Letter from Gatekeeper of Hlaing Thar Yar Hospital


ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့သူကို သိစေချင်လွန်းလို့ ရင်ဖွင့်တာပါ
လှိုင်သာယာဆေးရုံစောင့်၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၂
ခရစ္စမတ်နေ့၊ ဒီဇင်ဘာ ၂၅ ရောက်ခါစ မနက်ဝေလီဝေလင်း နှစ်နာရီခန့်မှာ ရန်ကုန်မြို့ရဲ့ ဓါးထိုးမှု၊ လူသတ်မှု၊ လုယက်မှု၊ ရန်ဖြစ်မှု၊ မူးယစ်ရမ်းကားမှု အများဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ် ဆေးရုံတွင်း ပရ၀ုဏ်မှာ ညစ်ညမ်းစွာ မူးယစ်ဆဲဆို သောင်းကျန်းမှု တစ်ခုဖြစ်ပွါးခဲ့ပါတယ်။
မျိုးမင်းအောင် အသက်(၁၇)နှစ်ခန့် လူငယ်ဟာ ရောဂါရာဇ၀င်အရ အရက်ပြိုင်သောက်ရာက အသောက်လွန်ပြီး အိပ်ယာထဲမှာ မနက်(၁၁) နာရီထဲကနေ အိပ်ပျော်သွားရာကနေ ညနေအထိ နိုးမလာလို့ ဆေးရုံကို ဒီဇင်ဘာ ၂၄ ရက်နေ့ ည (၇) နာရီခန့်မှာ လာပို့ကြတာပါ။ တာဝန်ရှိ ဆရာမတွေ စမ်းသပ်ပြီး လိုအပ်တဲ့ အရေးပေါ်ကုသမှုပေးပြီး စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်နေခဲ့ကြပါတယ်။ ည ၈ နာရီခွဲ မှာ လူနာသတိပြန်မလည်သေးလို့ ထပ်မံစမ်းသပ်ပြီး ဒါဟာ အရက်အသောက်များပြီး ဦးနှောက်တွင်း သွေးကြောတစ်ခုခု ပေါက်ထွက်သွားတဲ့ လက္ခဏာမျိုးကြောင့် သတိလစ်နေတာဖြစ်နိုင်တဲ့အတွက် ကုသမှုစုံလင်သော ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။
လူနာ၏ အဒေါ်မှာ မသွားချင်သော်လည်း မြို့နယ်ဆေးရုံထက် ပိုမိုကောင်းမွန်သော ဆေးရုံကြီးကိုလွှတ်တာမို့ နောက်ဆုံး ည ၁၀ နာရီမှာ ဆေးရုံပြောင်းသွားကြပါတယ်။ မနက် ၂ နာရီခန့်မှာတော့ ဆေးရုံအတွင်းကို လူနာ၏ဆရာဆိုသူက ဂဏန်းဒိုင်ပိုင်ရှင်ဟု သူ့ကိုယ်သူ ပြောကာ မူးရူးဝင်ရောက်လာပြီး ”ငါ” နှင့် စသော ဆဲရေးတိုင်းထွာမှုများနှင့် ညစ်ညမ်းစွာဆဲဆိုပြီး အော်ဟစ် သောင်းကျန်းပါတော့တယ်။
