Thet Mon Myint refuses to kiss


နမ်းရမည့်ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ဇာတ်ကားတခုကို သက်မွန်မြင့် လက်လွှတ်ရဖွယ်ရှိ

မိုးမခအထောက်တော် အမှတ် ၀၀၆
ဒီဇင်ဘာ ၄၊ ၂၀၁၂

[thet+mon+myint+2+sep+03+hanthit+mag.jpg]
နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။

တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်" ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။

ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။

"Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ" ဟု မင်းသမီးက ပြောသည်။

ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။

ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့်  “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။


Comments