Ohm Naing - Articles

ရေးခဲ့မိသော မှတ်တမ်းများ (၅)
အုန်းနိုင်
ဒီဇင်ဘာ ၁၉၊ ၂၀၁၂


● ဦးအောင်ကြီး ဇွတ်လုပ်ပြီ
နိုဝင်ဘာလကုန်   ညတညမှာတော့  ဘီဘီစီအသံလွှင့်ဌာနက ရုတ်တရက် ထုတ်လွှင့်လိုက်တဲ့ ဦးအောင်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သဘောကွဲလွဲခြင်းဆိုတဲ့ သတင်းကရေဒီယို ပရိသတ်အကုန်လုံးကို   တုန်လှုပ်သွားစေပါတယ်။ ဦးအောင်ကြီးက သူအထက်ဗမာပြည်ကိုတက်ပြီးအနားယူရင်း  နယ်စည်းရုံးတွေလုပ်တဲ့အခါ  နယ်အသီးသီးမှာကွန်မြူနစ်ဟောင်းတွေ၊ ကွန်မြူနစ်လိုလားသူ ဟောင်းတွေဟာ ယူဂျီ နည်း အိုဂျီနည်းတွေနဲ့အဖွဲ့ချုပ်အတွင်း စိမ့်ဝင်ထိုးဖောက်နေတာတွေ့ရပါတယ်။ သူတို့အောင်စုတင် သုံးဦးကွဲတာမဟုတ်ပါ။ အောက်ခြေက တင်ပြတိုင်တန်းတာတွေအရ ဤနယ်အသီးသီးကအဖွဲ့တွေမှာ ထိုးဖောက်ဝင်ရောက်နေတဲ့ ကွန်မြူနစ်ဟောင်းတွေ၊ ကွန်မြူနစ် လိုလားသူ ဟောင်းတွေကိုဗဟိုက ညွှန်ကြားနေသူတွေဟာ ဒေါ်စု ရဲ့အုပ်စုထဲကလူတွေဖြစ်နေလို့ သူတို့ကိုဖယ်ရှားပေးဖို့ တင်ပြထားသာတာ  ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက်ကို  ပြောပါတယ်။ ဘီဘီစီက ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့အခါ  ဦးအောင်ကြီးက  သူ့ရဲ့စီအီးစီအချို့နဲ့ စီစီအချို့ကိုစွပ်စွဲပြီး ဖယ်ရှားပေးဖို့  စာပေးထားတယ်ဆိုတာ  မှန်ပါတယ်။ ဒါကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့အတိုင်း  ဒီမိုကရေစီနည်း အရဖြေရှင်းသွားပါမယ်။ ပြေလည်သွားမှာပါ။ ဥက္ကဌတယောက်အနေနဲ့ ဒီလိုအဖွဲ့တွင်းပြသနာကို ကမ္ဘာသိလုပ်လိုက်တာကတော့ နည်း နည်း အရုပ်ဆိုးတာပေါ့။ ဒါပေမယ့် ပြေလည်သွားမယ်လို့ ကျမ ယုံကြည်ပါတယ်လို့ ပြောပါတယ်။

ဒီလိုတပြည်လုံးမှာ ဘာမှန်းမသိဖြစ်နေချိန်မှာ ပြည်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၃၀.၁၁.၈၈) နေ့စွဲနဲ့ရှင်းလင်းချက်  တစ် စောင်ထုတ်ဝေပါတယ်။ ဦးအောင်ကြီးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌအဖြစ်က နှုတ်ထွက်ခြင်းမရှိကြောင်း၊ ဦးအောင်ကြီး အ နေနဲ့ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ သီးသန့်တည်ထောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ ဆက်လက်အတူတကွ လက်တွဲ လုပ်ဆောင်သွားမည်လို့ ပါပါတယ်။ ဒါဟာ  ပြည်မြို့နယ်စည်းရုံးရေး ကော်မတီတစ်ခုလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ထုတ်တာလား။ လူတစုက  သူ တို့သဘောနဲ့သူတို့ထုတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တံဆိပ်တုံး ရိုက်ထည့်လိုက်တာလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် နောက် ပိုင်းမှာ ဒါဟာ ပြောစရာတခုဖြစ်သွားပါတယ်။