ဆေးရုံထဲမှာရှိနေတဲ့ လူနာအပါအ၀င် အားလုံးလန့်နိုးကုန်ပါတယ်။ ဆေးရုံလွှဲပြောင်းပေးတာကို သိရှိပြီးဖြစ်ပုံရကာ ထိုသူနှင့်အတူ နောက်ထပ် လူ ၂ ယောက် ပါလာပါတယ်။ အဲဒီလူ ၂ ယောက်ကလည်း လုံးဝ ဆေးရုံထဲမ၀င်ဘဲ (ဟိုလူကို ဆဲပါစေဆိုသောပုံစံဖြင့်) ရပ်ကြည့်နေကြပါတယ်။ ဂဏန်းဒိုင်ပိုင်ရှင်ဆိုသောသူကသာ ဆေးရုံလုံခြုံရေးဝန်ထမ်းအား ငါနှင့် ကိုင်တုတ်ဆဲဆိုပြီး၊ “မင်းဘာကောင်လဲ၊ သေသွားမယ် …” စသဖြင့် မကြားဝံ့မနာသာ ခြိမ်းခြောက်ဆဲဆိုခဲ့ပါတယ်။ ပြီးတော့ ခပ်တည်တည်နဲ့ သူတို့မဟုတ်သလို ပါလာတဲ့သူတစ်ယောက်က လာဆွဲခေါ်ပြီး ထွက်သွားကြပါတယ်။
လှိုင်သာယာဆေးရုံဟာ တစ်ရက်လျှင် ပြင်ပလူနာ ၅၀ ကနေ ၁၀၀ ကျော်၊ ရဲမှု ၁၀ ခုကနေ ၃၀၊ ကားတိုက်၊ ဆိုင်ကယ်တိုက်မှု၊ အရေးပေါ်လူနာနဲ့ ဆေးရုံသေးပေမယ့် အင်မတန်အလုပ်များတဲ့ နေရာပါ။ ဘယ်လိုပဲ ဆေးရုံသေးပါစေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ဆေးရုံတိုင်းဟာ ဂုဏ်သိက္ခာ အတူတူရှိကြတဲ့နေရာပဲဖြစ်ပါတယ်။ အခုတော့ အလုပ်ကလည်းများ၊ ဆရာဝန်အင်အားကလည်း နည်းပါတယ်။ နောက်ပြီး ရောက်လာတဲ့ ရဲမှုခင်းတွေဟာ အရက်သေစာသောက်စားထားသူများပြီး ဆေးရုံဝန်ထမ်း၊ အထူးသဖြင့် ဆရာဝန်၊ ဆရာမတွေကို မေုခမငံ ဆက်ဆံတာတွေ များလာပါပြီ၊ မယုံရင်လာကြည့်ပါ။ အခုဆို ရဲမှုမဟုတ်ဘဲ အရေးပေါ်လူနာရဲ့ သက်ဆိုင်သူကနေ အသားလွတ် လာရမ်းကားတဲ့ အဆင့်တွေတောင် ဖြစ်လာပါပြီ။
 အခုလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆောက်အဦထဲမှာ မူးယစ်ရမ်းကားတာ၊ ငါနှင့် ကိုင်ပေါက်ပြီး မကြားဝံ့မနာသာဆဲဆိုတာ၊ တာဝန်ကျဝန်ထမ်းအား အသက်ကိုပါ ရန်ရှာနိုင်လောက်သည့် ခြိမ်းခြောက်ပြောဆိုတာ၊ အချိန်မတော် အော်ဟစ်ပြဿနာရှာခြင်းတွေဟာ အမျိုးသားများ၊ ကလေးသူငယ်များသာမက အမျိုးသမီးဆရာဝန်၊ အမျိုးသမီး သူနာပြုတွေအတွက် ဥပဒေက ကာကွယ်ပေးနိုင်စွမ်းရှိသေးရဲ့လားဆိုတာ သံသယဖြစ်စရာပါပဲ။
ဆေးရုံနဲ့ ပက်သက်ရင် ရေးကြပြောကြတာတွေကလည်း မကောင်းကြောင်းတွေပဲ များတယ်မဟုတ်လား၊ ဆေးရုံအပေါက်စောင့်က ငွေတောင်းတာ၊ ဆရာမက အော်တာငေါက်တာ ဒါမျိုးတွေပဲ ရေးကြ၊ သတင်းလွှင့်ကြတယ်လေ။ ဒါပေမယ့် ဆေးရုံအပေါက်စောင့်ကို ငါနဲ့ ကိုင်တုတ်ပြီး ဆရာဝန်၊ ဆရာမ ဘယ်သူမှ ဂရုမထားတဲ့ လုပ်ရပ်မျိုးကိုတော့ မရေးကြ၊ မပြောကြတဲ့အခါ ဘယ်သူကမှ မသိနိုင်ကြဘူးပေါ့။

Comments