စက်တင်ဘာ စာကိုး စကားကိုး
စက်တင်ဘာ ၃၀၊ ၂၀၁၂
ဒီ sex worker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေးသင့်သလို့ တဖက်ကလည်း စည်းကမ်းတွေ ချသင့်တယ်လို့ထင်တယ့် အခုဆိုလို့ရှိရင် အမမြင်ရသလောက်ကတော့ ဒီ sex worker တွေနဲ့ပတ်သက်လို့ ဘာအခွင့်အရေးမှ မရှိဘူးပေါ့နော် ပြောရမယ်ဆိုလို့ရှိရင် အနီးစပ်ဆုံးထိုင်းနိုင်ငံမှာတောင်မှ ဒီ sexworker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပေးထားတယ် တဖက်ကလည်း ထိန်းချုပ်ထားတာတွေ ရှိတယ်။
ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွှေမြစ်မခမီဒီယာ၊ စက်တင်ဘာ ၂၀
ကိုယ်ရှာတာက ကိုယ့်အတွက်မဟုတ်ဘဲ ရဲတွေအတွက်ဖြစ်နေတယ်၊ နေ့တိုင်း ဒီနေရာကိုရောက်ရင် ရင်တထိတ်ထိတ်နဲ့ ဘုရားတပြီးလာနေရတယ်။
၂၅ နှစ်ဝန်းကျင် ပြည့်တန်ဆာတဦးရွှေမြစ်မခမီဒီယာ၊ စက်တင်ဘာ ၂၀
သမ္မတကြီးက မြန်မာအစိုးရဘက်က စမပစ်ဖို့ ပြောပြီးပေမယ့် အောက်ခြေမှာ ဘာလို့ ကွဲပြားနေရတာလဲလို့ ကျွန်တော် လွှတ်တော်မှာ မေးခဲ့ဖူးတယ်။ သူတို့ဖြေတဲ့ အဖြေက အောက်ခြေနဲ့ အရမ်း ကွာခြားနေတယ်။ အဲဒီလိုအဖြစ်အပျက်တွေကြောင့် ကချင်ပဋိပက္ခတွေက ဆက်ဖြစ်နေရတယ်။
ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
Popular သတင်းဂျာနယ် စက်တင်ဘာ ၂၀
၂ဝ၁၁ ခုနှစ်အတွင်းက အနာကြီးရောဂါလူနာသစ် ၃ဝ၈၂ ဦး ရှာ ဖွေ ဖော်ထုတ်ကာ ဆေးဝါးကုသမှု ပေးနိုင်ခဲ့ပြီး ယခုနှစ် ဇွန်လကုန်အထိ အနာကြီးရောဂါ လူနာသစ် ၁၅၄ဝ ဦး တွေ့ရှိရပြီဖစ်ကြောင်း သိရသည်။
ချစ်ဆုဆွေ
Popular သတင်းဂျာနယ် စက်တင်ဘာ ၂၀
လူမှုရေးအဖွဲ့အစည်းတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်လို လူငယ်တွေ နောင်မှာ လွှတ်တော်အတွင်း ရောက်ခဲ့မယ်ဆိုရင် ကြိုဆိုရမှာပေါ့။
ဦးစောအေးမြိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြ၀တီခရိုင်
The Myanmar Post သတင်းဂျာနယ် စက်တင်ဘာ ၂၆
သင်တန်းတွေ ပို့ချနေရုံနဲ့ နိုင်ငံရေးသမား ဖြစ်မသွားဘူး။ ... ပျိုးထောင်ပေးရမယ် ... ပျိုးထောင်တယ် ဆိုတဲ့ စကားလုံး သုံးရတာပေါ့ဗျာ။ အမှန်တကယ်ကတော့ မွေးရမယ်ပေါ့ဗျာ။ မွေးထုတ်ရမှာပေါ့။ မွေးထုတ်တယ်လို့ ပြောရင် သိပ်မကောင်းဘူး။
ဦးဝင်းတင်၊ NLD ခေါင်းဆောင်
Venus သတင်းဂျာနယ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှားခဲရွာတွင် ဖြစ်ပွားသည့် အငြင်းပွားမှုနှင့် ရဲတပ်ဖွဲ့က ပစ်ခတ်မှုတို့ကြောင့် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးရှိသည်ဟု ပုသိမ်မြို့မှ ရရှိသည့် သတင်းအရ သိရသည်။
Yangon Press International
စက်တင်ဘာ ၂၉
