လိုက်ကာ အဖွင့်
ကျော်ဟုန်း
မေ ၄၊ ၂၀၁၂

ဒီဝိညာဉ်တွေမှာ
ဒေဝဒတ်နဲ့စေတန် ရောစပ်နေသလား
သင်္ကန်းခြုံထားတဲ့ သောနုတ္ထိုရ်တွေ၊
ဗေထိသံကြားရင်
ကွေးနေအောင် ‘က’ ချင်တာလဲ သူတို့ ...
မင်းသား၊ မင်းသမီးများ မလုပ်ရရင်
ပတ်မကြီးထိုးဖောက်ချင်တာလဲ သူတို့ ...
မင်းသား၊ မင်းသမီးတင်ပြန်ရင်လဲ
ချိုမိုင်မိုင် ‘က’ နေတာလဲ သူတို့ ...
ရန်သူ့ဘက် ပစ်ခွင်းမယ့်မြှားတွေဟာ
ပစ်မှတ်ဆီမရောက်ဘဲ ကိုယ့်ခေါင်းပေါ် ပြန်ကျနေပေါ့
ဒါလားဟေ့ မြားဘုရင် ...
ရန်သူကို ကိုယ့်ဘက်ပါအောင် မစွမ်း
ကိုယ်လူကိုယ့်ဘက်ထဲ မလှမ်းချင်အောင် သင်းကွဲ ...
ဒါတွေ ဘာ့ကြောင့်ဖြစ်တာလဲ စဉ်းစား
မသူတော်တွေ သူတော်ယောင်ဆောင် ဂိုဏ်းကွဲနေသမျှ
အလှမ်းဝေးမယ် ပန်းတိုင် ...
ဒီကမ္ဘာမှာ အာရုဏ်ဦးတွေ အမြဲပဲသစ်နေမင့်
အာရုံနောက်စရာတွေနဲ့  ခဏ ခဏ ညစ်ထေပေါ့ ...
ပြင်ရမှာက စိတ်တခုရယ်ပါ
စိတ်တခုကလဲ ရုပ်ကိုးဆယ်ဆိုတော့ (အင်း ....)
သက်ပြင်းရှည်ကြီးတွေ မှုတ်ထုတ်တိုင်း
ဘဝအမောတွေ ပြေကြေးဆိုရင်
စက္ကန့်တိုင်း မှုတ်ထုတ်လိုက်ချင်ရဲ့
အားလုံးအတွက်ပါ ...။
ချိုးဖြူတွေကို အကျယ်ချုပ်ထားပြီး
မဝရေစာ ကျွေးနေသူများရေ
ကောင်းကင်လေကို မျှဝေရှုနေသူချင်းအတူတူ
ကောင်းကင်ပြင်ကို မျှဝေမသုံးတတ်ဘူးလား ...။
သစ်ပင်စိုက်ချင်သူချင်း အတူတူ
သူ့မျိုးစေ့ကို ရေပူလောင်းချင်နေပါသလား ...။
အသစ်တွေအတွက် အညစ်တွေမပေးခဲ့မှ ‘လူ’
အချစ်တွေအတွက် အစစ်တွေ ထားရစ်နိုင်မှ ‘လူ’
လူဟာ လူပီရင် ရန်များတာတော့ ဝမ်းနည်းစရာ ...။
အော်သံပန်းချီကားကို မျက်နှာအပ်ပြီး
အသံကုန်ဟစ် ကျုံးအော်လိုက်တော့
အဲ့ဒီမှာ ဇာတ်လမ်းကစပြီ။ ။

Comments