ဒီလိုနဲ့ သတင်းတွေဆက်နားထောင်တော့ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်အုပ်စုဝင်များဖြစ်တဲ့ (၁) ဦးကိုယု၊ (၂)ဒေါ်မြင့်မြင့်ခင် (၃)ဦးမိုးသူ၊ (၄)ဦးဝင်းတင်၊ (၅)ဦးတင်ရွှေ၊ (၆)ဦးထွန်းတင်၊ (၇)ဦးအောင်လွင်၊ (၈)ဦးချမ်းအေးတို့ရှစ်ဦးကို  ဒေါ်စုကနေပြီးအနားပေးလိုက်စေ ချင်ပါတယ်။ ဒီအတိုင်းသာဆိုရင်  စီအီးစီလို့ခေါ်တဲ့ ဗဟိုအလုပ်အမှုဆောင် (၁၂) ဦးမှာ ဒေါ်စုဖက်ကဒေါ်စု တယောက်ပဲကျန်မယ်။ ဒေါ်မြင့် မြင့်ခင်၊ ဦးဝင်းတင်၊ ဦးအောင်လွင်တို့က စီအီးစီတွေလေ။ ဒါဟာဦးအောင်ကြီး ဖောက်ခွဲလိုက်တဲ့အချက်ပဲ။

ဒါပေမယ့် အားလုံးစည်းဝေးကြပြီးပြီ။ စီအီးစီရော စီစီရော အားလုံး (၄၂) ယောက်မှာ ဦးအောင်လွင်ခရီးလွန်နေလို့ (၄၁) ယောက်ဆုံးဖြတ် ကြတယ်။ အားလုံးစုံညီရှေ့မှာ ဦးအောင်ကြီးက သူစွပ်စွဲထားတဲ့ရှစ်ယောက်ကို  စွဲချက်တင်ပါ။ စွပ်စွဲခံရသူ ရှစ်ဦးကလည်း တဦးစီဖြေရှင်း ချက်ပေးပါ။ ပြီးရင် စုံညီလျှို့ဝှက်မဲပေးပါ။ ရှစ်ဦးမှာ အပြစ်ရှိတယ်ဆိုတဲ့ဖက်က မဲများရင် ရှစ်ဦးက အဖွဲ့ချုပ်ကနေ  နှုတ်ထွက်ပေးပါ။ ရှစ်ဦးမှာ အပြစ်မရှိဘူးဆိုလို့ အများကဆုံးဖြတ်ရင်  ဥက္ကဌဦးအောင်ကြီးကနှုတ်ထွက်ပေးပါ။ ဒီလိုဆုံးဖြတ်ပြီး  ဒီဇင်ဘာလ (၃) ရက်နေ့ကို စုံညီအ စည်းအဝေးကျင်းပမယ်လို့ ဘီဘီစီသတင်းဌာနကကြေညာပါတယ်။ ဒီတော့လည်း ဒီဇင်ဘာ (၃) ရက်နေ့ကို ရင်တမမနဲ့ စောင့်ကြပေဦးပေါ့။

