Maung Gyi Nyein Chan - The Anonymous


“အညတရများ”

မောင်ကြီးငြိမ်းချမ်း။ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂

မမ ၀င်းမော်ဦး
ဘယ်ဘ၀မှာလည်း ကျနော် မမေးရက်ပါဘူး
မမ မိဘတွေ အမျှဝေတာ မရှိသေးပေမယ့်
တချို့တွေကတော့ ရေစက်တောင်ချပြီးပြီ။

ရန် ငါ စည်းပြတ်တဲ့
မျိုးဆက်သစ်တွေ အတက်မှာ
တွေဝေနေတဲ့ လင်းတအိုတွေ ကောင်းကင်မှာ ၀ဲသလိုမျိုး
တိုင်းပြည်က ချောက်ထဲ နက်သည်ထက် နက်တော့မှာ မမ ရေ။

ဝမ်းနည်းခြင်းဆိုတဲ့ အမှတ်တရနေ့တွေမှာ
နာကျည်းခြင်းဆိုတဲ့ နှလုံးသားကို
လတ်တလော သေသွားတဲ့သူရဲ့နှလုံးသားနဲ့
သူတို့ အစားထိုးပြီး ပျော်ဖို့ကြံနေတာ ကျနော်သိတယ် မမ ရေ။

အညတရဆိုတဲ့ ကျနော်တို့ဟာ
ပေးဆပ်ခြင်း သက်သက်ဆိုပေမယ့်
သိသင့်သလောက်တော့ သိပါတယ်
ကျောင်းသားတွေ အမေမှ ငိုတတ်တယ်ဆိုရင်
ကျနော်တို့အညတရတွေက ဥက ပေါက်တာမှ မဟုတ်တာ မမ ရေ။

 အချိန်ဆိုတာကို ပေးဆပ်ပြီးမှ
လူ ဆိုတာကို သိတတ်တဲ့ သဘာဝပေမို့
ကျနော်တို့ ညံ့ခဲ့တာလား
ကျနော်တို့ အလိမ်ခံရတာလား
စနစ် ကပဲ မှားခဲ့တာလား

ဘာပဲဖြစ်ဖြစ် ပေါ့ မမ ရေ…..

ညစ်ပတ်တဲ့ လက်ကို လက်ဆွဲနှုတ်ဆက်ပြီဆိုရင်
ကျနော့်ကို ကျနော် လက်သန့်ပါတယ်လို့ မမ ကို ကျနော် မပြောတော့ဘူး
အမျှမဝေရသေးလို့ ဘယ်ဘ၀ ရောက်ရောက်
စစ်တပ်က ပစ်သတ်ခဲ့တယ်
စစ်တပ်က သွေးခွဲခဲ့တယ်
စစ်တပ် မုဒိန်းကျင့်ခဲ့တယ်
စစ်တပ် နှိပ်စက်ခဲ့တယ်
စစ်တပ် မျိုးပြုတ်သုတ်သင်ခဲ့တယ်
ဒါတွေကို ကျနော်က မမ ကို သက်သေထား ပြောနေအုံးမှာပဲ။         ။

Comments

MON said…
We don't forget Win Maw Oo and the others. We will never forget them....