Naing Oo Nyo (Phoe Zero) - Poem

ဒုက္ခသည်
နိုင်ဦးညို (ဖိုးဇီးရိုး)
ဇူလိုင် ၁၂၊ ၂၀၁၂



ဒုက္ခသည်တဲ့
ဘယ်လောက်များ
မလှပလိုက်တဲ့နာမည် ...။

ဒီနာမည်ကို
အဓိပ္ပါယ်အမျိုးမျိုး ဖွင့်လို့ရရင်ရမယ်
ဒီဒုက္ခသည်ဖြစ်ဖို့ မွေးရပ်မြေတွေမှာ
ဒုက္ခခံခဲ့ရတာတော့ အတူတူဘဲပေါ့
နေရာဒေသ ကွာရင်ကွာမယ်
အခြေအနေအရ အနိမ့်အမြင့်ရှိမယ်
ဒုက္ခမခံနိုင်လွန်းလို့ ဒုက္ခသည်နာမည်ကို
သည်းညည်းခံပြီး ခံခဲ့ကြရတာပေါ့ ...။

ဒီနာမည်ခံယူထားသူတွေဟာ
အစီစဉ်တကျ ခိုလှုံရတာဘဲဖြစ်ဖြစ်
အခြေနေအရ ခုန်ချရတာဘဲဖြစ်ဖြစ်
အခွင့်ရေးပိုလို့ စတေးပြောင်းရတာဘဲဖြစ်ဖြစ်
ရေကြည်ရာမြက်နုရာ ရောက်လာသူဘဲဖြစ်ဖြစ်
စနစ်ဟောင်းအမွေ ဆက်ခံရတဲ့
နာမည်အသစ်နဲ့ ရာစုအသစ်ရဲ့
ရွေ့ပြောင်းအလုပ်သမား ကျုပ်တို့ပါဘဲ ...။

ဒီနာမည်ခံယူထားသူတွေဟာ
တချို့နေရာဒေသတွေမှာတော့
ရေမမှန်မီးမမှန် ဝါးလုံးခေါင်းအုံးနေရသလို
တချို့လည်း အခြေအနေကောင်းလို့
တတိယကမ္ဘာဆိုတဲ့မြို့တော်သစ်မှာ
ကွန်ပျူတာခေါင်းအုံးနေတဲ့သူလည်းရှိတယ် ...။

ဒီနာမည်ခံယူထားသူတွေကို
ရန်သူလို့ သတ်မှတ်ထားသူရှိသလို
ကြားယုံနဲ့ ရှောင်တဲ့သူလည်းရှိတယ် ....။

တိတ်တိတ်လေး အမည်ခံသူလည်းရှိသလို
သိန်းငါးဆယ်ပေါက်တဲ့ ဈေးကွက်လည်းရှိတယ် ....။

နှလုံးသားတွေ ဘဝတွေနဲ့ ရင်းခဲ့ရသူတွေရှိသလို
နာမည်ဆိုးနဲ့ ကမ္ဘာကိုကျော်သွားသူတွေရှိတယ် ....။

ကြံဖန်ပြီး ရုန်းကန်နေကြရသူတွေရှိသလို
တိုင်ပေါ်အလံစိုက်နေတဲ့သူတွေလည်းရှိတယ် ...။

ကြိုးစားပြီး ရိုးသားသူတွေရှိသလို
ဒေါ်လာကိုင် ကမ္ဘာပတ်နိုင်သူတွေရှိတယ် ....။

ရှေ့ဆုံးကရောက် တောင်းစားသူတွေရှိသလို
ရှေ့ဆုံးကပြန် ပန်းပေးချင်တဲ့သူတွေရှိတယ် ....။

ငါတို့ဘဲပိုင်တယ်ဆိုင်တယ် ပြောတဲ့သူရှိသလို
အများပိုင်အားလုံးနဲ့ဆိုင်တယ် ဆိုတဲ့သူလည်းရှိတယ် ....။

ဒီနာမည်ခံယူထားသူတွေဟာ
နာမည်ကြီး ခရိုနီကြီးတွေလိုတော့
ဒေါ်လာနှစ်သိန်း လှူနိုင်တဲ့သူရှိချင်မှရှိမယ်
တနေ့လုပ်အားခထဲက လိပ်ပြာသန့်သန့်
ဒေါ်လာနှစ်ဆယ်တော့ လှူနေကြတဲ့သူတွေပေါ့ ...။

မြက်တပင် ပေါင်းတပင်လောက်သာ
တိုင်ုးပည်အတွက် နှုတ်ပေးခဲ့ဖူးပေမယ့်
တတောလုံးပြောင်သွားအောင်တော့
သစ်ခုတ်ဖို့ဝါသနာ ပါကြသူတွေမဟုတ်ဘူး ...။

ဒီနာမည်ခံယူထားသူတွေဟာ
ဆိုဗီယက်ယူနီယံက လာသူတွေ
တိဗက် အာဖဂန်က လာသူတွေ
အာဖရိကတောနက်က လာသူတွေ
ကျုပ်တို့လိုအာရှဗမာပြည်က လာသူတွေ
ကမ္ဘာအရပ်ရပ်က ရောက်လာသူတွေဖြစ်တယ်
ဘယ်လိုဘဲလာလာ ကျုပ်တို့ကတော့
နောက်ဆုံးမှရောက် လမ်းပျောက်ခဲ့သူတွေဘဲ ....။

ဒီလိုနာမည်မလှတဲ့
ဒုက္ခသည်ဘဝဟာ
ချိုမြိန်တဲ့ဘဝ သာယာတဲ့ဘဝ
ဖြစ်ကောင်းမှဖြစ်နေမယ် ...။

ဒါပေမဲ့ ဒါပေမဲ့
ယူနီဖောင်းရောင်စုံဝတ်
အသက်မဲ့ အရုပ်တွေလို
လက်ညှိုးထောင်ခိုင်းတိုင်း
ခေါင်းညိတ်ခိုင်းတိုင်းတော့
လိုက်လုပ်မဲ့သူတွေ မဟုတ်နိုင်ဘူး ....။

Comments