Cho Tu Zaw - Another Coup in Burma

စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် …
ချိုတူးဇော်၊ ဇန်န၀ါရီ ၈၊ ၂၀၁၁
ကျနော်တို့ မြန်မာပြည်ဟာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အတူ ကမ္ဘာတခြမ်းပြဋ္ဌာန်းခဲ့တဲ့ သင်ရိုးညွှန်းတမ်းဟောင်းကြီးကို ပထမဆုံး ရုန်းထတော်လှန်ခဲ့တဲ့ တိုင်းပြည်ပါ။ ၈၈၈၈ အရေးတော်ပုံကြီးဟာ မြန်မာပြည်တနံတလျား မြို့ရွာကျေးလက်များမကျန် ပြည်သူ တရပ်လုံးပါဝင်ခဲ့တဲ့ တကယ့်ကို မြန်မာပြည်သူတွေ နိုင်ငံရေးအမြင်မှာ နောက်မကျဘူး ဆို တာကို ကမ္ဘာကို ပြသခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ပါတယ်။  မြန်မာပြည်သူတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကိုချစ်တဲ့သူတိုင်း ၈၈၈၈ အရေးတော်ပုံ ကို တန်ဖိုးထားဖို့၊ စစ်မှန်စွာဖေါ်ထုတ်ဖို့လိုအပ်ပါတယ်။
ခုဆို. . . ၂၃ နှစ်ကျော်သွားပါပြီ။ ကျနော်တို့နောက်မှ ပြုပြင်ပြောင်းလဲမှုတွေကို ကမန်းကတမ်းလိုက်လုပ်တဲ့ ဗီယက်နမ်တို့၊ တရုတ်တို့၊ လာအိုတို့ ကျနော်တို့ကို ကျော် တက်သွားခဲ့ကြပြီ။
အရှေ့ဥရောပနိုင်ငံတွေ၊ ဆိုဗီယက်နိုင်ငံတွေ၊ တကမ္ဘာလုံး ပြုပြင်ပြောင်းလဲ ရွေ့လျားခဲ့ကြပြီ။ ကျနော်တို့ ကျန်ခဲ့ကြတယ်။ ကျနော်တို့. . . ဘာတွေပဲဖြစ်ခဲ့၊ ဖြစ်ခဲ့၊ ဒီအချိန်မှာ. .  တကယ့်ကို စစ်စစ်မှန်မှန် ပေါင်းစည်းဖြေရှင်း လက်တွဲသင့်ပြီ။
စစ်တပ်က နောက်တကြိမ်အာဏာပြန်သိမ်းမယ် ဆိုရင်... တကယ်ထိခိုက်နစ်နာမှာက အဲဒီ စစ်အာဏာရှင်တွေပဲ ဆိုတာ သိဖို့လိုပါလိမ့်မယ်။
ခုချိန်ထိ ပြည်သူလူထုက ဘာမှ မရသေး ပါဘူး။ နိုင်ငံရေးအကျဥ်းသားတွေလည်း ထောင်ထဲမှာပဲ ဆက်ရှိနေသေးတယ်။ ဘာရွေးကောက်ပွဲ၊ ဘာအာဏာမှလည်း ပြည်သူ့လက်ထဲ စိုးစဉ်းမျှ မရသေးဘူး။ ဒီလိုအခြေအနေမှာ စစ်တပ်က အာဏာပြန်သိမ်းမယ်ဆိုရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာထက်တောင် မိုက်မဲရာကြသွားလိမ့်မယ်။
ပြုပြင်ပြောင်းလဲလာပြီလို့...ကမ္ဘာက အသိအမှတ် စ ပြုလာရာကနေ.. စစ်အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတနိုင်ငံအဖြစ်ကို . .လုံးလုံးလျားလျား  ပြန်လျှောကျသွားပါလိမ့်မယ်။
ကျနော်တို့ကတော့ ဒုံရင်းဒုံရင်းပဲ။ ခင်ဗျားတို့သာ အကြီးအကျယ်ရှုံးသွားမှာ။ ဒါကို စစ်ဗိုလ်ချုပ်ကြီးများလည်း သိလောက်ပါတယ်။
မဆလ ခေတ်က ဦးနေ၀င်း ဟာ ၁၀၀ တန်ကို သိမ်းပြီး တနှစ်မပြည့်ခင်မှာပဲ ၇၅ ကျပ်တန် ကို ဇွတ်သိမ်းခဲ့တယ်။ တိုင်းပြည်ဟာလည်း ၂၆ နှစ် အုပ်ချုပ်ခံရပြီးတဲ့အချိန်မှာ LDC အကြေညာခံလိုက်ရတယ်။ လူထုရဲ့ရင်ထဲက မကျေနပ်မှုဟာ ဘယ်လို ရက်ရက်စက်စက် နှိမ်နှင်းနှိမ်နှင်း ချိုးနှိမ်မသွားခဲ့တော့ဘူး။
