Saung Yun La - Poem

မူးနောက်နောက် ဦးနှောက်ကို ဖောက်လိုက်ခြင်း
ဆောင်းယွန်းလ
စက်တင်ဘာ ၅၊ ၂၀၁၂




ရုပ်ရှင်တွေထဲမှာ ရင်ရှုပ်
လူစင်စစ်ဟာ ရေမရှိတဲ့ချောင်း နှာခေါင်းဖော် ဒေါင်းသွားတယ် ...။

သီချင်းတွေကို မပျင်းမရိကြိုးညှိ
ညီမျှခြင်းတွေ တကြောင်းပြီးတကြောင်း ညီညီညာညာညာညှိလို့
ငြီးငွေ့တဲ့ဘဝကို သီချင်းအလိုက်တွေထဲ တပိုဒ်ချင်းခွဲပြီး ထိုးသိပ်တယ် ...။

စိတ်လက်နေသာတဲ့နေ့တွေမှာ
ရာသီဥတုကောင်းတဲ့ ပို့စ်မော်ဒန်ကဗျာတကြောင်းလောက်ကို
ဦးနှောက်ခန်းမထဲ တလွှာချင်းဖောက်ထဲ့တယ် ...။

တခါတလေ
ကမ္ဘာမြေရဲ့ ရောက်တတ်ရာရာ အရပ်ရှစ်မျက်နှာဆီမှာ ရပ်တန့်မနေအောင်
အနံ့အသက်ကောင်းတဲ့ ကော်ဖီပူခါးခါးတခွက်လောက် ဖျော်သောက်ပြီး
တော်ကီအဟောင်းတွေကို ရေလာတဲ့ မြောင်းဘေးမျှောပစ်တယ် ...။

အပြောင်းအလဲဖြစ်အောင် တနေ့မှာ အင်္ကျီအသစ်နှစ်စုံလောက်လဲဝတ်ပြီး
ခရီးသွားဟန်လွှဲခေတ်ကို ဘောင်းဘီလုပ်ဝတ်မိတယ် ...။

ဘယ်လိုပဲ ဘာဖြစ်တယ်ပြောပြော
သတင်းလေအတုမှာ နား နှာခေါင်းနစ်နေတဲ့ လူ့ဘဝလောက်
နောက်ကျိတဲ့ အိုင်ပျက်မရှိသေးတာတော့ သေချာတယ် ...။

ချုပ်ရိုးစောင်းနေတဲ့ဒုက္ခကို ညီအောင်ညှိပြီး တီးခတ်နေရတဲ့အရသာဟာ
လျှာမှာမြက်ပေါက်နေတဲ့နေ့တွေနဲ့ တထပ်တည်းပဲ
တဲတဲလေးကျန်နေတဲ့ အသံတွေက
ကပျာကယာ ကာလာပြောင်းတဲ့ ဖယောင်းတိုင်မီးတွေရဲ့အောက်မှာ
ကော်ပီပရိုမိုးရှင်းတွေကို ဘောင်ခတ်ပြီး
ဆိုင်းဘုတ်ပြောင်း ကြော်ငြာတွေ ခဏခဏဝင်ထိုးလို့
မျက်စိတွေ တွင်တွင်ယားယံပြီး
နား နှာခါင်းနဲ့လည်ချောင်းမှာ နိုင်ငံရေးအလက်ဂျစ်တွေက စေးပျစ်ပျစ်နဲ့
နားမျက်စိနဲ့ပါးစပ်ကို ပလာစတာကပ်ပြီး
ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်ထားရတဲ့ခေတ်မှာ
ငါဟာ အရစ်ပြုန်းနေတဲ့ စစ်ရှုံးသူတယောက်ပေါ့ ...။

အပြစ်နဲ့အမုန်းကို စာဖွဲ့ဖို့လောက်ဆိုရင်တော့ ငယ်ငယ်က စာမသင်ခဲ့ပါဘူး
မူးနောက်နေတဲ့ နံရံတွေပေါ်မှာ
ဒူးထောက်နေကြတဲ့ သက္ကရာဇ်တွေက တစိမ့်စိမ့် တလိမ့်လိမ့်နဲ့
၂၄ နှစ်မှာ ၂၄ ပစ္စည်းကိုပဲ သက်စေ့ရွတ်ဖတ်ရမလိုလို
နေ့ရက်တွေမေ့နေတဲ့ အမူးသမားတယောက်ဖြစ်မယ်ဆိုရင်
ငါ့အသက်က ၁၉ နှစ် အရာရာ အစစကို အသစ်ပြန်ဖြစ်လိုက်တယ်။ ။

Comments