More visitors to Burma, pressing for lifting sanctions

မြန်မာပြည်သို့ လည်ပတ်သည့်ပြည်ပဧည့်သည်ဦးရေ များပြား၊ ပိတ်ဆို့မှုဖွင့်ပေးရေး ဖိအားသဖွယ်ဖြစ်
မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
၂၀၁၂ ဇန်န၀ါရီလဆန်းမှစတင်ပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည်ဦးရေ များစွာတိုးတက်လာသည်ဟု မြန်မာပြည်သို့ လေ့လာရေးထွက်ခဲ့သည့် NPR ရေဒီယိုသတင်းထောက်က ၎င်းသတင်းဆောင်းပါးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာပြည်တွင်းသို့ ဧည့်ဗီဇာဖြင့် လာရောက်သည့် ပြည်ပခရီးသည်များ တိုးတက်လာကြောင်း၊ လက်ရှိအစိုးရကိုယ်တိုင်ကလည်း ၂၀၁၂ ကို ခရီးသွားနှစ်သဖွယ် ဖြစ်လာအောင် ကြိုးစားပြင်ဆင်နေပုံရကြောင်း၊ အာဆီယံဆိုင်ရာ လုပ်ငန်းများ၊ ညီလာခံများသာမက အခြားနိုင်ငံများက လေ့လာရေးအဖြစ် ၀င်ရောက်လာသည့် ဧည့်သည်များ အစုအဖွဲ့များကိုလည်း မြန်မာအစိုးရက ကောင်းမွန်စွာ လက်ခံနေကြောင်း အဆိုပါ ရေဒီယိုသတင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံခြားသတင်းထောက်များ၊ လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သည့် အစုအဖွဲ့များကို သိန်းစိန်အစိုးရနှင့် ရွှေမန်းလွှတ်တော်က လက်ခံတွေ့ဆုံသည့် အကြိမ်အရေအတွက်သည် အဆိုပါပုဂ္ဂိုလ်တို့ အတိုက်အခံများနှင့် တွေ့ဆုံသည့်အကြိမ်ထက် ပိုမိုများပြားသည်ဟု သတင်းသုံးသပ်သူက ပြောဆိုသည်။
နိုင်ငံတကာက ဧည့်ပရိသတ်လာရောက်လည်ပတ်မှု များပြားလာခြင်းသည် လက်ရှိအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းဖို့ ဖိအားသဖွယ် တွန်းအားသဖွယ် ဖြစ်နေသည်ဟု မြန်မာပြည်တွင်းရှိ မြန်မာအီးဂရက်က ဦးဆောင်သူတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောဆိုကြောင်း သတင်းဆောင်းပါးတွင် ကောက်နုတ်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ အရပ်ဝတ်ကြံ့ဖွံ့ပါတီ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံနိုင်ငံရေးအင်အားစုများကို လွတ်လပ်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ကြောင့် မြန်မာပြည်သည် တိုးတက်သည့် အပြောင်းအလဲကို ရှေ့ရှုနေပြီဟု အမေရိကန်၊ ဗြိတိန်နှင့် အီးယူရှိ အစိုးရပိုင်းနှင့် နိုင်ငံရေးသမားအချို့က သုံးသပ်လျက်ရှိသည်။
(Photo, AFP, Getty Images - 2012, February, Burmese exile, Ko Aung Naing Oo seen with family at his return)

Comments