Cartoons on Fire of Letpadaung - cartoon booklet from MoeMaKa

လက်ပံတောင်းတောင်အရေး ထုတ်ဖော်တဲ့ ကာတွန်းများကို စုပြီး လက်ကမ်းစာစောင် ထုတ်မည်
မိုးမခ၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂
မိုးမခက ကာတွန်းဆရာများနဲ့ မိုးမခစာမျက်နှာမှာ ကောက်နုတ်ဖော်ပြခဲ့တဲ့ ကာတွန်းဆရာများခင်ဗျား ...
ဒီအကြောင်းကြား စာတိုကလေးကတော့ အထက်ပါအတိုင်း လက်ပံတောင်းတောင်အရေးမှာ သွေးမအေးတဲ့ ပြည်တွင်း ပြည်ပက ကာတွန်းဆရာတွေဟာ လက်မနှေး လျင်မြန်စွာနဲ့ လက်ပံတောင်းတောင်အရေးကို ပြည်သူတွေသိရှိခံစားချက်အတိုင်း ဖော်ထုတ်ရေးသားတဲ့ ကာတွန်းတွေ ထုတ်ဖော်ခဲ့ကြပါတယ်။
အဲသည်ကာတွန်းဆရာတွေရဲ့ ကာတွန်းတွေကို မိုးမခမှာ တောက်လျောက်ဖော်ပြခဲ့ပါတယ်။ မိုးမခရဲ့ ပင်တိုင်ကာတွန်းဆရာတွေရဲ့ လက်ရာတွေ ပါသလို၊ ဖေ့စ်ဘွတ်နဲ့ အင်တာနက်က တဆင့် နှစ်သက်မိသော ကာတွန်းဆရာများရဲ့ ကာတွန်းတွေကိုလည်း ကောက်နုတ်ပြီး မိုးမခမှာ ဖော်ပြခဲ့ပါတယ်။
အခု မိတ်ဆွေကာတွန်းဆရာတွေကို လေးစားစွာ အသိပေး ခွင့်တောင်းလိုတာကတော့ အဲသည်ကာတွန်းတွေကို စုစည်းပြီးတော့ လက်ကမ်းစာစောင်လေး ထုတ်ပါမယ်။ ထုတ်ပေးဖို့ ၀ါယမစိုက်သူတွေကတော့ San Francisco Burmese Community Organizers & Friends ဆိုတဲ့ မိုးမခမိတ်ဆွေ စာပေချစ်သူတွေပါပဲ။
 ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုတွေရဲ့ အများကောင်းမှု စုပေါင်းအလှူအဖြစ် လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ကူညီရန် အလှူငွေ လိုက်လံကောက်ခံကြတဲ့ နေရာမှာ အဲသည် ကာတွန်းလက်ကမ်းစာစောင်လေးကို အများသူငှာ စိတ်ပါဝင်စား အမှတ်တရသိမ်းဆည်းနိုင်ဖို့ မေတ္တာလက်ဆောင် လက်ဆင့်ကမ်းပေးမှာ ဖြစ်ပါတယ်။ အများပြည်သူ အလှူရှင်တွေရဲ့ ကုသိုလ်အပြင် ကာတွန်းအနုပညာရှင်တွေရဲ့ အနုပညာနဲ့ တိုက်တွန်းနှိုးဆော်တဲ့ ကုသိုလ်ကိုပါ လက်ဆင့်ကမ်းတဲ့ သဘောဖြစ်ပါတယ်။
ဒါကြောင့် မိုးမခက ပင်တိုင်ကာတွန်းဆရာတွေကော၊ မိုးမခအကြိုက် ကာတွန်းဆရာတွေကိုပါ ဒီကနေ ရိုသေလေးမြတ်စွာ ကာတွန်းစာစောင်လေးမှာ ထည့်သွင်းခွင့်ပြုပါရန် ခွင့်တောင်းလိုက်ပါတယ်။
(အကြောင်းအကျိုး ဆက်သွယ်ချင်ပါက editors @ moemaka.com ကို အီးမေးပို့ထားပါခင်ဗျား)

Comments