အခြေခံဥပဒေပြင်ရန် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Yangon Press International
ထားဝယ်၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၂
ထားဝယ်မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်တွင် ကြိုဆိုသူ လူအုပ်ကြီးအား နှုတ်ဆက်နေသည်ကိုတွေ့ရစဉ်
Yangon Press International
ထားဝယ်၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၂

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် အဖြစ် ထားဝယ် မြို့သို့ ရောက်ရှိစဉ်အတွင်း ပြောကြားသည့် မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ၀င်သည့် အဓိက ဦးတည်ချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အထဲမှ ပြည်သူများ အကျိုး မဖြစ်စေသည့် အပိုင်းများအား ပြုပြင်ရန် ဖြစ်ကြောင်း ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့ အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခု ဆိုပြီးတော့ သတ်မှတ် ထားတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပြည်သူတွေကို အကျိုး မဖြစ်စေတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပဲ။ ဒါ ကျမတို့ လုပ်ကို လုပ်ရမယ်” ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ NLD ၏ သဘောထားကို ထားဝယ်မြို့၌ ပြောကြားသွားသည်။
ထို့ပြင် နိုင်ငံရေးပါတီတရပ်အနေဖြင့် ပြည်သူနှင့် နီးနီးစပ်စပ် နေနိုင်မှ အရည်အချင်း ရှိသည့် ပါတီတရပ် ဖြစ်မည်ဟုလည်း ပြောဆိုသွားသည်။
“ကျမတို့အခု တနင်္သာရီကို ဆင်းလာရတဲ့ အကြောင်းရင်းကတော့ ပြည်သူနဲ့ ပြန်ပြီး နီးစပ်ဖို့ပဲ ဖြစ်တယ်” ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ယနေ့ လာရောက်သော ခရီးစဉ်တွင် ထားဝယ်မြို့သာမက လောင်းလုံမြို့၊ မောင်းမကန် ကမ်းခြေတို့အထိ သွားရောက်ခဲ့ရာ ယင်းခရီးစဉ် တစ်လျှောက် ပြည်သူ သောင်းနှင့်ချီ၍ စုဝေး၍ လိုက်ပါခဲ့ကြသည်ကို တွေ့ရသည်။
လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၅၀ ကျော်ရှိ လစ်လပ်နေရာ ၄၈ အနက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမဲဆန္ဒနယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်စိုး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များရွေးချယ်ခြင်းနှင့် ပက်သက်၍ “လုပ်ပေးချင်တဲ့စေတနာရှိရုံနဲ့ မပြီးပါဘူး။ လုပ်တတ်ကိုင်တတ်မှ ဒီစေတနာကို အကောင်အထည်ဖော်နိုင်မှာပါ” ဟု ထားဝယ် NLD ရုံးခွဲတွင် ပြောကြားသောမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
“ အခုလိုမျိုး လာလိုက်တော့ လူတွေရင်ထဲမှာ ရင်းရင်းနှီးနှီး ရှိသွားတာပေါ့။ နောက် Generation တွေက တစ်ခါမှ မတွေ့ဖူးဘူးလေ။ အဓိက ကတော့ မဲဆွယ် ဖို့လာတာပေါ့လေ။ ခုလိုမျိုး လူထုအားပေးမှုနဲ့ ဆိုရင်တော့ နိုင်မယ် ထင်ပါတယ်” ဟု ထားဝယ်ဒေသခံ အမျိုးသမီးငယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်နှင့် ပက်သက်၍ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ခရီးစဉ်တွင် ထားဝယ်မှ တဆင့် လောင်းလုံမြို့နယ် အောက်ရေဖြူကျေးရွာ၊ ထိုမှ မောင်းမကန်သို့ နေ့လည် တစ်နာရီခန့်တွင် ရောက်ရှိပြီး ညနေ (၃) ခွဲ ၀န်းကျင်ခန့်တွင် ထားဝယ်မြို့သို့ ရောက်ရှိကာ ဗိုလ်ချုပ်လမ်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက်တွင် ညနေလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်လာပြီးနောက် ပဲခူးမြို့ခရီးစဉ်သည် ရန်ကုန်မြို့ပြင်ပသို့ ပထမဆုံး သွားရောက်သည့် ခရီးစဉ်ဖြစ်၍ ယခု ထားဝယ်ခရီးစဉ်သည် နယ်လူထုနှင့် ထိတွေ့သည့် ဒုတိယမြောက် ခရီးစဉ် ဖြစ်သည်။
Comments