ရောက်တတ်ရာရာမှတ်စုအတိုအစများ
မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (မောင်ရင်ငတေ)
အောက်တိုဘာ ၁၂၊ ၂၀၁၂
မောင်ရင်ငတေရဲ့ လက်ရှိရောက်ရှိနေထိုင်တဲ့ မြို့ကိုတော့ မြန်မာလူမျိုးတိုင်း သိကြပါတယ်၊ ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့လို့ခေါ်ပါတယ်၊ ဒီမြို့မှာရှိတဲ့ အီဖယ်လ်မျှော်စင်ကြီးနဲ့ ပဲရစ်မြို့သို့မဟုတ် ပြင်သစ်အခေါ် ပါရီမြို့တော်ကို ကမ္ဘာ အရပ်ရပ်ရှိ လူတွေအားလုံး သိကြသလို ရောက်ဖူးချင်ကြမှာပါ၊ မောင်ရင်ငတေကတော့ ဘယ်ဘဝက ရှေးရေစက်ကြောင့်လည်းတော့ မသိပါဘူး ယောင်လည်လည် ရောက်ခဲ့ပြီးနောက် ခွာလို့ မရတော့ပါဘူး၊ ဘာမသိညာမသိ ပြင်သစ်လို ဘွန်ရှုးဆိုတဲ့ နှုတ်ခွန်းဆက် စကားတခွန်းနဲ့ မြန်မာပြည်က အိမ်ခန်းအပေါင်ခံ ထားခဲ့ပြီး ရောက်လာခဲ့တဲ့ မောင်ရင်ငတေ တယောက်တော့ ပါရီမြို့ရဲ့ လမ်းကြို လမ်းကြားတွေမှာ စရောက်ကတည်းက ခုထိ လျှောက်နေခဲ့ လျှောက်နေဆဲပေါ့၊
ဒီမြို့မှာ ပါရီမှာ တွေ့ရတာ အများဆုံးကတော့ ကမ္ဘာလည့်ခရီးသည်တွေရယ် ကမ္ဘာအရပ်ရပ်ကနေ ရောက်လာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေရယ်ပေါ့၊ ပြင်သစ်နိုင်ငံသား ဖြစ်သွားကြတဲ့ ကိုလိုနီဟောင်း အာဖရိကန်လူမည်းတွေနဲ့ တူနီးရှန်း အယ်ဂျီးရီးယန်း မော်ရိုကန်လူမျိုးတွေကို တွေ့ရများမှာ ဖြစ်သလို မောင်ရင်ငတေတို့ရဲ့ မိတ်ဆွေ ဆွေမျိုးပေါက်ဖော်ကြီးတွေလည်း အမြောက်အများ တွေ့ရမှာဖြစ်ပါတယ် ၊ လာအို ခမာနဲ့ ဗီယက်နမ် တွေလည်း ပေါများပါတယ် ၊ သီရိလင်္ကာရဲ့ နာမည်ကျော် တမီလ်တိုက်ဂါးဟောင်းတွေလည်း များမှများတဲ့ မြို့တမြို့ပါဘဲ ၊ ကမ္ဘာပေါ်မှာရှိသမျှသော လူမျိုးပေါင်းစုံ ရောက်ရှိနေထိုင်ရာ မြို့ကြီးတမြို့ ဖြစ်ပါတယ်၊ မတွေဘူးတဲ့ လူမျိုးတောင် မရှိတော့ဘူးနဲ့တူပါတယ်၊ မောင်ရင်ငတေတို့ ရွှေလူမျိုးကတော့ ဂုဏ်ယူရမှာလားမသိ အနဲငယ်ဘဲရှိပါတယ်၊ ဒီမြို့မှာ အခြေချ နေထိုင်သူ အများဆုံး တစ်ရာကျော် နှစ်ရာထက် မပိုပါဘူး၊
ဒါတောင်မှ လွန်ခဲ့တဲ့ လပိုင်းလောက်က မြန်မာပြည်ရဲ့ အဓိက ကမ္ဘာသိခေါင်းဆောင်ကို ကြိုဆိုတဲ့ပွဲတုန်းကတော့ မောင်ရင်ငတေတို့ ရောက်ရှိနေထိုင်ခဲ့တဲ့ ၁၂ နှစ်တာကာလ အတွင်းမှာ တခါဖူးမျှ မမြင်မတွေ့ဘူးတဲ့ မြန်မာ လူကြီးလူကောင်း စစ်စစ်တွေ ကြွရောက်ချီးမြင့်ကြကြောင်း ကြားသိလိုက်ရတာပါ ခင်ဗျာ၊ မောင်ရင်ငတေကတော့ အဲဒီလို ပွဲလမ်းသဘင်တွေကို ဝေးဝေးက ရှောင်ကြင်သူမို့ မတွေ့လိုက်ရပါဘူးဗျာ၊ သူတို့ပါပါမှ လူနှစ်ရာ လောက်ရှိတာပါ၊
