မဟေသီအယ်ဒီတာချုပ် ဗိုလ်မှူးကြီး (ငြိမ်း) စောမြင့် (၉၁ နှစ်) ကွယ်လွန်
မိုးမခဓာတ်ပုံသတင်း၊ မြန်မာ့အလင်းသတင်းစာ (၁၉ အောက်တိုဘာ၂၀၁၂)
မြန်မာပြည် ၁၉၈၀ ခုနှစ် နှစ်ဦးပိုင်းတွင် ခေတ်တသစ်ဆန်းခဲ့သည့် လစဉ်ထုတ်မဂ္ဂဇင်းများဖြစ်သော ပေဖူးလွှာ၊ ချယ်ရီ နှင့် မဟေသီ စာစောင်များအနက် ယခုအချိန်အထိ သက်တမ်းရှည် ဖြစ်သည့် “မဟေသီ” မဂ္ဂဇင်းစာစောင်ကို ထူထောင်လည်ပတ်ခဲ့သူ အယ်ဒီတာချုပ်တဦးဖြစ်သည့် ဗိုလ်မှူးကြီး (ငြိမ်း) စောမြင့် (၉၁ နှစ်) သည် အောက်တိုဘာ ၁၈ က ကွယ်လွန်ခဲ့ကြောင်း သတင်းစာနာရေးသတင်းအရ သိရှိရသည်။
အထက်ပါမဂ္ဂဇင်း ၃ စောင်စလုံးကို ကလောင်ကိုင်သည့် စစ်ဗိုလ်ဟောင်းကြီးများက ထူထောင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ပေဖူးလွှာကို ဦးမြလှိုင်၊ ချယ်ရီကို ဦးမြတ်ထန်နှင့် မဟေသီကို ဦးစောမြင့်က အသီးသီး ထုတ်ဝေခဲ့ကြသည်။ ပေဖူးလွှာနှင် ချယ်ရီတို့မှာ ထိုစစ်ဗိုလ်ဟောင်းကြီးများ ကွယ်လွန်ပြီးနောက်ပိုင်း အကြိမ်ကြိမ် ထုတ်ဝေမှု ရပ်ဆိုင်းခြင်း၊ အဆက်ပြတ်ခြင်းများ ဖြစ်ခဲ့သော်လည်း ဦးစောမြင့် သက်တမ်းတလျောက် မဟေသီမှာ အောင်မြင်လူကြိုက်များသော မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့သည်။
၁၉၈၈ အရေးတော်ပုံမတိုင်မီ အဆိုပါ ခေတ်ပြိုင်မဂ္ဂဇင်းများတွင် ခေတ်သရုပ်ဖော် စာရေးဆရာ၊ ကဗျာဆရာများ အများအပြား၏ မြန်မာပြည်အရေးနှင့် ခံစားချက်များကို ထင်ဟတ် ဖော်ကျုးသော စာပေများ ထုတ်ဝေတင်ပြနိုင်ခဲ့သည်။ အဆိုပါ ခေတ်နှင့် ဘ၀သရုပ်ဖော် စာပေများကြောင့် မြန်မာစာဖတ်ပရိသတ်အပေါ် များစွာ သက်ရောက်မှု ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ၎င်းမဂ္ဂဇင်းများနှင့် အပြိုင် ထင်ရှားသော မဂ္ဂဇင်းသစ်များမှာ သဘင်၊ စပယ်ဖြူ၊ လုံမလေး၊ ကလျာ၊ ဒဂုံ၊ သောင်းပြောင်းထွေလာ၊ ပန် နှင့် အတွေးအမြင်တို့ ဖြစ်သည်။

Comments