Kamar Pale - Poem

ဟီရိုရှီးမား
ကမာပုလဲ
ဇန်န၀ါရီ ၂၉၊ ၂၀၁၃


ဟီရိုရှီးမား
မင်းဟာ ပန်းနုရောင်ချယ်ရီ ...။

ဟီရိုရှီးမား
မင်းဟာ ဖူဂျီယာမရဲ့ သက်စောင့် နတ်သမီး ...။

ဟီရိုရှီးမား
မင်းဟာ နှစ်ဆယ်ရာစုရဲ့ သင်္ချိုင်းတစပြင် ...။

ဟီရိုရှီးမား
မင်းဟာ ဒုတိယ ကမ္ဘာစစ်ရဲ့
အလိုမတူဘဲ ပျက်ခဲ့ရတဲ့ အမျိုးကောင်း သမီးပျို ...။

ဟီရိုရှီးမား
မင်းဟာ ကုန်းကောက်စရာမရှိတော့တဲ့ ပစ္စုပ္ပန်တည့်တည့် ...။

ဟီရိုရှီးမား
မင်းဟာ ရာဇ၀င် သားအိမ်အထုတ်ခံခဲ့ရတဲ့ မိခင် ...။

ဟီရိုရှီးမား
မင်းဟာ မျက်လုံးဟောက်ပက်ဖြစ်သွားတဲ့ ပြာစများ ...။

ဟီရိုရှီးမား
မင့်ဟာ မင့်ရန်သူ ယန်းကီးတွေကိုမှ မချစ်ဘဲ အတူနေသတဲ့လား ...။

ဟီရိုရှီးမား
မင်းဟာ အမုန်းဖြစ်တယ် ...။

ဟီရိုရှီးမား
မင်းဟာ သေရာပါ ဒဏ်ရာတခုဖြစ်တယ် ...။

ဟီရိုရှီးမား
မင်းဟာ တိုက်ပွဲတခုဖြစ်တယ် ...။

ဟီရိုရှီးမား
မင်းဟာ နာလန်ထ လူနာဖြစ်တယ် ...။

ဟီရိုရှီးမား
မင့်ကိုယ်ပေါ်မှာ သစ္စာတရားရဲ့ ချယ်ရီတွေ ပြန်ပွင့်ခဲ့တယ် ...။

ဟီရိုရှီးမား
မင်းဟာ မသေတဲ့ကဗျာဖြစ်တယ် ...။

ချစ်သူ
မင်းဟာ မောင့်အတွက် ဟီရိုရှီးမားပဲ ...။

ဟီရိုရှီးမား
မင်းဟာ မောင့်ချစ်သူလည်း ဖြစ်တယ် ...။

ဟီရိုရှီးမား ......။ ။

ဝန်ခံချက်။ ။ နြူကလီးယား လက်နက်ဆိုးဒဏ်ကို တော်လှန်တိုက်ပွဲဝင် ရှင်သန်ခဲ့တဲ့ ဟီရိုရှီးမားရဲ့အချစ်ကို ခံစားရေးဖွဲ့တယ် ...

Comments