Khin Aung Aye - Poem

ပင်လယ်ထဲက ပုလင်း
ခင်အောင်အေး
သြဂုတ် ၂၅၊ ၂၀၁၂




ပုလင်းတစ်လုံး မျောလာတယ်
ကြားဖူးနားဝ ရှိထားခဲ့တဲ့အတိုင်း
ပုလင်းထဲမှာ စာရွက်လိပ်ကလေးတခု
ဖွင့်ဖတ်ကြည့်တော့ ဘာမှရေးမထားဘူး

ပုလင်းထဲက စာရွက်ကလေးက လိပ်နေတယ်
ပုလင်းထဲက စာရွက်ကလေးက ဘယ်ကိုမှ လိပ်မူမထားဘူး
ပုလင်းထဲက စာရွက်ကလေးက နှစ်ချို့နေပြီ
ပုလင်းထဲက စာရွက်ကလေးက ရင့်ရော်နေတယ်
ပုလင်းထဲက စာရွက်ကလေးက မြော်လင့်ချက်အရေခွံ
ပုလင်းထဲက စာရွက်ကလေးက သူ့ကိုယ်သူ ဖြန့်ပြတယ်
ပုလင်းထဲက စာရွက်ကလေးက မှောင်ကြီးကျနေရဲ့
ပုလင်းထဲက စာရွက်ကလေးက ညုတုတု အမူအယာနဲ့
ပုလင်းထဲက စာရွက်ကလေးက ဖာရာဖော့ဆက်စ်လို ပြုံးတယ်
ပုလင်းထဲက စာရွက်ကလေးက ဖိနှိပ်ခံနေရတဲ့ နိုင်ငံတခုကလာတာ
ပုလင်းထဲက စာရွက်ကလေးက ပညာအရည်အချင်း မရှိရှာဘူး
ပုလင်းထဲက စာရွက်ကလေးက ရွက်ကြမ်းရေကျို ရုပ်လက္ခဏာပဲရှိတယ်
ပုလင်းထဲက စာရွက်ကလေးက ဆားငံရည်နဲ့ ယဉ်ပါးခဲ့ပြီးသား
ပုလင်းထဲက စာရွက်ကလေးက ဟုတ်ကဲ့လို့ ကျိုးနွံဘို့ ၀န်မလေးဘူး
ပုလင်းထဲက စာရွက်ကလေးက အရှေ့တောင်အာရှနိုင်ငံတခုက ထုတ်လုပ်တာ
ပုလင်းထဲက စာရွက်ကလေးက အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေ နားမလည်ဘူး
ပုလင်းထဲက စာရွက်ကလေးက ငါးညှီစော်တွေ နံလို့
ပုလင်းထဲက စာရွက်ကလေးက အင်ဂျင်ပြန်ကိုင်မှ ရမယ်
ပုလင်းထဲက စာရွက်ကလေးက မိုးပြိုအများလို့ ရေရွတ်တယ်
ပုလင်းထဲက စာရွက်ကလေးက ခေတ်ကို အစာမကြေဘူး
ပုလင်းထဲက စာရွက်ကလေးက မီဒီယာလို့ စာလုံးမပေါင်းတတ်ဘူး
ပုလင်းထဲက စာရွက်ကလေးက ရွဲကုန်သည်လို အော်တယ်
ပုလင်းထဲက စာရွက်ကလေးက သောက်ချိုးကို မပြေဘူး
ပုလင်းထဲက စာရွက်ကလေးက ဘာကိုမှ လက်စသတ်မယ့်ပုံမပေါ်ဘူး
ပုလင်းထဲက စာရွက်ကလေးက သာမာန်ရိုးရိုး စက္ကူရွက်ကလေးတခုမျှသာ
ပုလင်းထဲက စာရွက်ကလေးက ဘာဖတ်စရာမှ မပါဘူး
ပုလင်းထဲက စာရွက်ကလေးက အလိပ်လိုက်ကလေး
ပုလင်းထဲက စာရွက်ကလေးက ပုလင်းတစ်လုံးထဲမှာ ပါလာတယ်
ပုလင်းထဲက စာရွက်ကလေးက ကြားဖူးနားဝရှိထားတဲ့အတိုင်း

ပင်လယ်ထဲမှာ ပုလင်းတစ်လုံး မျောလာတယ်။ ။


၂၂၊ သြဂတ်စ်၊ ၂၀၁၂၊ ရုဒက်ရှိုင်၊ ဂျာမဏီ၊ ၂၁း ၅၁ နာရီ

illustration
Pablo Picasso - Bowl of Fruit, Violin and Bottle, 1914



Comments