Ambassador Mitchell Discusses His Religious Beliefs

ဗုဒ္ဓဘာသာသို့ ကူးပြောင်းမည်မဟုတ်ကြောင်း အမေရိကန်သံအမတ် ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၀၄
အောက်တိုဘာ ၂၃၊ ၂၀၁၂
 

 
(photos - US Embassy in Rangoon/Facebook)

ရန်ကုန်အခြေစိုက် အမေရိကန်သံအမတ် ဒဲရက်မစ်ချယ်က သီတင်းကျွတ်ကာလအတွင်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းမည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ သို့သော်လည်း ထိုသို့ ဘာသာပြောင်းမည့် အစီအစဉ် သံအမတ်တွင် မရှိကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွန်ခဲ့သည့် တစ်နာရီခန့်က ရေးသားဖော်ပြလိုက်သည်။

သံအမတ် ဒဲရက်မစ်ချယ်က ဂျူးဘာသာဝင်အဖြစ် ဆက်လက် ရှိမည်ဟု သိရသည်။

“မျိုးဆက်ပေါင်းများစွာ ဂျူးဘာသာ ကိုးကွယ်ခဲ့ကြတဲ့ မိသားစုကနေ ဆင်းသက်လာသူတစ်ဦး အနေနဲ့ ကျွန်တော့်ရဲ့ ဘာသာရေးအမွေဆက်ခံမှုကို  ကျွန်တော် ဂုဏ်ယူပါတယ်” ဟု သူက သံရုံးဝန်ထမ်းများက ပြောလိုက်ကြောင်း ဖေ့စ်ဘုတ်တွင် ရေးထားသည်။

ရွှေတိဂုံတွင် လက်အုပ်ချီနေသော ဒဲရက်မစ်ချယ်၏ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း ဘာသာပြောင်းသွားပြီဟူသော ပြောဆိုချက်တချို့ ထွက်ပေါ်ခဲ့ဖူးသည်။

ဒဲရက်မစ်ချယ်သည် ဇူလိုင်လက သံအမတ်တာဝန် စတင် ထမ်းဆောင်ခဲ့သူဖြစ်သည်။

မြန်မာနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံ အနှစ် ၂၀ ကြာ သံအမတ်အဆင့် ခန့်အပ်ခြင်း မရှိဘဲ သံတမန်ဆက်သွယ်ရေး အဆင့်နိမ့်ထားခဲ့ကြသည်။ ဒဲရက်မစ်ချယ်သည်  ပြီးခဲ့သောနှစ်များအတွင်း ၀ါရှင်တန်၏  မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် နေပြည်တော်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။

ဒဲရက်မစ်ချယ်သည် လွန်ခဲ့သော ၆ နှစ်က ထိုင်ဝမ်အမျိုးသမီး စာနယ်ဇင်းသမား Lee Hun-min နှင့် လက်ထပ်ခဲ့သည်။




Comments