Ni Lwin Thwe (Dathanika) - Poem

ဝင်းမော်ဦး မော်ကွန်း
နီလွင်သွေး (ဒဿနိက)
သြဂုတ် ၂၉၊ ၂၀၁၂




ရှစ်လေးလုံး နှစ်ဆယ့်လေးနှစ်တိုင်ခဲ့သလို
စက်တင်ဘာသွေးသစ် နှစ်ဆယ့်လေးနှစ်တိုင်ခဲ့ပေါ့
သူ့သမိုင်းစာမျက်နာကို အသက်သွေးနဲ့ရေးခြစ်သူ

လုံချည်စိမ်းနဲ့ အင်္ကျီအဖြူ
ကလေးသာသာအရွယ် လူမမယ်လေး
လူ့အခွင့်အရေးကို နှလုံးသွေးနဲ့စတေးခဲ့
ဆပ်လို့မကုန်တဲ့ရာဇဝင်ကြွေး။

စစ်ဘီလူးတွေရဲ့ ပြစ်ခတ်သံတွေကြားမှာ
ဖခင်ဗိုလ်ချုပ်ဓါတ်ပုံပိုက်ရက်သား
ခန္ဓာကိုယ်ပြိုလဲသွားခဲ့ပေါ့
ဒီတသက် ဘယ်တော့မှမမေ့စရာမြင်ကွင်း
ငါတို့နှလုံးသွေးကို စွန်းထင်းစေခဲ့ပြီ။

ငါတို့ရဲ့ကျစ်ကျစ်ဆုပ်ထားတဲ့လက်တွေ
နာကျည်းတက်ခေါက်သံတွေ
ခံပြင်းငိုကြွေးသံတွေဟာ
သြဂတ်စ် စက်တင်ဘာရောက်တိုင်း
သွေးမုန်တိုင်းကျရာ လမ်းမတွေထက်
သွေးခင်းလမ်းကို ဆက်လျှောက်ဖို့ရာ
သစ္စာသံဓိဌာန်
ဒေါင်းအလံနဲ့မြန်မာပြည်
ခက်လက်စိမ်းမြ ရဲမြနီစေ။

ညီမလေးရေ
ဝင်းမော်ဦးရေ
နင်က ငါတို့ရဲ့ညီမလေး
ငါတို့သွေးကို ရဲစွေးနီမြစေခဲ့
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရမှ
အမျှဝေစေချင်တဲ့ နင့်ဆန္ဒ
အစဉ်အလာအတိုင်း ကျောင်းသားသမိုင်းရဲမြ
ဖေါက်ပြန်သူမှန်သမျှ ကျဆုံးရမယ်။

မြန်မာပြည်
အာဏာရှင်စနှစ်အောက်က ခေတ်စနှစ်တည်တိုင်း
လုံချည်စိမ်းနဲ့ အင်္ကျီအဖြူဝတ်
ကျောင်းသားလူငယ်တွေရဲ့နှလုံးသားမှာ
ဝင်းမော်ဦး ကိုယ်ပွားဝိညာဉ်
ရှင်သန်ဖူးသစ် ဒေါင်းပျိုသစ်စေ
လွတ်လပ်မှအမျှဝေတော့ ။

(ညီမလေး ဝင်းမော်ဦးသို့ ....)

Comments