At least 33 dead, millions without power in Sandy's aftermath


US ကို ၀င်တိုက်သည့်  စန္ဒီမုန်တိုင်းကြီးကြောင့် ပျက်စီးမှု နှင့် သေဆုံးသူ  တိုးလာ
မိုးမခအထောက်တော် အမှတ် ဝဝ၂
အောက်တိုဘာ ၃ဝ၊ ၂ဝ၁၂

နယူးယောက်မြို့ Rockaway Beach Boulevard ရှိ မီးလောင်မှုကို မီးသတ်အဖွဲ့ ယနေ့ ငြှိမ်းသတ်နေပုံ (photo AP)
စန္ဒီမုန်တိုင်းဒဏ် အပြင်းအထန်ခံရသည့် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း ပြည်နယ်များတွင် ထိခိုက်ပျက်စီးမှုစာရင်း တဖြည်းဖြည်း တိုးပြီး ထွက်ပေါ်လာရာ ယခုအခါ သေဆုံးသူ အနည်းဆုံး ၃၃ ဦး ရှိသွားပြီဟု AP သတင်းတစ်ပုဒ်တွင် ရေးထားသည်။

မုန်တိုင်းသင့်ဒေသတွင် လျှပ်စစ်မီး၊ တယ်လီဖုန်း၊ အင်တာနက် ဆက်သွယ်ရေးစနစ်များ ပျက်သွားသဖြင့် ထိုဒေသများသို့ ဆက်သွယ်ပြီး အခြေအနေကို စုံစမ်းရန် ခက်ခဲနေဆဲဖြစ်သည်။

နယူးယောက်

မုန်တိုင်းဒဏ် အပြင်းအထန် ခံရသည့် ဒေသတခုဖြစ်သည့် နယူးယောက်တွင် သေဆုံးသူ အနည်းဆုံး ၁ဝ ဦး ရှိသည်ဟု မြို့တော်ဝန်က ကြေညာကြောင်း နယူးယောက်တိုင်းမ် သတင်းစာ အွန်လိုင်းတွင် ပြီးခဲ့သော တနာရီခန့်က ရေးထားသည်။ အိမ်ပေါ် သစ်ပင်ပိခြင်း၊ လျှပ်စစ်ဓာတ်ဝင်နေသော ရေထဲ ဆင်းမိခြင်းတို့ကြောင့် ဖြစ်သည်ဟု မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
Queens တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားသဖြင့် အိမ်ပေါင်း ၈ဝ ကျော် လောင်သွားသည်ဟု CNN ရုပ်သံက ထုတ်လွှင့်သွားသည်။ Queens သည် မြန်မာအများအပြား နေထိုင်သော ဒေသလည်း ဖြစ်သည်။

မဲဆွယ်ခရီးစဉ်တချို့ကို ဖျက်လိုက်သည့် အိုဘားမားက နယူးယောက်ဒေသကို သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသအဖြစ် ကြေညာလိုက်သဖြင့် ဒေသခံတို့်အတွက် ဗဟိုအစိုးရ၏ရန်ပုံငွေကို သုံးနိုင်မည် ဖြစ်သည်။

မုန်တိုင်းသင့်ပြည်နယ်များ၏ အခြေအနေတို့ကို လေ့လာလိုပါက CNN အွန်လိုင်းရှိ http://edition.cnn.com/2012/10/30/us/tropical-weather-state-by-state/index.html
စာမျက်နှာက များစွာ အထောက်အကူဖြစ်ကြောင်း တွေ့ရသည်။

ရုပ်သံထုတ်လွှင့်ချက်များကိုကြည့်ပါက မုန်တိုင်းကြောင့် အပျက်အစီး မည်မျှ များပြားသည်ကို တွေ့နိုင်သည်။
နယူးယောက်နှင့် အနီးတ၀ိုက်ပြည်နယ်များသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းမှုပေါင်း တသောင်းကျော် ရှိကြောင်း သတင်းများတွင် ရေးထားသည်။

 

Comments