ဗဟိုကော်မတီ (၄၂) ယောက်မှာ  ဒေါ်စုဖက်က  (၁၄) ယောက်၊ ဦးအောင်ကြီးဖက်က  (၁၄) ယောက်၊ ဦးတင်ဦး ဖက်က (သူကလည်း မျိုး ချစ်ရဲဘော်ဟောင်း ဖွဲ့ထားပါပြီ) (၁၄)ယောက်ဆိုတော့ အဆုံးအဖြတ်ကတော့ မျိုးချစ်ရဲဘော်ဟောင်း  (၁၄) ယောက်ရဲ့မဲဘဲ။ ဦးအောင် လေးက ခုရက်တွေမှာ ရုံးကိုလာပါတယ်။ ဦးထွန်းရင်ကတော့ မျက်နှာပူလို့လားမသိ လိုက်မလာပါဘူး။ ဦးအောင်လေးက မဲတွက်ပြတယ်။ မျိုးချစ်ရဲဘော် ဟောင်းမဲ (၁၄) မဲမှာ ဦးအောင်ကြီးက အကုန်မရတောင် ဦးအောင်ရွှေနဲ့  ဦးမောင်မောင်က (၅၈) ခုနှစ် အိမ်စောင့် အစိုးရကိစ္စ တုန်းက  ဦးအောင်ကြီး ရဲ့အတွဲတွေ။ ဒါက နှစ်မဲပေါ့ ကွာလို့ တွက်ပါတယ်။ အမှန်မှာ  ဦးမောင်မောင်က  သူမှားပြောနေတာ။ မူလကတည်းက ဦးအောင်ကြီးအဖွဲ့ကပါ။ နောက်ပြီး အိမ်စောင့်အစိုးရကိစ္စဖြစ်ခဲ့တဲ့ ဦးမောင်မောင်လည်းမဟုတ်ပါ။ အဲဒီ ကာနယ်မောင်မောင်က မြန်မာ ပြည်မှာမရှိပါ။ ဒါတွေလည်း နောက်မှသိရတော့ ကျနော် ဘာမှဝင်မပြောပါ။ ဗိုလ်ရဲထွတ်ကတော့ ကွန်မြူနစ်လူထွက်မို့ ရမှာမဟုတ်ဘူး။ ဦးစောမြင့်ကတော့ တော်လှန်ရေးကောင်စီမှာ ဦးအောင်ကြီးရဲ့လူ။ ဦးအောင်ကြီး မချမ်းဘောသွားတော့ တောင်  ဦးနေ၀င်း အငြိုအငြင်ခံပြီး လေဆိပ်လိုက်ပို့ခဲ့တာ။ ဒီတော့ သူနဲ့ဆို (၃) မဲ။ ဦးလွင်က  ဦးအောင်ကြီးအဖွဲ့ဝင်  ဦးကြည်မောင်ရဲ့ယောက်ဖဆိုတော့ (၄) မဲ။ ဦးချစ်ခိုင်နဲ့ ဦးသန်းထွန်းက သန့်ရှင်းတည်မြဲ ကွဲတုံးက တည်မြဲတွေကွ။ ဒီတော့ ကိုအောင်ကြီးကိုပေးမှာပဲ။ ဒီနှစ်မဲ နဲ့ဆို (၆) မဲ။ ဦးတင်ဦးနဲ့ ဦးသောင်းဒန်၊ ဦးရွှေတို့က တော်လှန်ရေးကောင်စီတုန်းက  ဦးအောင်ကြီးအတွဲတွေဆိုတော့ သူတို့နဲ့ဆို (၉) မဲကွာ။ နောက် တင်အေးက  ပေါင်းတည်က အောင်ကြီးတပ်ထဲသွင်းပေးထားတာကွ။ သူနဲ့ဆို (၁၀) မဲတော့ တွက်လို့ရတယ်။ ကျန်တာတွေကတော့ ငါသိပ် မသိဘူး။ ဒီတော့ သူ့အဖွဲ့က  (၁၄)မဲ နဲ့ဆိုရင်  နှစ်ဆယ့်လေးမဲ။ ဟိုဖက်က အောင်ဆန်းစုကြည်က  ကြားနေမယ်ထင်တယ်။ အောင်လွင်က  ပျက်ကွက်ဆိုတော့ (၁၂)မဲ၊ ရဲဘော်ဟောင်းဖက်က  ကျန်တဲ့ (၄) မဲ ရရင်တောင်  (၁၆) မဲပဲ ရှိတယ်။ ဒီတော့ (၂၄) မဲ  (၁၆) မဲ နဲ့  ကိုအောင်ကြီး နိုင်မှာပဲလို့တွက်ပြပါ တယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကြားနေမယ်လို့မထင်ပါ။ ကျနော်တို့ ပေါင်းတည်မြို့နယ်ကော်မတီမှာ ဗိုလ်အောင်ကြီးတို့ ဦးအောင်လေးတို့နဲ့ဆွေမျိုးတော်တဲ့သူ (၂) ယောက်ရှိပါတယ်။ တယောက်က အသက်(၃၀) ၀န်းကျင် လူငယ်မို့ ဦးအောင်လေးကို ဘာမျှ  ပြန်မပြောပါ။ နောက်တယောက်ဖြစ်တဲ့ ပုတီးကုန်းလမ်းထဲက ပြည်သူ့ ရဲဘော်ဟောင်း  ပမညတဟောင်း ဦးမြမောင်ကတော့ ဦးအောင်လေး တွက်သလို မတွက်ပါ။

