EPC Man - Corruption in Ministry of Electrical Power No. 2


လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်း (အပိုင်း ၃)
အီးပီစီက လူ၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၂
အဂတိလိုက်စားမှု့တွင် သရဖူရ လျှပ်စစ်ဌာန (၂)
၂၀၁၂ ခုနှစ်တွင် ဖယောင်းတိုင်ထွန်း ၍ ဆန္ဒ္ဒပြမှု့များအပြီး ၂၀၁၃ အတွက် ၀န်ကြီးမှ အားသွန်ခွန်စိုက် ကြိုတင်ပြင်ဆင်ပုံများကို ထပ်မံတင်ပြပါဦးမည်။
သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံများသည် နွေအခါတွင် မြို့ကြီးများအား ဓါတ်အား ပေးနိုင်ရန် အဓိက အခန်းကဏ္ဍမှပါဝင်ပါသည်။ သို့ပါ ၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ ပြင်ဆင်ခြင်းကို ဌာနမှ ၀န်ထမ်းများဖြင့် နှစ်စဉ် ဆောင်ရွက်လျှက် ရှိပါသည်။ ယခင်နှစ်များက ပုံမှန်ပြင်ဆင်ခဲ့ပါသော်လည်း ယခုနှစ်တွင် ဌာနမှပြင်ဆင်ရန် ခွင့်မပြုခဲ့ပါ။ ယခုနှစ်တွင် ၀န်ကြီးမှ နွေရာသီ ဖယောင်းတိုင် မထွန်းရရေး အကြောင်းပြ၍ အခွင့်အလမ်း ကြီး တစ်ခုအား ဖန်တီးပါတော့သည်။
အလုံနှင့်လှော်ကား သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ ကို ပြင်ဆင်ရန်အတွက် ကုမ္ပ္ပဏီ နှစ်ခုအား တင်ဒါမခေါ်ဘဲ ပေးရန် ပြင်ဆင် ပါတော့သည်။ ၂၀၁၂ စက်တင်္ဘာလအတွင်း ကုမ္ပ္ပဏီများကို ခေါ်ယူ၍ နွေရာသီအမှီ မီးပေးနိုင်ရန် အကြောင်းပြပြီး ထို ကုမ္ပ္ပဏီ နှစ်ခုအား ပြိုင်ဘက်မရှိ လုပ်ငန်းအပ်နှံမည် ဖြစ်ကြောင်း အသိပေးပြောကြားပါသည်။
ထို ကုမ္ပ္ပဏီ နှစ်ခုမှာ NONOVA ကုမ္ပ္ပဏီ နှင့် GQM ကုမ္ပ္ပဏီ တို့ဖြစ်ပါသည်။ ၀န်ထမ်းများနှင့် နှစ်စ မိုးတွင်းကာလ တည်းကပြင်ဆင်ပါက စက်ရုံတစ်ရုံလျှင် အမေရိကန် ဒေါ်လာ သုံးသန်း ခန့်ကုန်ကျမည်ဖြစ်ပြီး ကုမ္ပ္ပဏီ တစ်ခုလျှင် အမေရိကန် ဒေါ်လာ ဆယ်သန်းကျော် ဖြင့် အပ်နှံခြင်း ဖြစ်ပါသည်။  ထို့အပြင် ဤမျှ တန်ဘိုးကြီး ပေးထား၍ သက်တမ်းအာမခံမှာ တစ်နှစ်ဖြစ်ပါသည်။
