Abuse by authority and business in Hinthada


ဟင်္သာတက အာဏာရှင်၊ အလိုတော်ရိလုပ်ငန်းရှင်တို့၏ မင်းမဲ့စရိုက် အမူအကျင့်များ
ဟင်္သာတက ပေးတဲ့စာ၊ ဇန်န၀ါရီ ၆၊ ၂၀၁၃
ဟင်္သာတမြို့သူမြို့သားများ၏ ဒုက္ခကို မီဒီယာများမှတဆင့်  နိုင်ငံတော်သမ္မတ ကြီးနှင့် ပြည်သူ့လွတ်တော်ဥက္ကဌ  သိစေရန်တင်ပြပေးပါ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ လမ်းတွေ ပျက်တာ၊ ပြင်တာ၊ ပိတ်ဆို့တာတွေကြောင့် ကားတွေ လူတွေ အကြပ်အတည်းဖြစ်ရပါတယ်။ သုံးဘီးဆိုင်ကယ် ပြေးဆွဲသူတွေကလည်း လမ်းမကောင်းတာ အခွင့်ကောင်းယူပြီးတော့ လမ်းစည်းကမ်းတွေ ယာဉ်စည်းကမ်းတွေကို ကြိုက်လို ချိုးဖောက်နေပါတယ်။ အာဏာပိုင်တွေကလည်း လုပ်ငန်းရှင်စိတ်ကြိုက် လမ်းစည်းကမ်းတွေကို ဥပက္ခာပြုထားကြပါတယ်။
လက်ရှိတိုင်းပြည် ပြုပြင်ပြောင်းလဲရေးဆိုတာက အောက်ကမပြင်ဘဲ အပေါ်ယံပြောင်းလို့ မရပါဘူး။ ဥပမာ အိမ်နံရံတွေ ဆေးသုတ်တဲ့အခါ အောက်ဆေးကိုမခွါဘဲ ဆေးသုတ်သလိုပေါ့။ အပေါ်က ဘယ်လောက်ဘဲထပ် သုတ်သုတ်၊ အောက်ဆေးကတော့ ပေါ်လာတာပဲ။
ကျနော်တို့ ကျမတို့မြို့မှာ အောက်ပါ အခွင့်ရေးသမားတွေ၊ ခြစားသူတွေ ရှိနေပါတယ်။
·       ဧရာဟင်္သာကုမ္မဏီနှင့်  အစုရှယ်ယာလုပ်သောသူများ၊
·       လယ်ကွက်တွေကို အကုန်ဝယ်ပြီး သိန်းပေါင်း ထောင်ချီရမှ အမြတ်မတရားနှင့် ရောင်းချရန်စောင့် စိုင်းနေသူများ၊
·       မြို့ပတ်လမ်း လမ်းဘေးတောက်လျောက်တွင် လယ်ယာမြေတွေကို မြေကွက်တွေရိုက်ပြီး ရောင်းချရန်စောင့်နေသူများ။
·       ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြိုနယ်အုပ်ချုပ်ရေးမှူး၊ မထသဥက္ကဌ ဦးစံဌေးနဲ့ ဌာနပိုင်များ၏ ပါဝါ နဲ့ ကိုယ်ကျိုးစီးပွားရှာနေသူများရဲ့ မင်းမဲ့စရိုက် အေးဓမြတိုက် အကြမ်းဖက်ခံထားရတဲ့ မြို့ဖြစ်နေပါပြီ။
တောင်သူတွေရဲ့လယ်တွေကို ဟင်္သာတမြို့ကြီး ကောင်းစားဖို့ ဆိုပြီး သိမ်းခဲ့တဲ့၊ ဦးဌေးဦးလက်ထက် က ဧရာဟင်္သာကုမ္မဏီက ဦးဇော်ဝင်းရှိန်(ခ) အငယ်ကောင်နှင့်  မျိုးပိုင်တို့က ပေါင်းပြီး၊ အဲသည် လယ်မြေတွေမှာ လမ်းမတန်းတလျောက်ကို ဆိုင်ခန်းတွေ ဖွင့်ပါတယ်။ ဆိုင်ခန်းတစ်ခန်းကို သိန်း ၄၀၀ သိန်း၃၅၀ တို့ဖြင့် ရောင်းချပြီး အရင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေကို ဆိုင်ခန်းတစ်ခန်း ပေးထားခဲ့ပါတယ်။ အဲသည်မှာ ကားဂိတ်သစ်ကြီး ပြောင်းဖွင့်မယ်လို့ အကွက်ဆင်နေကြပါတယ်။
၎င်းကားဂိတ်မှာ ဟင်္သာတမြို့မှ လေးမိုင်လောက်ကွာဝေပြီး ၀င်လမ်း၊ ထွက်လမ်း အဆင်မပြေပါ။ ကားဂိတ်ကို ပြောင်းလိုက်လျင် ဟင်္သာတမြို့ လက်ရှိ လည်ပတ်နေတဲ့ ကုန်စည်လည်ပတ်မှု၊ စီးပွားရေးအခြေအနေ၊ ကုန်ဈေးနှုန်းအခြေ အနေ၊ လမ်းပမ်းဆက်သွယ်ရေး ပြောင်းလဲခြင်း၊ တန်ဆာခများ မတရားတိုးသွားခြင်းစတဲ့ ကိစ္စအ၀၀ကြောင့် ဟင်္သာတမြို့သူမြို့သားများ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမည့်အကြောင်း၊ မပြောင်းရွှေ့ဖို့ နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်တဲ့  ဌာနဆိုင်ရာလူကြီးမင်းတွေဆီကို လက်မှတ်စုထိုးပြီး တင်ထားပြီးဖြစ်ပါတယ်။
            လာမည့် လွှတ်တော်ညီလာခံတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေ ပြောင်းစေချင်လို့ ဟင်္သာတကားဂိတ်ကို ပြောင်းရပါတယ်လို့ လုပ်ကြံဇာတ် အဆိုတွေ တင်သွင်းကြမယ်၊ ကိုယ်ကျိုးစီပွားရှာပြီး ခြစားကြမှာကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒီကနေ အသိပေးတင်ပြလိုက်ပါတယ်။ ဒါကို ဇွတ်အတင်းလုပ်ကြရင်ဖြင့် ပြည်သူတွေက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ဖို့ပဲ ရိှတော့ကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။        ။

Comments