“ကိုအောင်လေး ပြောသလို ကျနော်တော့ မတွက်ရဲဘူး။ မျိုးချစ်ရဲဘော်ဆိုတာ စုစည်းတုန်းက  ဦးတင်ဦးအုပ်စုဆိုပြီး စုစည်းထားတာ။ အစ ကတည်းက ဗိုလ်အောင်ကြီးနဲ့နီးစပ်ရင်  ဗိုလ်အောင်ကြီးအုပ်စုမှာ ပါမှာပေါ့။ ဗိုလ်အောင်ကြီးက ခင်ဗျားအကိုပဲ။ ခင်ဗျား ပိုသိမှာပေါ့။ ဘယ်သူ နဲ့မှ  ရေရှည်သံယောဇဉ်ထားပြီး ပေါင်းတဲ့သူမှ မဟုတ်တာ။ ဒါကို ကိုအောင်လေး အသိဆုံးပါ”  လို့ ဦးမြမောင်က  ပြောတော့ “အေး..မြမောင် ပြောတာလဲ  မှန်တော့ မှန်တယ်။ ကိုအောင်ကြီးက ဂျူဝယ်ဖိုက်တာ(Dual  fighter) ကွ။ သူ့ကို ခေါင်းဆောင်တင်ထားတဲ့သူတွေကလည်း  သူ့ကို  ဟီးရိုးဆိုပြီးတင်ထားတာ။ ဘာပဲ ဖြစ်ဖြစ်ကွာ။ တို့ပေါင်းတည်ကတော့ သူ့ဘက်ကပဲ ရှိသင့်တာပေါ့။ ဒါပေမယ့် ဒါဟာ အဖွဲ့အစည်းဆို တော့  အများဆုံးဖြတ်ရမှာပေါ့။ အုန်းနိုင်တယောက်ထဲ မြမောင်တယောက်ထဲနဲ့ ဘယ်ဆုံးဖြတ်လို့ရမလဲ။ ဘယ်လို ဖြစ်ဖြစ်  တို့လှူပြီးသား  ရံပုံငွေတော့ ပြန်မတောင်းပါဘူး ကွာ” လို့ ရီရီမောမောပြောပါတယ်။
 
“ပြန်တောင်းလည်းပေးစရာ မရှိတော့ဘူး။ ဒီမှာ ဆက်တီရယ်၊ဘီဒို ရယ်၊လက်နှိပ်စက်ရယ် ၀ယ်လိုက်ပြီ”  လို့ကျနော်ကပြန်ပြောတော့ လည်းရီနေပါတယ်။ သူပြန်ရင်  သူ့ တူ  ကိုဌေးလွင်ကိုတာဝန်တခုပေးရပါတယ်။ (ဒီတာဝန်ကတော့  ပြောမကောင်းလို့  မပြောတော့ပါ)အဲဒါလည်းတဒုက္ခပဲ..။ကိုဌေးလွင်ကတော့ ပြောတယ်..။ဦးအောင်ကြီးနဲ့ကွဲမှပဲ  ငါလည်း ဒီဒုက္ခက လွတ်တော့မှာဘဲ..တဲ့။  ..။
+++++  ++++++ +++++