ထိုအသိပေးသည့် ပွဲတွင် ၀ိုင်းဝန်းကန့်ကွက် ကြသည့်အပြင် လွှတ်တော်ကို တိုင်မည်ဆိုသောကြောင့် ၀န်ကြီးမှ တင်ဒါ ခေါ်ယူစေခဲ့ပါသည်။ ဤတန်ဘိုးကြီးပြီး အသေးစိတ်ပြင်ဆင်ရမည့် တင်ဒါကိုလည်း နှစ်ပတ်နှင့်ပိတ်၍၊ တင်ဒါမပိတ်မှီပင်တွင် ပေးထားပြီးသား ကုမ္ပ္ပဏီ နှစ်ခုနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်စေခဲ့ပါသည်။
နောက်ဆုံးရသတင်းများအရ GQM မှ မည်မျှ အကုန်ခံထားသည်ဖြင့် ထွက်လာနေရာ ၀န်ကြီးမှ နှုတ်ပိတ် ရတော့မည်ဖြစ်ပါသည်။ သို့ပါ ၍ ၀န်ကြီးမှ ထိုအလုပ်ကို အထက်ပါ ကုမ္ပ္ပဏီ နှစ်ခုအား မပေးမဖြစ် ပေးရတော့မည် ဖြစ်ပြီး တင်ဒါဝင်ပြိုင်သူ များအနေနှင့် နှစ်သိမ့်ဆု အဖြစ် ရေနွေးငွေ့စက်များပြင်ဆင်ရန်သာ ရရှိတော့မည်ဟု ကြားသိနေရပါသည်။ အစဉ်အလာအားဖြင့် ဌာနမှသာ ပြင်ဆင်နေရာမှ ၀န်ကြီး၏ ခေါင်းစဉ်တပ် အမိအရ စီးပွားရှာမှု့ကြောင့် လာမည့်နွေရာသီတွင်ဓါတ်အား မလောက်ငှမှု့ကို ပြည်သူများ ကြုံတွေ့နိုင်ပါကြောင်း။ အကယ်၍ ရေအားလျှပ်စစ်ကို ဆည်ရေကုန်သည်အထိ အစွမ်းကုန်သုံးမည်ဆိုပါက ဆည်များပျက်စီးမှု့ ဖြစ်ပွားနိုင်ကြောင်း ကြိုတင် အသိပေး တင်ပြအပ်ပါသည်။
အသစ် တည်ဆောက်မည့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများနှင့် ပတ်သက်၍ တွက်ချက်ပြပြီးဖြစ်သော်လည်း၊ ၀န်ကြီး၏ ကိုယ်ကျိုးအတွက် ချယ်လှယ်မှု့ များကို ဆက်လက်တင်ပြပါမည်။
လျှပ်စစ်ဌာနမှ ၀န်ထမ်းများအနေနှင့် ဓါတ်အားပေးစက်ရုံ စီမံကိန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြုပ်နှံသူများနှင့် အကျေအလည်ဆွေးနွေးကြပါသည်။ လျှပ်စစ်ဌာန၏ အခြားပြဿနာ တစ်ခုမှာ တပ်မတော်မှ ပြောင်းလာကြသော ၀န်ထမ်းများ ဖြစ်ပါသည်။ ထိုသူများသည် အခွင့်အရေး သာစောင့်နေပြီး အဂတိလိုက်စားမှု့မှာလည်း ထိပ်တန်း သို့ရောက်နေပါသည်။
ပညာရှင်များက နိုင်ငံ့အကျိုးအတွက် အကျေအလည် ဆွေးနွေးလိုပါသော်လည်း တပ်မတော်မှ ပြောင်းလာကြသော ၀န်ထမ်း ဌာနအကြီးအကဲမှ "မင်းတို့ပေးရတာမဟုတ်ဘူး ဈေးနှုန်းသဘောတူလိုက်၊ ၀န်ကြီးမှ သဘောတူခိုင်းနေပြီ …" ဆိုသောကြောင့် အဆိုပြု တစ်ကီလိုဝပ်နာရီဈေးနှုန်း ၁၃.၁၃ ဆင့်ဖြင့် ပြည်သူမှ အမေရိကန် ဒေါ်လာ နှစ် ဘီလီယံ ပေးဆပ်ရမည့် အခြေအနေ ဖြစ်ပါသည်။