အဲဒီကာလတွေမှာ ဦးစိန်လွင် တက်လာတဲ့နောက်မှာ ဘယ်လောက် ကြမ်းကြမ်းကြုတ်ကြုတ် ဖိနှိပ်ခဲ့တယ် ဆိုတာ အဲဒီကာလကို ဖြတ်သန်းခဲ့တဲ့ သူတိုင်း သိကြပါတယ်။ ဒါပေမယ့် အရမ်းကို နာကြဉ်းနေတဲ့ ပြည်သူလူထုကြီးဟာ တဖွဲဖွဲပစ်နေတဲ့ ကျည်ဆံတွေကြားထဲမှာပဲ အဲဒီ အစိုးရတွေကို ရအောင် ဖြုတ်ချနိုင်ခဲ့တယ်။
၈၈၈၈ စိတ်ဓါတ်ဆိုတာ အဲဒါပဲ။ ခုလည်း ပြည်သူလူထုရဲ့မျှော်လင့်ချက်ဟာ အရမ်းကိုကြီးမားနေပြီ။ ပြည်သူလူထုဟာတိုင်းပြည်ကို ဆင်းရဲတွင်းက တကယ်လွတ်မြောက်ချင်နေပြီ။ ဒီအခြေအနေမှာ စစ်တပ်က အာဏာပြန်သိမ်းလိုက်လို့ကတော့ အဲဒီစစ်တပ်ဟာ ကိုယ့်သေ တွင်းကိုယ်တူးလိုက်တာပဲ လို့ပဲ ကျနော်တော့မြင်ပါတယ်။
မြန်မာပြည်ရဲ့. . . ပြဿနာအ၀၀ကို အကောင်းဆုံးဖြေရှင်းရမယ့် နည်းလမ်းက ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာပေးဖို့၊ အမျိုးသားပြန်လည်ပေါင်းစည်းသင့်မြတ်ရေးကို ရအောင်တည်ဆောက်ကြဖို့ပါ။
ခု ကောင်းနေတဲ့ အခြေအနေလေးကို..မြဲအောင်၊ တည်အောင်၊ တိုးတက်အောင်ကြိုးပမ်းဖို့ဆိုရင်..
နိုင်ငံရေးအကျဉ်းသားတွေ ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုတယ်။
တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့လိုတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဥပဒေကို အသိအမှတ်ပြုပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်တယ် ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ထားတဲ့၊ ပြည်သူရွေးကောက်တင်မြှောက်ခံရမှုကို တခဲနက်ရထားတဲ့ အန်န်အယ်လ်ဒီအနေနဲ့ အစွမ်းကုန်လိုက်လျောထားတာဖြစ်သလို၊ အဲဒီ အန်န်အယ်လ်ဒီကို ထောက်ခံမဲထည့်ခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှုနဲ့ အစွမ်းကုန် လိုက်လျောထားတာဖြစ်ပါတယ်။
ဒါ နှစ်ဘက်စလုံးအတွက် တကယ့်ကို အပြုသဘောဆောင်တဲ့ လိုက်လျောမှုတွေဖြစ်ပါတယ်၊ ဒီအခြေအနေဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့ကိုတကယ်လိုချင်တဲ့ တပ်မတော်သားတွေအပါအ၀င် မြန်မာပြည်သားတိုင်း လိုလားတဲ့အခြေအနေပါ။
ဒါကို နားလည်စေချင်ပါတယ်။ ကျနော်တို့ တိုင်းပြည်ကြီး နောက်ကျသထက် နောက်ကျ၊ အောက်ကျ နောက်ကျ ဆိုတဲ့ စကားအတိုင်းပဲ နောက်ကျတဲ့အလျောက် အောက်ကျနေရပါပြီ။ အားလုံး ပြေလည်ဖို့ ကြိုးစားကြပါစို့ဗျာ။
နိုင်ငံရေးသမားတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပါ။



Comments