ကျနော် စိတ်အချဉ်ပေါက်ခြင်း
ဖိုးထက်
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၂
အခုတစ်လော ကျနော့်စိတ်တွေ ဖောက်ဖောက်နေသည်ဟုပြောလျှင် ရူးတော့မှာပေါ့ဟု ထင်စရာရှိသည်။ ကျနော်ဆိုလိုချင်သော သဘော က စိတ်အချဉ်တွေပေါက်နေမိချင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၂
မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ရတာ အရာရာမှာ စိတ်အချဉ်ပေါက်စရာတွေ မနည်းမနော ရှိမည်ထင်သည်။ ကျနော်တို့လို နိုင်ငံခြားမှာ အလုပ်ထွက်လုပ်သူတွေအတွက် မြန်မာနိုင်ငံသား Passport အနီလေးကိုကိုင်ပြီး အလုပ်လုပ်ရသည်မှာ စိတ်အချဉ်ပေါက်စရာတွေ များ လှသည်။
သံယံဇာတများတယ်ကွ..ကျနော် စိတ်အချဉ်ပေါက်တယ်။ မေတ္တာတရားနဲ့ ပြီးပြည့်စုံတဲ့ ဗုဒ္ဒဘာသာနိုင်ငံဘဲ..စိတ်အချဉ်ပေါက်တယ်။ ဘုရားစေတီ ကျောင်းကန်တွေနဲ့ ခင်မင်တတ်တဲ့ လူမျိုးတွေ နေတဲ့ နိုင်ငံကွ..ကျနော် စိတ်အချဉ်ပေါက်တယ်..မြန်မာနိုင်ငံမှာ ငါတို့သွားလည်ရင် စိတ်ချရပါ့မလားလို့ စိုးရိမ်စိတ်နဲ့ နိုင်ငံခြားသားတွေ လာမေးရင် စိတ်အချဉ်ပေါက်တယ်။
ကျနော် သီးမခံနိုင်လောက်အောင် စိတ်အချဉ်ပေါက်ဆုံးက မြန်မာနိုင်ငံသားတစ်ချို့ ပြုမူနေထိုင်ပုံတွေ။ ဒီမယ် ခင်ဗျားစဉ်းစားကြည့် ဘယ်နိုင်ငံသားမဆို သူ့နိုင်ငံသူ ချစ်ကြတဲ့သူချည်းဘဲ။ ဒါလောက နိယာမဘဲမို့လား။ သဘာဝလဲ ကျတယ်။
ကျနော်တို့ နိုင်ငံကို ညှပ်ထားတာ တရုတ်ကြီးနဲ့ ကုလားကြီး။ တရုတ်ကြီးကလဲ တရုတ်တွေ ကောင်းစားဖို့ ကျနော်တို့ဆီကနေ ဘာရနိုင်သလဲ ကြည့်မှာဘဲ မို့လား။ ဒါကို သွားပြီး ကျနော်တို့က အပြစ်ပြောလဲ အရူးပေါ့ဗျာ။ ကြားထဲကမှ ယန်းကီးတွေ လာလာပြီး ကယ်တင်မှာလိုလို၊ ရှေ့ဆောင်လမ်းပြလုပ်မှာလိုလို လုပ်တာလဲ စေ့စေ့ကြည့်ပြီး မေးချင်တယ်။ ရိုးသားလားလို့။ ကျနော်ကတော့ ဘယ်နိုင်ငံကမှာ သူများနိုင်ငံကို အခွင့်အရေး၊ အခွင့်အလမ်းမရဘဲ အကူအညီ အများကြီး မပေးနိုင်ဘူး။ မပေးဘူး။ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ သူချည်းဘဲ။
နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းက ကိုယ့်တာဝန် ကိုယ်ယူရမှာ။ ကျနော် ဒီလိုပြောလို့ သောက်ကြီးသောက်ကျယ်ကွာလို့ ခင်ဗျား ထင်ချင် ထင်မယ်။ ဒီမယ်..ကျနော် ပြောတာက လမ်းဆုံလေးခွထွက်ပြီး အစိုးရဆန့်ကျင်ပြဖို့ ပြောတာမဟုတ်ဘူး။ အနည်းဆုံး နိုင်ငံသား တာဝန်ဖြစ်တဲ့ ကိုယ့်နိုင်ငံ ဘာဖြစ်နေတယ်။ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူး ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ နိုင်ငံသားတစ်ယောက်ကတော့ ခင်ဗျား အမြဲဖြစ်အောင် ကြိုးကို ကြိုးစားနေရမှာ။ ဒါဆို မင်းကတော့ သိတယ်ပေါ့လို့ ခင်ဗျားက အငေါ်တူးချင် တူးမယ်။ ကျနော်သိအောင် ကြိုးစားတယ်။ အဲဒီလို ကြိုးစားနေဖို့က ခင်ဗျားတို့ ကျနော်တို့ တာဝန်မို့လား။ ကိုယ့်နိုင်ငံက ဘာဖြစ်နေတယ်။ သူများနိုင်ငံတွေက ဘယ်လို ဆိုတာ စိတ်မ၀င်စားလဲ ၀င်ကို ၀င်စားရမယ်။ ဒါ နိုင်ငံသားတိုင်း တာဝန်ဘဲလို့ ကျနော် ယူဆတယ်ဗျာ။
ဟိုတစ်နေ့က ကျနော် စိတ်ထဲ ထောင်းခနဲ့ကို လူတစ်ဖက်သားကို ဒေါသတွေ ထွက်သွားတယ်။ အဲဒီကောင်လေးက အင်ဂျင်နီယာဘွဲ့ရပြီးသား။ အညာသား။ နေပုံထိုင်ပုံ ရိုးပုံရိုးလက်ပါ။ လူမှုဆက်ဆံရေး အနေနဲ့ ကျနော်(တို့) အတွက် ဘာအဆိပ်မှ မရှိတဲ့ ကောင်လေးပါ။ ဒါပေမယ့် ဟိုတစ်နေ့က ဘယ်ကနေ ဘယ်လို ဆက်စပ်တယ် မသိ။ အရှေ့တောင် အာရှ နိုင်ငံတွေ အကြောင်းဆက်စပ်ရင်းနဲ့ ကျနော်က ငါတို့ အားရင် ပိုက်ဆံလဲ ပိုရင် ဘာလီကျွန်းကိုသွားလည်ကြရအောင်ကွာလို့ ပြောမိတယ်။ သူက အဲဒီကျွန်းက ဘယ်မှာလဲဆိုလို့ အင်ဒိုနီးရှားမှာလို့ ကျနော် အေးအေး ဆေးဆေးဖြေပါတယ်။ သြော် အင်ဒိုနီးရှားက နိုင်ငံအတော်သေးတော်နော် အစ်ကို ဆိုပြီး ပြန်ပြောတော့ ကျနော် စိတ်ပေါက်ပြီဗျာ။
ဒီမယ်ဗျ..ခင်ဗျား ကျနော့်ကို ပြောချင်ပြောမယ်။ သူ့ဘာသာ မသိတာ အပြစ်လား။ သူ့ထမင်းသူစားပြီး နင့်အပူလား ဆိုပြီး ကျနော့်ကို အပြစ်ပြောချင် ပြောမယ်။ ကျနော် လက်ခံတယ်။ ဒါ သူ့အပြစ်မဟုတ်ဘူး။ ဒါပေမယ့် ခေတ်ပညာတတ် လူငယ်တစ်ယောက် ဘာလီကျွန်းဆိုတာ ဘယ်မှာမှန်းမသိ။ အင်ဒိုနီးရှားဆိုတာ အရှေ့တောင် အာရှမှာ အကြီးဆုံးဆိုတာ အရှေ့တောင် အာရှသားအချင်းချင်း ဖြစ်ပြီး မသိတာကြတော့ ကျနော့်ဘာသာ လွတ်လပ်စွာ စိတ်ပေါက်မိတယ်ဗျာ။