ရွှေအဖွဲ့အစည်း ကတော့ များများမရှိပါဘူး လူနှစ်ရာ အဖွဲ့နှစ်ရာ မရှိပါဘူး၊ ဖွဲ့ပြီးရင် ကွဲတတ်ကြ လွန်းလို့ မောင်ရင်ငတေတို့တော့ အဖွဲ့ကို မဖွဲ့တော့တာပါ၊ မောင်ရင်ငတေတို့ရဲ့ မိတ်ဆွေတချို့နဲ့တော့ သောက်သုံးသူများသမဂ္ဂတို့ စားသုံးသူများသမဂ္ဂတို့ လယ်ယာပြန်စားရေး သမဂ္ဂတို့လို တရားမဝင် အသင်းလေးတွေတော့ ရှိပါတယ်၊ တပတ်တခါလောက် ချိန်းပြီးတော့ စားကြ သောက်ကြ အတင်း ဖလှယ်ကြပေါ့ဗျာ၊ ဒီအဖွဲ့ထဲကို မဝင်ကြတဲ့ တသီးပုဂ္ဂလ အမတ်မင်းများလည်း ရှိသပေါ့ဗျာ၊
ဒီပါရီ ရွှေမြို့တော်ကြီးဟာ ထူးခြားတာကတော့ မြို့တော်ကြီးကသာ မြို့ဟောင်း အဆောက်ဦး အဟောင်းတွေနဲ့သာ ပြည့်နှက်လို့နေပေမဲ့ လူတွေကတော့ ခေတ္တခဏ လာရောက်လည်ပတ်ကြတဲ့ သူတွေရယ် အမြဲတမ်းနေထိုင်ခွင့် ရမလားလို့ လာကြတဲ့သူတွေရယ်နဲ့ လူသစ် မျက်နှာသစ်တွေ အများစုကို တွေ့ကြရမှာ ဖြစ်ပါတယ်၊
အဟောင်းတွေနဲ့မြို့
ပါရီမြို့လယ်မှာ နှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ ဂုံးကျော်တံတားကြီးတွေ မိုးမျှော်တိုက်ကြီးတွေ တွေ့ရမှာ မဟုတ်ပါဘူး၊ ၉၀ ရာနှုန်းသော အဆောက်အဦများဟာ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ နှစ်ရာ သုံးရာက ဆောက်လုပ်ခဲ့တဲ့ အဟောင်းတွေသာဖြစ်ပါတယ်၊
၁၂ ရာစုမတိုင်ခင် ကတည်းကနေ ယနေ့ခေတ်ထိ ဥရောပရဲ့ အဓိက အချက်အချာကြတဲ့မြို့ ဖြစ်ခဲ့ပြီး နှစ်ပေါင်း လေးငါး ခြောက်ရာ သက်တမ်းရှိ နာမည်ကြီး ရှေးဟောင်း အဆောက်အဦးများ သာမက လူနေတိုက်ခန်းအဟောင်းပေါင်း မြောက်များစွာကလည်း ပါရီမြို့လုံးနှံ့ လက်ညိုးထိုးမလွဲ ယခုထိတိုင်အောင် ရှိနေသလို မမျှော်လင့်တဲ့အဖျက်အဆီးများ မရှိခဲ့ပါက နောက်နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိလို့ သွားမှာသေချာပါတယ်၊ အဟောင်းတွေနဲ့ တည်ရှိနေတဲ့ အဟောင်းတွေကို ခပ်တည်တည်ပြစားနေတဲ့ ဥရောပ ရှေးဟောင်း မြို့တော်ကြီးပေါ့၊
အများစုသော နန်းတော်ဟောင်း ရဲတိုက်ဟောင်း အိမ်ကြီး အိမ်ကောင်း အဟောင်းများဟာ ရှေးရှေးကတော့ မြေရှင် ငွေရှင် ပဒေသရာဇ် နယ်စားပယ်စားများ တဦးချင်းပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ယနေ့မှာတော့ နိုင်ငံတော်က ပိုင်ဆိုင်သော ဝင်ကြေး ၁၀ ယူရို ဝန်းကျင်ခန့် ပေးဝင်ရသော ပြတိုက်များအဖြစ် အသွင်ပြောင်းထားပြီး ကမ္ဘာလှည့်ခရီးသည်တွေ တန်းစီတိုး နေတာကို အမြဲလိုလို မြင်တွေ့ရမှာ ဖြစ်ပါတယ် ၊
