သူရဲကောင်းတွေ ပြန်လာပြီ
သူရိန်ထက်
ဇန်န၀ါရီ ၁၄၊ ၂၀၁၂
ဇန်န၀ါရီ ၁၄၊ ၂၀၁၂

သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
ခရီးရှည် ခယောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။
သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။
သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။
သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။
သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းငါးဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ ပြန်လာပြီ။
ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့ ......။
Comments