ကုလသမဂ္ဂအနေနဲ့ ၉၀ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အသိအမှတ်ပြုထားပြီးဖြစ်သည့်အတွက် ဆက်လက် အကောင်ထည်ဖေါ်ဆောင်ရွက်ပေးပါရန် တို့ကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ အဲသည်အတွက် ဘယ်လိုမျိုး ရလဒ်တွေ ရရှိခဲ့သလဲ။

ဖြေး ။ အဲသည်အတွက် ဒေါ်နော်အုန်းလှအပါဝင် (၃၅) ဦးတို့ကို ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ကနေပြီး  ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ညွှန်ကြားချက်အဖြစ် အဖွဲ့ချုပ်ရဲ့ တာဝန်အသီးသီးက ၁ နှစ် ရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။  ရန်ကုန်တိုင်းအတွင်းရေးမှူးဖြစ်သူ ဒေါက်တာဦးဝင်းနိုင်မှ စာအမှတ် (၀၃၃) ရကတနဲ့ ၁ ရက် အောက်တိုဘာ ၂၀၀၄ မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

မေး။ ။ စစ်အစိုးရရဲ့ ဖမ်းဆီး စစ်ဆေးခံခဲ့ရတာတွေကော ရှိပါသလား။

ဖြေ။ ။ အောက်တိုဘာ ၃၊ ၂၀၀၉  ခုနှစ်မှာ နေ့မှာ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး စက်တင်ဘာ ရွှေဝါရောင် နှစ် နစ်ပြည့် အဖြစ် သီတင်းကျွတ်လပြည့်နေ့၊ ဒဂုံမြို့နယ်မကွေးစာသင်တိုက်မှာ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်ပြီးပြန်လာတဲ့ ဒေါ်နော်အုန်းလှအပါဝင် အမျိုးသမီး (၄) ဦးကို သင်္ဃန်းကျွန်းမြိုနယ် စံပြဈေးထဲမှာ  အာဏာပိုင်တို့ရဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရပါတယ်။ ငမိုးရိပ်စံပြရပ်ကွက် ရထားရုံးကနေ ခြောက်ထပ်ကြီးစစ်ကြေားရေးကို ခေါ်ဆောင်သွားပြီးတော့ ၃ ည နဲ့ ၁ မနက် တိုင်တိုင် မအိပ်စေရဘဲ စစ်ဆေးမေးမြန်းတာတွေကို ခံခဲ့ရပါတယ်။

မေး။ ။ အဲသည်နောက်မှာ စစ်အစိုးရက ထောင်သွင်းအကျဉ်းချခဲ့ပါသလား

ဖြေး ။ အောက်တိုဘာ ၇ ရက် ၂၀၀၉  ခုနှစ်မှာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။ ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းမှာတော့ အင်းစိန်ထောင်အတွင်း အထူးတရားရုံးတော်မှာ ရုံးတင် စစ်ဆေးခြင်းပြီး အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၀ ဖေဖော်ဝါရီ ၁၅ မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၆ မှာတော့ ဒေါ်နော်အုန်းလှကို တောင်ငူထောင်၊ မစန်းစန်းမြင့်ကို သာယာဝတီထောင်၊ မချိုချိုလွင်ကို ပြည်ထောင်၊ ကျမ မချိုချိုအေးကို ရမည်းသင်းထောင် ဆိုပြီး တကွဲတပြား ထောင်ချထားခဲ့ပါတယ်။

မေး။ ။ ဒေါ်နော်အုန်းလှနဲ့ ပတ်သက်ပြီး မိမိရဲ့ သဘောထားကို ပြောပြပါ။

ဖြေ။ ။ မနော်နဲ့ တွဲပြီး လုပ်ဆောင်ခဲ့တဲ့အတွက် သူ့စိတ်ဓါတ်ကို ပိုပြီး သိလာရပါတယ်။ အင်္ဂါဆုတောင်းပွဲတွေမှာ အာဏာပိုင်တွေရဲ့ တားဆီး ဖိနှိပ် တာတွေ၊ နှိမ်နင်းတာတွေဟူသမျှကို ရင်ဆိုင် ဖြေရှင်းခဲ့တယ်။ အားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် မဆုတ်မနစ် ကြိုးစားပြီး သွားခဲ့တယ်လို့ ပြောချင်ပါတယ်။  စကားပြောရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိပါတယ်။ သူ့ကို တာဝန်ပေးသည်ပဲဖြစ်ဖြစ် သူလုပ်သင့်တယ်လို့ ထင်တဲ့ကိစ္စများကိုလည်း မညီးငြူဘဲလုပ်ဆောင် ပါတယ်။ ကားတိုက်မှုဒဏ်ကြောင့် ခါးရိုးမကောင်းပေမယ့် နိုင်ငံရေးတာဝန်များကို ရပ်ဆိုင်းမသွားဘဲ အခုအချိန်အထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံ့အရးကို သူသေမှပဲ ရပ်မယ့် လူစားမျိုးလို့ ပြောချင်ပါတယ်။ သူနဲ့ ရဲဘော်အဖြစ် မိတ်ဆွေအဖြစ် ရပ်တည်လက်တွဲရတဲ့အတွက် ကျမ ဂုဏ်ယူပါတယ်။


Comments