Cho Tu Zaw - History should not repeat on the ugly side

၈၈၈၈ ဆိုတာ သမိုင်းမှာပဲ ကျန်နေခဲ့ဖို့လိုပါပြီ
နောက်ထပ်တကျော့ ပြန်မလာပါနဲ့တော့ဗျာ. . .
ချိုတူးဇော်၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၂
၈၈ ဆိုတာ . . . အမေပေါင်းများစွာရဲ့ မျက်ရည်တွေနဲ့တည်ဆောက်ခဲ့တာ။ ဒီလို နှလုံးကြွေပြုန်းပြီး ဆုံးရှုံးခဲ့တဲ့ အမေတွေ ဘယ်နှယောက်ရှိပါ့မလဲ။  လွယ်လွယ်ကလေးနဲ့ ဘာမှ မဟုတ်ပါဘူး လို့ ပြောတဲ့သူတွေဟာ အဲဒီ သမိုင်းစာမျက်နှာမှာ ဘယ်နားမှာမှ မပါခဲ့တဲ့သူတွေ၊ ဒါမှမဟုတ် ဖိနှိတ်တဲ့သူတွေဘက်က ရပ်တည်ခဲ့တဲ့သူတွေပဲ ဖြစ်လိမ့်မယ်။
တိုင်းလုံးကျွတ်၊ ပြည်လုံးကျွတ်ခံစားခဲ့ရတာ … ခုချိန်မှာ ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားတည်ဆောက်နေပြီ၊ နောက်ကြောင်းကို ပြန်မလှည့်တော့ဘူး လို့ တွင်တွင်ပြောတဲ့ အခါမှာ အစိုးရအနေနဲ့ ဒီလိုစနစ်ကြီးအောက်မှာ ပေးဆပ်ခဲ့ရ စတေးခဲ့ရတဲ့ ပြည်သူတွေရဲ့ အဖြစ်အပျက်သမိုင်းကြောင်းမှန်တွေကို အမှန်အတိုင်း ပြန်လည်ထုတ်ဖေါ်ခွင့်တွေ ပြုဖို့လိုပါတယ်။
သမိုင်းကို လိမ်ညာထားတာဟာ တိုင်းပြည်အရမ်းနာပါတယ်။
ခု တိုင်းပြည်မှာ တပ်မတော်နဲ့ပြည်သူနဲ့ကြားက ကွာဟမှု၊ ခြားနားမှုဟာ၊ အပြန်အလှန် နားလည်မှု တည်ဆောက်ရခက်ခဲရတာတွေဟာ သမိုင်းကိုလိမ်ခဲ့လို့ပါ။  
သမိုင်းစစ် သမိုင်းမှန်ကို ဖေါ်ထုတ်ကြဖို့လိုပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ သူတွေကလည်း အပြစ်တွေကို ၀န်ချတောင်းပန်ကြဖို့လိုပါတယ်။
နစ်နာဆုံးရှုံးခဲ့တဲ့သူတွေကိုလည်း နစ်နာဆုံးရှုံးခဲ့တဲ့အလျောက် ပြန်လည်စောင့်ရှောက်ကြဖို့လိုပါတယ်။
ဒီစနစ်မှာ ဒီလိုပြည်သူတွေ မျက်ရည်မစဲဖြစ်နေကြတဲ့ စနစ်မှာပဲ တချိန်တည်း ဒီစနစ်မှာပဲ ကျိကျိတက်ချမ်းသာသွားအောင် တည်ဆောက်သွားတဲ့ သူတွေ ရှိခဲ့တယ်။
ဒီစနစ်မှားခဲ့တယ်၊ ဒီစနစ်ကိုနောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုရင်၊ တောင်းပန်တာတွေ
သမိုင်းစစ် သမိုင်းမှန်တွေကို ဖေါ်ထုတ်ကြတာတွေ၊ နစ်နာသူတွေကို ပြန်လည်စောင့်ရှောက်ကြတာတွေပါမှ အဘက်ဘက်က ပြည့်စုံလုံခြုံတဲ့ အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။
(ရဲဘော်မြတ်ရဲ့ အမှတ်တရဆောင်းပါးကို ဖတ်ပြီး ရေးတဲ့စာကို ဖေ့စ်ဘွတ်က ပြန်လည်ရယူ တင်ဆက်တယ်)

Comments