Kyaw Moe (Sagarwar Myay) - Poem

သင့်တွင် လက်ကျန်မရှိပါ
ကျော်မိုး (စကားဝါမြေ)
ဇန်န၀ါရီ ၁၂၊ ၂၀၁၃


“ဟလို!!! မေကြီး
သမီး နဲ့ သား
နေကောင်းလား...မေ ? “
“အားလုံး နေကောင်းကြတယ်...ကို”။

“ဖေကြီးကော...ဟင် ?
အဆင်ပြေလား ?
နေကောင်းလား...ကို ? “
“အားလုံး အိုကေ
အဆင်ပြေတယ်...
ဖေကြီး ခုဘဲ
ငွေလွှဲလိုက်တယ်”
“ဘယ်လောက်လဲ...ကို ?
ခါတိုင်းလိုလား ?
ပိုသေးလား...ဟင် ?
ဖြစ်နိုင်ရင်တော့
လစဉ်ငွေထက် ပိုစေချင်”။

“ခါတိုင်းလို ဘဲ
လွှဲလိုက်တယ်...မေ
ငွေဈေးကျပြီး
ကားခ ဖုန်းခ
အိမ်ငှားခနဲ့
စားစရိတ်က
စလုံးကိုးရာ
သာသာ ကုန်တာ
မေ... လာလည်စဉ်
မြင်တယ်မို့လား ?
သောက်စား ပျော်ပါး
လောင်းကစားနဲ့
အမှား မလုပ်
မရှုပ် တာတောင်
တစ်ထောင်ရှိမှ
နေလို့ရတယ်
နောက်လ ကြိုးစား လွှဲပါ့မယ်”။

“ကျေးဇူး ဖေကြီး
မေကြီး နှစ်လ
လာလည်ရလို့
ဂဃနဏ
ဘာက ဘယ်လို
နားလည်တယ်...ကို
ပိုစေချင်တာ
သဘာဝပါ
ကို့သမီးက
နို့မစို့ဘူး
ဒူးမက်ဖိုးက
တစ်လတစ်သိန်း
ကျိန်းသေကုန်တယ်
ဈေးဝယ် အိမ်သုံး
နှစ်ပုံး(နှစ်သိန်း)အထက်
သွက်သွက်ကုန်တယ်
လှူမယ် ကျွေးမယ်
လူမှုနယ်နဲ့
ဆွေနွယ်မကင်း
မွေးချင်း မိဘ
ပေးရတာနဲ့
သားရဲ့လိုအင်
ကျူရှင် ကျောင်းကြီး
ဖြည့်ဆည်းကုန်ငွေ
ပေါင်းတွက်ရေကြည့်
ဒါတွေ အစ်ကို သိမှာပါ”။

ကို ...သိတယ်... မေ
ဝင်ငွေ ထွက်ငွေ
စီစစ်ရေပြီး
မေ...ကော ကိုယ်...ပါ
လုပ်ရမှာဘဲ
ကျန်းမာရေးလဲ ဂရုစိုက်ပါ”။

ဒေါ်လာတစ်ဆယ်
ပေးဝယ်ဖုန်ကဒ်
သတ်မှတ်မိနစ်
သုံးဆယ်ဖြစ်၍
ချစ်တဲ့စကား
မပြောကြားခင်
“သင့်တွင် လက်ကျန်မရှိပါ”တဲ့။

Comments