တာဝန်ကျေခဲ့ကြပါတယ်
ကိုဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ
နိုဝင်ဘာ ၄၊ ၂၀၁၂
နိုဝင်ဘာ ၄၊ ၂၀၁၂
“အပူပေါ် အပူဆင့်” ဟုပင်ခေါ်ရမလား။ “ကံဆိုးမ
သွားရာမိုးလိုက်လို့ရွာ” ဟုပင်ဆိုရမလားမသိ/ ၂၇.၉.၂ဝ၁၂ ရက်နေ့တွင်
မမြင့်မြင့်အေး တစ်ယောက် မိခင်၏ဇောဖြင့် ရေထမ်းကာ မီးရထားသံလမ်းပေါ်တွင်
လမ်းလျှောက်လာရင်း ပဲခူးမှ ရန်ကုန်သို့ ထွက်ခွာလာသော မီးရထား၏
ဥသြဆွဲသံကိုပင် မကြားနိုင်တော့သည့်အခြေအနေ။ မမြင့်မြင့်အေး၏ အခြေအနေကို
ရိပ်စားမိဟန်တူသော မီးရထားစက်ခေါင်းမောင်း ဝန်ထမ်းတဦးမှ
ရထားကိုအရှိန်လျော့ကာ ရထားဦးခေါင်း၏ အရှေ့ပိုင်းသို့ထွက်ကာ
မမြင့်မြင့်အေးအား တွန်းထုတ်ပစ်လိုက်ရာ မမြင့်မြင့် အေးသည်
အနည်းငယ်ထိခိုက်ပြီး အသက်အန္တရာယ်မှလွတ်မြောက်ခဲ့ပေသည်။ သို့သော်
မမြင့်မြင့်အေးတစ်ယောက်၏ လက်ဝဲဘက်လက် ကျိုးပြီး
ဦးခေါင်းအနည်းငယ်ပေါက်ပြဲကာ ခြေထောက်နှင့်ကျောပြင်အချို့တွင်
ဒါဏ်ရာများရရှိသွားသည့်အတွက် မီးရထားဝန်ထမ်းများမှ တာဝန်သိစွာဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူစေခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်ပတ်ခန့် လာရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံမှဆင်းကာ နေအိမ်၌ သောက်ဆေးသောက်နေထိုင်ပြီး တစ်လအကြာတွင် ဆေးရုံသို့ ပြန်လည်ပြသမည့်နေ့ရက်ကို စောင့်ဆိုင်း နေခဲ့သည်။ တစ်လစာအတွက် သောက်ဆေးအား ဝယ်ယူသောက် သုံးရမည်ဖြစ်သော်လည်း တစ်ပါတ်စာ ဆေး သောက်ပြီးနောက် ဆေးဖိုးမတတ်နိုင်သဖြင့် ဆေးမသောက်ပဲနေခဲ့ရသည်။ ၄င်းတို့၏ ဒုက္ခကို သိရှိနေသော အနီးပတ်ဝန်းကျင်အိမ်မှ သူနာပြုဆရာမတစ်ဦးမှ မိမိတတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သလို ပတ်ဝန်းကျင်ရှိနေ အိမ်များမှ တစ်အိမ်လျှင် (၁ဝဝ) ကျပ်နှုန်းဖြင့် လိုက်လံကောက်ခံရန် ကြိုးစားခဲ့သော်လည်း ရပ်ကွက်၏စီးပွားရေးအခြေအနေနှင့် စားဝတ်နေ ရေးအခက်အခဲတို့ကြောင့် ထမြောက်အောင်မြင်မှုမရှိခဲ့ပေ။ ပတ်ဝန်းကျင်မှလည်း ထိုငွေ (တစ်ရာကျပ်) ကိုပင်ထည့်ဝင်နိုင်ရန် အင်အားမရှိ။
ရပ်ရွာရှိ စေတနာရှင်အချို့မှ တတ်နိုင်သလောက်ကူညီပေးကြသော်လည်း မတတ်နိုင်သည့်အဆုံး ထိုသူနာပြုဆရာမလေးသည် ၂၉.၁ဝ. ၂ဝ၁၂ ရက်နေ့တွင် မမြင့်မြင့်အေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်ပြသရန် လူနာတင်ယာဉ်လိုအပ်သဖြင့် တဆင့်စကား တဆင့် ကြားကာ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အကူအညီတောင်းခဲ့ သည်။ လူနာ မမြင့်မြင့်အေးအား အကူအညီပေးရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ် ရေး တာဝန်ခံ - ဦး အာကာဦးဆောင်၍ အရေးပေါ်ကယ်ဆယ်ရေး (ရှေးဦးသူနာပြု) အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်စိုင်း၊ ဒေါ်မျိုးမျိုးအေးနှင့် ယာဉ်မောင်း ဦးဘို ဘိုတို့မှ လူနာ၏နေအိမ်ရှိရာ အမှတ် (၁၄၄)၊ လေးထောင့် ကန်မြို့နယ်သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော ရန်ကုန်ပြည်သူ့ဆေး ရုံကြီးသို့ ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်ကာ ကူညီပေးခဲ့ကြသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောဆေးကုသမှုများ ထပ်မံခံယူ စေပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရုံမျှမက စားရေးသောက်ရေးနှင့် ဆေးဖိုးအတွက် အခက်အခဲဖြစ်နေသော မမြင့်မြင့်အေးနှင့် မိခင်ကြီး ဒေါ်နှင်းကြည်တို့အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အရေး ပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေး များဖြင့် ဆေး၊ အစားအသောက်၊ အချိုရည်ဗူးများ နှင့် ငွေကျပ် ၁၅ဝဝဝိ/- (တစ်သောင်းငါးထောင်) ကျပ်တိတိ ကူညီထောက်ပံ့ပေးခဲ့သည်။
ယခုဖြစ်စဉ်တွင် ဝေဒနာသယ် မိခင် ဒေါ်နှင်းကြည်အတွက် သမီး မမြင့်မြင့်အေး တာဝန်ကျေခဲ့သလို မီးရထားဝန်ထမ်းများနှင့် သူနာပြုဆရာမ လေးသည်လည်း မမြင့်မြင့်အေးအပေါ်တွင် မေတ္တာ၊ စေတနာ အပြည့်ဖြင့် တာဝန်ကျေခဲ့သည်။ ထို့အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် အသင်းသူ/သားတို့သည်လည်း တာဝန် ကျေခဲ့ကြပါသည်။ သို့ပေမယ့် ယခုလို မိသားစုများ မြန်မာပြည်တွင် အမြောက်အများရှိနေခဲ့တယ် ယခုလည်း ရှိနေဆဲ။ နောင်တွင်လည်း …. ။ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူလူထုအတွက် ကိုယ်ကျိုးမဖက် ဆက် လက်ပေးဆပ်ရင်း တာဝန်ကျေနေရဦးမည်ဟုသာ ကျွန်တော်တွေးမိပါတော့သည်။
Comments