● ဒီမိုကရေစီ အောင်ပွဲ
ဒီဇင်ဘာ (၃) ရက် နေ့ညမှာ  ဘီဘီစီသတင်းကြေညာချက်မှာ ယခင်သဘောတူထားတဲ့ လုပ်ထုံးလုပ်နည်းအရ  ဥက္ကဌဦးအောင်ကြီးက   စွပ်စွဲသူ(၈) ဦးကိုတဦးစီ စွဲချက်တင်မနေတော့ပဲ။ ဒါဟာ အမျိုးသားရေးကိစ္စဖြစ်တယ်။ ဒီမိုကရေစီတော်လှန်ရေးကြီးအတွင်း အင်အား အကြီးမားဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ကွန်မြူနစ်ဟောင်း၊ ကွန်မြူနစ်လိုလားသူဟောင်းရှစ်ဦးနဲ့ ဥက္ကဌအကြား တိုက်ပွဲ ဖြစ်တယ်။ တနည်းအားဖြင့် ကွန်မြူနစ်နဲ့ ကွန်မြူနစ်ဆန့်ကျင်သူတို့ အကြား တိုက်ပွဲဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ လက်ရှိ အခြေအနေဟာ ၁၉၄၆ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲကာလ ဖ.ဆ.ပ.လ အဖွဲ့ချုပ်အခြေအနေနဲ့ ဆင်ဆင်တူပါတယ်။ အဲဒီတုံးက  သခင်သန်း ထွန်းက ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ရင်း ဤခရိုင်တွေမှာနဲ့ နေရာတကာမှာ လစ်ရင်လစ်သလို မ လစ်ရင်လည်း မလစ်သလို သူ့လူတွေနဲ့စည်းရုံး စိမ့်ဝင်လာလို့ ဖဆပလအဖွဲ့ချုပ်ကိုဝါးမြိုမပစ်နိုင်မီ ၁၉၄၆ ခုနှစ် အောက်တိုဘာ (၁၃)ရက် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကွန်မြူနစ်ပါတီကို  ဖဆပလ ထဲကနေထုတ်ပစ်ခဲ့ရတယ်။ အဲဒီကတည်းက ကွန်မြူနစ်တွေက ယူဂျီ တမျိုး၊ အိုဂျီတမျိုးနိုင်ငံရေးလှုပ်ရှားမှုတခုခုရှိလာရင် ပါလာတာပဲ။ ဒါကိုကွန်မြူနစ် ဘယ်သူ။ ကွန်မြူနစ်လိုလားသူဆိုတာ  ဘယ်ပုံလို့ တရား ရုံးမှာ အမှုစစ်သလို  စွဲချက်တင်လို့ စစ်လို့ဆေးလို့ရတဲ့ကိစ္စမဟုတ်ပါ။ နိုင်ငံရေးနည်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း  လုပ်သလိုလုပ်ရမှာပါ။ တသက် လုံးကွန်မြူနစ်နဲ့တိုက်လာတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးများကတော့ ဘယ်သူဘာဆိုတာ သိကြပြီးသားပါ။ မိမိတို့ကိုယ် မိမိမလှည့်စားပဲ တကယ်ယုံကြည်တဲ့ဘက်ကို မဲပေးပါလို့ပြောပါတယ်။