အခုချိန်မှာ ကျွန်တော်တို့ ATM ၉၀ ရာခိုင်နှုန်းကျော်ဟာ iPStar နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ မိုးအုံ့ရင် iPStar က သုံးလို့မကောင်းပါဘူး။ ဒါကို တတ်သိနားလည်သူတွေက ဘဏ်တွေကို အပြစ်တင်ပါတယ်။ တစ်ကမ္ဘာလုံး PSTN တို့၊ Data Card (3G Network)တို့ သုံးနေတဲ့အချိန်မှာ မြန်မာဘဏ်တွေဟာ iPStar လို stable မဖြစ်တဲ့ ဂြိုဟ်တုဆက်ကြောင်းကို သုံးရလားလို့ ပြောကြပါတယ်။ ကျွန်တော်တို့မှာ ရွေးစရာမရှိပါ။ မြန်မာနိုင်ငံမှာ ၀ယ်လို့ရတဲ့အထဲက သုံးခွင့်ရတဲ့ သုံးလို့ရတဲ့စနစ်ကိုသာ သုံးရခြင်းဖြစ်ပါတယ်။ ပိုကောင်းတဲ့စနစ်တွေရှိမှန်း သိပါတယ်။ သုံးခွင့်ရဖို့ သုံးလို့ရတဲ့ စနစ်ကိုသာ သုံးရခြင်းဖြစ်ပါတယ်။
ဦးရဲမင်းဦး၊ AGD ဘဏ် အုပ်ချုပ်မှုဒါရိုက်တာ
7Day သတင်းဂျာနယ် စက်တင်ဘာ ၂၇
တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ ကျွန်မရဲ့ပရိသတ်တွေကကျတော့ အသက်ကြီးသွားတော့ ရာသီဥတုကောင်းကောင်းမှာ ၀တ်ကောင်းစားလှတွေနဲ့ လှလှပပ၀တ်စားပြီး လာပျော်ကြတဲ့သူတွေများတာကြောင့် ရာသီဥတုသာယာတဲ့ ဆောင်းတွင်းကို ရွေးလိုက်တာကြောင့် နောက်ကျသွားတာပါ။
ထွန်းအိန္ဒြာဗို - အဆိုတော်၊ သရုပ်ဆောင်
7Day သတင်းဂျာနယ် စက်တင်ဘာ ၂၇
နိုင်ငံတကာမှာ အလကားနီးပါး ပေးနေတဲ့ ဆင်းမ်ကတ် တန်ဖိုး ဒိထက်ကျလာဖို့တော့ ကောင်းတာပေါ့။ ဒုဝန်ကြီးအသစ် ဆရာဦးသောင်းတင်ကလဲ ဒုဝန်ကြီးမဖြစ်ခင် တစ်ရက်အလိုလောက်မှာ ဆင်းမ်းကတ်တွေ အလကား ပေးသင့်တယ် ပြောသွားတော့ အားတက်စရာ မျှော်လင့်စရာ ရှိနေပါတယ်။
ကိုကို (စက်မှုတက္ကသိုလ်)၊ စာနယ်ဇင်းဆရာ
www.theyangontimes.com စက်တင်ဘာ ၈
ညွှန်ကြားရေးမှူး ဦးထွန်းလွင်တစ်ယောက် တယ်လီဖုန်းစာအုပ်ကို တစ်ရွက်ပြီးတစ်ရွက်လှန်ရင်း အလုပ်တွေများနေ သည်။
ညွှန်ချုပ်နှင့်အထက် ရာထူးရှိသော လူပုဂ္ဂိုလ် ၃၀၀ နီးပါးဆီဖုန်းဆက်ပြီး မုန်တိုင်းအကြောင်း အစီရင်ခံနေသည်။ ထိုစဉ်က နိုင်ငံတော် အကြီးအကဲ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးကိုလည်း မပြတ်သတင်းပို့လျက်ရှိသည်။
မြန်မာပြည်သူများ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမကြုံခဲ့ဖူးသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး မြစ်ဝကျွန်းပေါ်ကို ၀င်ရောက် တိုက်ခတ် တော့မည်ဆိုတာကို နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိပြီးဖြစ်သော မိုးလေ၀သပညာရှင်တစ်ဦးအနေဖြင့် ဦးထွန်းလွင် ကြိုသိနေခဲ့သည်။
ကြိုသိနေသည့်အလျောက်လည်း မုန်တိုင်းမ၀င်မီ သူ့ဘက်မှတာဝန်ကျေအောင် သတင်းထုတ်ပြန်တာတွေ လုပ်ပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူပြောသမျှကို မယုံမကြည်နှင့် အေးစက်သောတုံ့ပြန်မှုများပင် လာလိမ့်ဦးမည်ဟုလည်း သူ့အတွေ့အကြုံများ အရ သိနေပြန်သည်။ သို့သော် သူလုပ်စရာရှိသည်များကို မှန်မှန်နှင့်မြန်မြန် လုပ်ကိုင်နေခဲ့သည်။ အချိန်ကား မရတော့။
နာဂစ်စ၀င်မည့် ဟိုင်းကြီးဒေသရှိ တာဝန်ရှိသူများထံသို့လည်း နာရီဝက်တစ်ကြိမ်ခန့် ဖုန်းဆက်ကာ နောက်ဆုံးအခြေအနေကို အစီရင်ခံနေသည်။
သို့သော် တစ်ဖက်မှတုံ့ပြန်မှုများက သူကြိုတင်တွက်ဆထားသလို အားရစရာမကောင်း။
Yangon Press International/မော်ကွန်းမဂ္ဂဇင်း
စက်တင်ဘာ ၂၉
မိုးမခအတွက် ကျွဲဖြူ စုစည်းသည်။

Comments