ပွင့်လင်းမြင်သာမှု့ အနေနှင့် ရင်းနှီးမြုပ်နှံသူများဘက်မှ တွက်ချက်နည်းကို တင်ပြရန် ပညာရှင်များမှ နိုင်ငံအတွက် စီစစ်လို၍  တောင်းဆို ပါသော်လည်း မည်သည့် တွက်ချက်မှု့ကိုမျှ အသေးစိတ် ရှင်းလင်း တင်ပြမှု့မပါဘဲ ၀န်ကြီးအမိန့်ဖြင့် လက်ခံခိုင်းခဲ့ပါသည်။ မည်မျှ နိုင်ငံပေါ် တာဝန်မဲ့သော ဌာနအကြီးအကဲပါလဲ၊ နိုင်ငံအတွက်မည်မျှသစ္စာမဲ့သော ၀န်ကြီးပါလဲ။ ဌာနမှ သုံးသပ်ချက်ကို မယူ၊ ပညာရှင်များ၏ အကြံပြုချက်အား ထည့်မစဉ်းစား၊ ကိုယ့်တစ်ဘို့ တည်းသမား ၀န်ကြီး ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အား ရရှိရေး ခေါင်းစဉ်အောက်တွင် ရေတို ဓါတ်အားပေး စက်ရုံများ လည်းအပါအ၀င်ဖြစ်ပါသည်။ လျှပ်စစ်ဓါတ်အား မြန်ဆန်စွာ ရရှိရေးအတွက် ၅၀ မီဂါဝပ် သဘာဝဓါတ်ငွေ့သုံးအင်ဂျင် များတပ်ဆင်ရန် လက်သင့်ရာ ကုမ္ပ္ပဏီများကို ပြိုင်ဘက်မရှိ ပေးလိုက်ပြန်ပါသည်။ ထို ကုမ္ပ္ပဏီများမှာ ၀န်ကြီး မဖြစ်မှီ၊ ရန်ကုန်ဲမြို့တော် ဓါတ်အားပေး အဖွဲ့ ဥက္က္ကဌ ဖြစ်စဉ်က နီးစပ်ခဲ့သည့် ကုမ္ပ္ပဏီများ ဖြစ်ပါသည်။ စာချုပ်ပါ အချက်အလက်များမှာ အငြင်းပွား ဘွယ်ရာများစွာ ပါရှိနေပါသော်လည်း ၀န်ကြီးအမိန့်နှင့် မည်သူမှ မတားဆီးရဲ၊ အကြံမပြုရဲ၊ မကန့်ကွက်ရဲ ဖြစ်နေပါသည်။  စာချုပ်တွင် တစ်ကီလိုဝပ်နာရီ ထုပ်လုပ်ပေးရန်အတွက် နိုင်ငံတော်မှ ကုမ္ပ္ပဏီကို ၃.၅ ဆင့် ပေးရမည် ဖြစ်ပါသည်။ သာမန်အားဖြင့် မှန်သည်ထင်ရသော်လည်း နိုင်ငံတော်မှ အနာ ချည်းသာဖြစ်ပါသည်။
လှော်ကား နှင့် အလုံ ကဲ့သို့သော သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံများ တွင် တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန်အတွက် ခန့်မှန်း ဓါတ်ငွေ့ဘိုး ကုန်ကျ စရိတ် မှာ ၈ မှ ၁၀ ဆင့် အတွင်း ကုန်ကျမည် ဖြစ်ပြီး ခန့်မှန်း ထုပ်လုပ်ခမှာ ၃ မှ ၄ ဆင့် အတွင်း ကုန်ကျမည် ဖြစ်ပါသည်။ စုစုပေါင်းအနေနှင့် တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန် အတွက် ၁၁ မှ ၁၄ ဆင့် အတွင်းသာ ကုန်ကျပါမည်။