တခါက ဖတ်ဖူးလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ျပေါ်က ကွန်မန့်တခုမှာ ပါရီမြို့ကိုလာလည်ခဲ့တဲ့ လန်ဒန်သူ နှစ်ဦးရဲ့ အပြန်အလှန် မှတ်ချက်မှာ ရေးထားတာကတော့ လန်ဒန်မြို့ကြီး ဘယ်လောက်ကြီးကျယ် ကြီးကျယ် ပါရီနဲ့ ယှဉ်လိုက်ရင်တော့ လက်သုတ်ပုဝါနဲ့ လက်နှီးစုတ်လို ကွာခြားလှပါပေတယ်တဲ့ ခင်ဗျား၊ မောင်ရင်ငတေရဲ့ မှတ်ချက်မဟုတ်ကြောင်းပါခင်ဗျား၊
အခုလက်ရှိ မောင်ရင်ငတေ နေနေတဲ့ ပါရီမြို့စွန် ဆင်ခြေဖုံးရပ်ကွက်တခုက နှစ်ထပ်နှစ်ခန်းတွဲ တိုက်ကလေးတောင်မှ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေမယ့် ဆက်လက်ရပ်တည်စဲပါ၊ ချဲ့ထွင်လာတဲ့ မြို့ပြနယ်နမိတ်အရတော့ သူ့နဘေးမှာ အထပ်မြင့်တိုက်တွေ ဝန်းရံလို့တော့ နေပါပြီ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ မလွှမ်းမိုးတဲ့ နေရာဖြစ်လို့ ဆက်လက်ရပ်တည်ချင်သပ ဆိုရင်ဖြင့် ရပ်တည်ခွင့် ဆက်လက်ပြီးတော့ ရှိနေမှာပါ၊
ငွေကြေးဝါးလား ကြီးတွေတော့ မရှိဘူးလားမဟုတ် ရှိတာပါဘဲ၊ ဒါပေမဲ့ ဥပဒေရဲ့ အထက်မှာတော့ ဘယ်အလွယ်တကူ ရပ်တည်လို့ ရနိုင်ပါ့မလဲဗျာ၊ ဒီနေရာကိုလည်း လုပ်ငန်းရှင်ကြီးတွေက ရယူလိုပေမယ့် အခန်းပိုင်ရှင် တဦးတလေက သဘောမတူရင်ဖြင့် ဘယ်လိုမှ မသိမ်းပိုက် နိုင်ကြောင်းပါ ခင်ဗျာ။
ဒီလိုအခန်းလေးတွေတောင်မှ ငှားရဖို့ မလွယ်ကူပါဘူး စတုရန်းမီတာ ၂၀ ပတ်ဝန်းကျင်ခန့်သာ ကျယ်တဲ့အခန်းလေးတွေကို တလငှားခ ယူရို ၅၀၀ အနည်းဆုံး ပေးရပါတယ်၊ ဒါက အခွန်အခတွေ မပါသေးဘူးနော်၊ စာရွက်စာတမ်း တထပ်ကြီး ပြည့်စုံရင်တောင်မှ အိမ်ငှားဧဂျင်စီတွေက မယုံကြည်လို့ လွယ်လွယ် ကူကူ မငှားရမ်းပါဘူး၊ သတ်မှတ်ထားတဲ့ ဥပဒေမှာလည်း အိမ်ငှားတဦးရဲ့ တလဝင်ငွေဟာ အိမ်ငှားခရဲ့ သုံးဆ ရှိရမှာဖြစ်ပါတယ်၊ တကယ်တန်း အခြေခံလူတန်းစား အလုပ်သမားတဦးရဲ့ လခကတော့ ၁၂၀၀ ခန့်သာ ရတာဖြစ်လို့ ၅၀၀ တန် အခန်းတခုငှားဖို့ မလုံလောက်ပါဘူး ခင်ဗျား၊ ဘယ်လိုပညာရှင်တွေ တွက်ချက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေလည်းလို့ မောင်ရင်ငတေ စဉ်းစားပြီး ချာလပတ်လည်သွား ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)







Comments