ဒီတော့ အစွပ်စွဲ ခံရတဲ့ရှစ်ယောက်ကလည်း သူတိုကို လက်ဆုပ်လက်ကိုင် သက်သေသက္ကာယနဲ့ မစွပ်စွဲလို့မို့ ဖြေရှင်းစရာဘာမှ များများစား စားမကြိုးစားတော့ပဲ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်အရ ကိုယ်ရေးရာဇ၀င်အကျဉ်းလောက်ကို ပြောပြီးမဲခွဲကြတော့ အံ့သြစရာ ကောင်းတာကဦးအောင်ကြီးဘက်က မဲ(၁၃)မဲ ပဲရပါတယ်။ ဒါကြောင့် ဦးအောင်ကြီး ဥက္ကဌအဖြစ်က နှုတ်ထွက်သွားပါတယ်။ သူ့ဘက်က  (၁၄) ယောက်ထဲက   ဦးကြည်မောင်တယောက်တောင် ပဲ့ပါသွားပါတယ်။

ဒီမှာ ဘီဘီစီက ဒေါ်စုကို မှတ်ချက်တောင်းပါတယ်။ ဒေါ်စုက  ကွန်မြူနစ်နဲ့ ကွန်မြူနစ်ဆန့် ကျင်သူများတိုက်ပွဲဆိုတာ  လုံးလုံး  မဟုတ်ပါဘူး။ ကျမတို့က ဒီမိုကရေစီစနစ်အရ  လုပ်မလား။ အားလုံးက  လူကြီးကပြုရသလိုနုရမယ်ဆိုတဲ့ အာဏာရှင်ဆန်တဲ့စနစ်အရ လုပ်ရမလားဆို တာကိုပိုင်းဖြတ်တဲ့ကိစ္စပါလို့ပြောပါတယ်။ ဘီဘီစီက ညီညွတ်မှုဆုံးရှုံးမသွားဘူးလားလို့မေးတော့ “ကျမပြောချင်တာက  ညီညွတ်မှုဆုံးရှုံး တယ်ရယါလို့မဟုတ်ပါဘူး။ ဒီမိုကရေစီသဘောတရားရဲ့အောင်မြင်ခြင်းလို့ပဲ  ကျမကတော့ မှတ်ထားပါတယ်။ အင်မတန်မှ အဖွဲ့ချုပ်အတွက် ဂုဏ်ယူစရာလို့ ကျမတို့ဆိုရပါမယ်။ ဥက္ကဌတဦးက နှုတ်ထွက်သွားတယ်ဆိုတာ ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့်လည်း ကျမတို့အားလုံးကနေပြီး  အာဏာရှင် စနစ်ကို တိုက်ဖျက် နေတဲ့ အချိန်မှာဥက္ကဌ တယောက်ယောက်က သော်လည်းကောင်း၊ ရိုးရိုး အဖွဲ့ဝင်များကသော်လည်းကောင်း     အောက်ကအဖွဲ့ဝင်များကို  အထောက်အထားမတိကျပဲနဲ့ စွပ်စွဲပြီးတော့  ထုပ်ပယ်တယ်ဆိုတဲ့ဓလေ့တွေကို မလုပ်နိုင်တော့ဘူး။ ကျမတို့ ဒီမိုကရေစီစနစ်အောက်မှာ ဒီလိုဟာမျိုးတွေကို  လက်မခံနိုင်တော့ဘူးဆိုတာ ပြတာပါပဲ” လို့ ဘီဘီစီကို ဖြေကြားသွားပါတယ်။ (နောက်နေ့မှာ ဦးအောင်ကြီး ဇာတိမြို့ကဆောင်ရွက်ပုံကို ဆက်ပါမယ်။ ဘယ်သူ့ကို ပုတ်ခတ်ချင်လို့မှမဟုတ်ပဲ သိပ်မဝေးသေးတဲ့သမိုင်းထဲက  အဖြစ်အ ပျက်အချို့ကို သုံးသပ်ဆင်ခြင်သမင်လည်ပြန်ကြည့်ချင်က ကြည့်နိုင်အောင် ပြန်ရှယ်ပါတယ်။ ထိခိုက်နစ်နာသူများရှိက ထိုသူများမှာ ထိခိုက်နစ်နာစရာအကြောင်းများမကင်းစင်လို့ပဲ ဖြစ်ပါလိမ့်မယ်)

Comments