သဘာဝဓါတ်ငွေ့သုံး အင်ဂျင်များ၏ စက်စွမ်းရည်မှာမူ အလွန် နိမ့်ကျပါသည်။ သဘာဝဓါတ်ငွေ့သုံး အင်ဂျင်များဖြင့် ထုပ်လုပ်ပါက တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန် အတွက် ဓါတ်ငွေ့ဘိုး ခန့်မှန်း ကုန်ကျစရိတ် ၁၄ မှ ၂၀ ဆင့် အထိ ကုန်ကျ နိုင်ပါသည်။ စုစုပေါင်း အနေနှင့် တစ်ကီလိုဝပ်နာရီ ဓါတ်အား ထုပ်လုပ်ရန်အတွက် ၁၇.၅ မှ ၂၃.၅ ဆင့် အတွင်း ကုန်ကျပါမည်။ ၀န်ကြီး၏ခေါင်းစဉ်တပ် အမြတ်ထုတ်သည့် အလုပ်မှာ တိုင်းပြည် အတွက် အလွန် နစ်နာပါသည်။ မည်သူမျှ ဓါတ်အားခ ပိုပေးစရာ မလိုသော်လည်း တိုင်းပြည်၏ ဘဏ္ဍာ ယိုဖိတ်နေသည်ကို အများသိရှိ၍ တားဆီးနိုင်ရန် တင်ပြအပ်ပါသည်။
ဝန်ကြီး၏ အခြားကျွမ်းကျင် ရာအလုပ်မှာ သမ္မတကြီး အား ခေါင်းစဉ် တပ်ခြင်းပင် ဖြစ်ပါသည်။ အလုပ်တော်တော်များများအား မိမိဘာသာ စတင်၍ မလုပ်ဘဲ၊ သမ္မတကြီး၏ ညွှန်ကြားချက်ကို ခုတုံးလုပ်ပြီး ကျွဲကူးရေပါ ကိုယ်ရောင်ဖျောက်၍ ကိုယ်ကျိုးရှာခြင်းပင် ဖြစ်ပါသည်။ အမြဲတစေ သမ္မတကြီးခိုင်းသည့် အတွက်ဟုပြောကာ ပညာရှင်များ၏ အကြံပြုချက်၊ သုံးသပ်ချက် များ ကို လှစ်လျူရှု့ ပြီး လုပ်ချင်ရာများကို အမိန့်နှင့်လုပ်ဆောင် နေဆဲဖြစ်ပါသည်။
သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံရင်းနှီးမြုပ်နှံမှု့များတွင် "ဦးကြိုင်သန်းရွှေ"  ပါဝင် လာပြီး သထုံနှင့် မော်လမြိုင်မြို့များ အတွက် MOU ထိုးပြီးကြောင်း၊ ၀န်ကြီးမှာ ဦးသန်းရွှေ၏ လူရင်းတစ်ဦးဖြစ်၍၊ မပြုတ်နိုင်ဘဲ ရာထူးတိုးကာ လျှပ်စစ် နှစ်ခုပေါင်း ၀န်ကြီးဖြစ်လာပြီး ထင်သလို စီးပွားရှာကာ တိုင်းပြည်၏ အနာဂါတ်ကို ရောင်းစား နေသူ ဖြစ်ကြောင်း ကြားရသိရ ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ၀န်ကြီး၏ တစ်ချက်လွှတ်အာဏာ နှင့် အုပ်ချုပ်၍၊ ပညာရှင်များ မည်သို့မျှမလွန်ဆန်နိုင်ဘဲ၊ အလွှာပေါင်းစုံတွင် အဂတိလိုက်စားမှု့ မြင့်မားနေဆဲဖြစ်သော လျှပ်စစ်ဝန်ကြီးဌာန နှင့် လျှပ်စစ်ဝန်ကြီးကို အများပြည်သူများ၊ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ကြသော ပညာရှင်များ၊ မီဒီယာများမှ မပြတ် စောင့်ကြည့်သင့်ကြောင်း ကျွန်ုပ်တို့၏ အနာဂါတ် မျိုးဆက်များအတွက် အကူအညီတောင်းခံ တင်ပြအပ်ပါသည်။
(ဆောင်းပါးစာတမ်း တင်ပြချက် အပိုင်း ၃ ပိုင်း ၏ အဆုံး)

Comments