သုံးဖက်မြင် အနိမ့်စံရဲ့ ကောင်းကင် ကစားပွဲ
ကျော်ဟုန်း၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၂
သုံးဖက်မြင် ဖန်တည်းပေးခဲ့ပေမယ့်
နေရာရွေးမှားခဲ့လေသလား
(သုံးအချိုးသုံးရဲ့ ရလဒ် တစ်) မဖြစ်ခဲ့
ဝမ်းမနည်းတတ်တဲ့ (ဂရပ်ဖီတီ/ Graffiti)။
လောကသားတွေကေို
ဗင့်ဆင့်ဗန်ဂိုးအကြည့်နဲ့ သာ မြင်လိုက်
တချိန်မှာ တန်ဖိုးထားတတ်လာမယ် ဂရပ်ဖီတီ။
ဆန်းသစ်မှုနဲ့ ထွင်းဖောက်အမြင်ဆိုတာ
ချက်ချင်းလက်ခံရိုး မရှိတတ်ကြ
တယူသန်တို့ ရဲ့ နေမြဲနေလိုခြင်းကို
အင်နားရှားက ရှာဖွေပြခဲ့သတဲ့ ဂရပ်ဖီတီ။
ဒါ..လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်
အမြဲမှန်ကန်ခြင်းလို သစ္စာ
ဘယ်သူတွေ ဘယ်လိုအမြင်ရှုပ်နေဆဲလဲ
မင်းမူ မင်းဟန်အတိုင်းသာ
ရှင်းပတဲ့ စေတနာနဲ့ ခင်းပြလိုက် ဂရပ်ဖီတီ။
လူတွေ... လူတွေ...
မှန်ကို ကြည့်ကြတဲ့အခါတိုင်း
ကိုယ့်ရုပ်လွှာပျောက်
(ဂရပ်ဖီတီ)ကို မြင်တတ်ပါစေ
(ဂရပ်ဖီတီ)လို ကျင့်ကြံနိုင်စေ
(ဂရပ်ဖီတီ)ဆို ချစ်တတ်ပါစေ
ဂုဏ်ပြုပါရစေ ဂရပ်ဖီတီ
ငါက မင်းနဲ့  အသည်းချင်းတူတဲ့သူလေ။
တနေ့ (မျှော်လင့်ခြင်းအပြည့်နဲ့ တနေ့ )
လူတိုင်းမဟုတ်လဲ အများစုက
မင်းလို စိတ်ထားနဲ့ 
မင်းလို ကျင့်ကြံနိုင်မယ့် တနေ့ 
ဂရပ်ဖီတီရေ...
မင်းက သူတို့ အနားမှာ ရှိမရှိ မသေခြာလဲ
ငြိမ်းချမ်းရေးအလှ ငါမြင်နေ။ ။
Comments