Kyaw Thu - FFSS Yangon Activity,

ချွန်စေ ... မြစေသား
နာရေးကူညီမှုအသင်း - ရန်ကုန်
ဒီဇင်ဘာ ၂၊ ၂၀၁၂

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နယ်ပရဟိတအသင်းများ လူမှုစွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲ အခမ်း အနားအား ၂၄.၁၁.၂ဝ၁၂ ရက်နေ့တွင် အသင်းတည်ရှိရာ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ် တွင်ကျင်းပခဲ့သည်။ အဆိုပါသင်တန်းသည် နယ်မြို့များရှိ ပရဟိတအသင်းအဖွဲ့များအတွက် အဓိကရည်ရွယ်၍ ပရဟိတလုပ်ငန်းများ ပိုမို၍ စနစ်တကျ စွမ်းဆောင်ပေးဆပ်နိုင်ရန်နှင့် ပရဟိတစိတ်ဓါတ်များမြှင့်တင်ပေးနိုင်ရန်၊ မိမိတို့ ရှင်သန်ရာ ပတ်ဝန်းကျင်အကျိုးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်း တိုးတက်ရှင်သန်လာရေးအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်။ ၄င်းသင်တန်းအား မန္တလေး၊ တောင်ကြီး၊ တာချီလိတ်၊ ဥသျှစ်ပင်၊ ပုတီးကုန်း၊ ဝါးခယ်မ၊ ညောင်တုန်း အစ ရှိသောမြို့နယ်ပေါင်း (၁၆) မြို့နယ်နှင့် ရန်ကုန်မြို့တွင်းရှိ ဗဟန်း၊ မရမ်းကုန်း၊ သာကေတ၊ ဒဂုံ/တောင်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တို့မှ အသင်းအဖွဲ့များ သင်တန်းသား/သူ စုစုပေါင်း (၃၆) ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စခန်းသွင်း၍ သက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်းကာ ရက်တိုသင်တန်းအဖြစ် ၁၉.၁၁.၂ဝ၁၂ ရက်နေ့မှ ၂၄.၁၁.၂ဝ၁၂ ရက်နေ့အထိ (၆) ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့သည်။

ထိုသင်တန်းတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ Activities of F.F.S.S and F.F.S.S Biography အား Projecter ဖြင့်ပြသ ရှင်းလင်းခြင်း၊ အတွင်းရေမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွတ်မှ ဗုဒ္ဓဓမ္မနှင့် ပရဟိတ၊ အလုပ်အမှုဆောင်အဖွဲ့မှ Working In Group Skill၊ ဦးလွင်ကိုလတ်မှ Civil Society၊ ဦးဖူးကျော်ဇင် (Future Wave)မှ  Leadership Skills၊ ဒေါ်စီစီမာမှ Financial Rules၊ ဦးကျော်ဇောနိုင်မှ Legal Knowledge and Community Awareness၊ ဦးသန်းနိုင်မှ Water Filtration System Demonstration Workshop Training၊ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့မှ Production of Organic Shampoo and Liquid soap၊ ဒေါ်သီတာမှ Interpersonal Skill၊ ဦးမန်းသိုက်ထွန်းမှ Human Right အစရှိသော ဘာသာရပ်များအား လက်ဆင့်ကမ်း၍ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ လူမှုရေးသမားများအတွက် မေတ္တာစေတနာဖြင့် သင်ကြားပို့ချခဲ့ကြသည်။

၂၄.၁၁.၂ဝ၁၂ရက်နေ့ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ “သင်တန်းသား/သူများအနေဖြင့် ယခုကဲ့သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သင်ယူခဲ့သော လူမှုရေးပညာရပ်များဖြင့် မိမိတို့၏ဒေသ ပတ်ဝန်းကျင်၏ အကျိုး အတွက် မည်မျှပင်အခက်အခဲ အနှောင့်အယှက် အယူသီးမှုများရှိစေကာမူ မလျှော့သော ဇွဲလုံ့လတို့ဖြင့် ဗြဟ္မာစိုရ်တရား လေးပါးလက်ကိုင်ထားကာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆထက်တန်ဘိုးတိုးတက်၍ ပေးဆပ်နိုင်သူများ ဖြစ်ကြပါစေဟုဆန္ဒ ပြုအပ်ပါကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များမှ သင်တန်းသားတစ်ဦး ချင်းအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား/သူများမှ သင်ကြားမှုနှင့်ပတ်သတ်၍ ၄င်းတို့၏ အထင်အမြင်များ ဆွေးနွေးဖလှယ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ယင်းနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရုံးခွဲ၌ ထမ်းဆောင်ပေးဆပ်မှုများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်၍ မျိုးစေ့ချ ပြုစုပျိုးထောင်ပေးခဲ့သော နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ဘဘဦးသုခ၏ အုတ်ဂူရှိရာသို့ သင်တန်းသား/သူများအား လိုက်လံပို့ဆောင်၍ ဂါရဝ ပြုခဲ့ကြသည်။

ယခုကဲ့သို့ လူမှုစွမ်းရည်မြှင့်သင်တန်း၌ တက်ရောက်ခဲ့ကြသော သင်တန်းသားများသည် ဖြူစင်သောပရဟိတ စိတ် စေတနာကောင်းများဖြင့် မိမိတို့၏ ရပ်ရွာအကျိုးကို ဦးဆောင်နေကြသူများဖြစ်သလို အနာဂါတ်၏ ခေါင်းဆောင်များလည်း ဖြစ်လာမည်ဟုလည်း ခံယူမိပါသည်။ ထိုအနာဂါတ် လူထုခေါင်ဆောင်လောင်းများအား နဂိုရှိရင်စွဲ အရည်ချင်းများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မြှင့်တင်၍ သွေးချွန်ပေးလိုက်သော လူမှုရေးစွမ်းရည်များအပေါ်တွင် ကြည်နူးပီတိဖြင့် ဂုဏ်ယူရင်း ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “ကောင်းမျိုးထွေထွေရယ်နှင့် ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော’’ ဟူသော စာသားလေးအား သတိရလျှက် “ချွန်စေမြစေသား” ဟုပင် ပရဟိတ မျိုး ဆက်သစ်များတို့အား ဂုဏ်ပြုမှတ်တမ်းတင်မိပါတော့သည်။

Comments