Cho Tu Zaw , Min Kyaw Khine - 88 Rebound


၈၈ မျိုးဆက် ခွပ်ဒေါင်း မော်ကွန်း
ချိုတူးဇော်၊ သရုပ်ဖော် မင်းကျော်ခိုင်၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
သူတို့ကို မြင်တာနဲ့ ခွပ်ဒေါင်းအလံတော်ကို မြင်လာတယ် . . .
ခွပ်ဒေါင်းအလံတော်ကိုမြင်ရင် သူတို့ကို မြင်လာတယ် . . .

ခွပ်ဒေါင်းအလံတော် ဆိုတာ . . .
ကိုလိုနီခေတ်က လူမျိုးခြားကျွန်ဘဝမှာ . . .
ငါတို့သမဂ္ဂအလံတော်ကို
ငါတို့အမျိုးသား ကဒေါင်းအလံ သုံးခွင့်မပြုနိုင်ဘူးလို့
တားမြစ်ချုပ်ချယ်ခဲ့တဲ့အတွက်
ငါတို့ဘိုးဘွားတွေက . . . ရတဲ့နည်းနဲ့ ဖန်တီးဖီဆန်ခဲ့ကြတဲ့ ခွပ်ဒေါင်း . . .။


ခွပ်ဒေါင်း ဆိုတာ . . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ
မတရားမှုမှန်သမျှကို
ဆန့်ကျင်တော်လှန်တယ်. . .
အဲဒီအလံတော်ထဲမှာ ခွပ်ဒေါင်းက စက်ဝိုင်းကို ဖောက်ထွက်နေတာ . . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ ဖောက်ထွက်ဆန့်ကျင်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ . . . ။

ဟုတ်တယ် . . . သူတို့ဟာ ငါတို့ခေတ်ရဲ့ ခွပ်ဒေါင်းတွေ . . .
ကာလများစွာ . . . သမိုင်းစာမျက်နှာမှာ ပျောက်ရှနေတဲ့
ခွပ်ဒေါင်းကို မန်းမှုတ် . . .
အသက်သွင်းပေးခဲ့တဲ့သူတွေ . . .
အဲဒီ ခွပ်ဒေါင်းကြီးက . . . ကျောင်းပရဝုဏ်ကနေ ပျံဝဲ . . .
မြန်မာပြည် မှိုစွဲသလို စွဲနေတဲ့
အာဏာရှင်စနစ်ကို ဆုတ်ဖြဲပစ်လိုက်စေခဲ့တယ် . . .
ရှစ်လေးလုံး တဲ့ ဟေ့ ။

၈ ၈ ၈ ၈ ဆိုတာ . ..
အဲဒီ ခွပ်ဒေါင်းတွေက မွေးဖွားခဲ့တာ . . .
ခု ခွပ်ဒေါင်းတွေ ပျံလာပြီ . . .
မြန်မာပြည်ရဲ့ အချုပ်အနှောင် အတားအဆီး
အဓမ္မမှန်သမျှ အံတုကြမယ့်
၈၈ မျိုးဆက် ခွပ်ဒေါင်းတွေ . . . . .။ ။

မင်းကျော်ခိုင် ဖေ့ဘွတ်က ကူးယူဖော်ပြပါတယ်။

Comments