News and Media

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်
ထက်နောင်နောင်
ဒီဇင်ဘာ ၃၀၊ ၂၀၁၂


ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

"ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလား ဆိုတာကိုကျွန်တော် မေးချင်ပါတယ် " ၄င်းကပြောကြားခဲ့သည် ။

ဆက်လက်ပြီး "အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ " ဟု ထပ်မံပြောကြားသွားသည် ။

ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရသိရသည် ။
မြန်မာ့ခေတ်မီဒီယာ မှ ပြန်လည်ကူးယူဖော်ပြပါသည်။

Comments