သူဝါသနာပါတာဘဲ သူသိတော့မပေါ့လို့ ခင်ဗျား ကျနော့်ကို ဖြေသိမ့်ရင်လဲ ကျနော်လက်ခံပါ့မယ်။ ဒါပေမယ့်ဗျာ သိသင့်သိထိုက်တဲ့ ဗဟုသု တဆိုတာ ဘယ်သူမဆိုရှိသင့်တယ်ဆိုတာ ခင်ဗျားလဲ လက်ခံဗျာ။ အဲဒီကောင်လေးဆို အသက်က ၂၆ ကျော်နေပြီ။ အင်တာနက် ကောင်းကောင်းသုံးတတ်တယ်။ Wikipedia ကိုတော့ သုံးတတ်တဲ့သူ ဖြစ်ရမယ်လို့ ကျနော် ယူဆတယ်ဗျာ။
ဆိုပါတော့ …စာရေးဆရာကြီးတွေ၊ လူကြီးသူမတွေ ခဏ ခဏ ပြော ပြောနေတဲ့ စာဖတ်ကျ၊ စာဖတ်ကျဖို့။ ဘာစာတွေ ဖတ်ရမလဲ ။ စာဖတ် တော့ ဘာရမလဲမေးတဲ့ သူတွေကို ကျနော်ဘယ်လို မျက်လုံးမျိုးနဲ့ ပြန်ကြည့်ရကောင်းမှန်းတောင်မသိ။ ဒီလို အင်တာနက်ခေတ်ကြီးထဲမှာ အင်တာနက်ထဲမှာ တစ်ရက်ကို ဆောင်းပါး တစ်ပုဒ်လောက်၊ နှစ်ပုဒ်လောက်ပေးဖတ်ရတာ နာရီဝက်မကြာပါဘူးဗျာ။
နောက်ဗျာ..ကျနော့်မှာ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်။ တစ်ရက်မှာ ကျနော်တို့ တစ်တွေ မကောင်းရာ မကောင်းကြောင်းလုပ်ဖို့သွားကြရင်းနဲ့ ဆိုင်က ကောင်မလေးကို (ကန်တော့ပါရဲ့ ဆရာ) မင်း ဆရာဦးအောင်သင်းသိလား လို့ သူက မေးလိုက်တယ်။ ကောင်မလေးက ဦးအောင်သင်းတော့ မသိဘူး အိမ်ဘေးက ရေစည်လှည်းတွန်းတဲ့ အောင်ဝင်းတော့ရှိတယ်ဆိုပြီး ပြန်ပြောလို့ စိတ်တွေဆိုး၊ အောင်သင်းတောင် မသိတဲ့ ကောင်မ ဘာညာဆိုပြီး ပြသနာတွေ ရှာလို့ ကျနော်တို့ ပြန်လာခဲ့ကြဘူးတယ်။
ထားပါတော့။ အဲဒီလို ဆိုင်မှာ ယောက်ကျားလေး ဧည့်သည်တွေကို လက်ခံတွေ့ရတဲ့ ကောင်မလေးက ဆရာဦးအောင်သင်းမသိတာ အပြစ်လားဗျာ။ ကျနော့် မိတ်ဆွေတစ်ယောက် ရှိပါတယ်။ ဂျာနယ်တစ်စောင်မှာ ရာထူး မသေးတဲ့ အမှုဆောင် အယ်ဒီတာပါ။ ခင်မင်ဖို့ ချစ်ဖို့လဲ အတော်ကောင်းပါတယ်။ သူ ကျနော်အလုပ် လုပ်နေတဲ့ နိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်လာတယ်။ အိမ်ကိုခေါ်ပြီး ဧည့်ခံပြီး စကားစမြည်ပြောကြရင်းနဲ့ ကျနော်တို့က ဖတ်စရာ စာအုပ် ငတ်နေတဲ့ သူတွေဆိုတော့ ခင်ဗျား ပြန်ရင် ဖတ်ဖို့ပါလာတဲ့ စာအုပ်တွေ ထားခဲ့ဗျာလို့ တစ်ယောက်က ပြောလိုက်တယ်။ သူက ဘာဖတ်စရာမှ မယူလာဖြစ်ပါဘူးဗျာတဲ့။ အင်းလေ လောလော၊ လောလော ထွက်လာရတယ် ထင်ပါတယ်လို့ ကျနော် ဖော့တွေးရင်းနဲ့ ကျနော်ဖတ်လက်စ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့က နေ၀န်းထွက်သည့်ပမာ စာအုပ်ကို လှမ်းကြည့်ပြီး ဟာ သိန်းဖေမြင့်ဆိုတာ ဘယ်သူလဲဗျဆိုလို့ စကားလမ်းကြောင်း ဇွတ်လွှဲခဲ့ရပါတယ်။
ဂျာနယ်မှာ အလုပ်လုပ်နေတဲ့သူက သိန်းဖေမြင့်မသိတာက စားသောက်ဆိုင်က ကောင်မလေး ဆရာဦးအောင်သင်းမသိတာထက် ပိုအပြစ်ကြီးတယ်ဆိုတာ ကျနော် လွတ်လပ်စွာယူဆတယ်ဗျာ။
အခု နောက်ဆုံးတွေ့တဲ့ တစ်ယောက်ကျတော့ ကျနော် ဒေါသထွက်တာ လွန်လား ခင်ဗျားဘဲ ဆုံးဖြတ်ပေတော့။ အဲဒီတစ်ယောက်ကျတော့ ကျနော်တဲ့ တိုက်ရိုက်စကားပြောနေတာလဲ မဟုတ်ပါဘူး။ ခရီးသွားဟန်လွှဲ ဘယ်သူမှန်းမသိ ကျနော် ကြားရတာပါ။ ကျနော် ဒီစာရေးနေတဲ့ အချိန်က ၀၂၊ အောက်တိုဘာ၊ ၂၀၁၁ ဗျာ။ ဦးသိန်းစိန်က ဧရာဝတီ ပရောဂျက်ကို ရပ်ထားမယ်လို့ ပြောပြီးသွားပြီ။ ခင်ဗျား စဉ်းစားကြည့် ။ မြန်မာနိုင်ငံမှာ ဧရာဝတီ အရေးဖြစ်နေတာ သုံးလကျော်ကြာသွားပြီ။ အင်တာနက်မှာ၊ အပြင်မှာ ပလူပျံနေအောင် မြင်ရ၊ သိနေရတယ်မို့လား။
အဲဒီတစ်ယောက်က မနေ့က သူ့သူငယ်ချင်း ဖြစ်ဟန်တူသူကို မေးနေတာ ကျနော် ကြားရတာ။ ဧရာဝတီဘာဖြစ်လို့လဲ။ ဆည်ဆောက်တော့ ဘာဖြစ်မှာလို့လဲ၊ မကောင်းဘူးလား။ အေး ငါသိတောင် မသိဘူး ဟီး ဟီး ဟီး ဆိုပြီး သူ့ရီသံကို ကျနော် ဆက်မကြားလိုတော့လို့ ထွက်ပြေးလာခဲ့တယ်။ ကိုင်း..ကျနော်လွန်သလား။ အဲဒီလို နိုင်ငံသားတွေရှိနေတဲ့ မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ကျနော်မှားသလားဗျာ။ ကျနော့်ဘာသာ တစ်ယောက်တည်း စိတ်တွေအချဉ်ပေါက်လို့….
Comments
The intelectuals/media have no freedom. Their main responsibility is to brainwash the people.
Now media changes,the intellectuals are alerted. they now have the historical assignment to disperse more information, to debate more, ao that the next generation should not be so dumb and coward as our generation.