ကဗျာ - ကဗျာဆရာ - ကဗျာလောက
ကျော်မိုး (စကားဝါမြေ)
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
ကျော်မိုး (စကားဝါမြေ)
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
ကဗျာဆရာ ဘဝ
ဝါသနာက စ၏ ။
သိသမျှ အကုန်ရေး
လေး ပေါ့ တိမ် နက်
ပျက်တဲ့အခါ ပျက်
လက်တဲ့အခါ လက်
လက်နက်က သဒ္ဓါ
တဏှာက ရှေ့ပြေး
အတွေးက စေတနာ
ပညာက နောက်လိုက်
အကြိုက်မတူ လူကြား
ဗျာများနေရ
ကဗျာဆရာဘဝ ။
ကဗျာတစ်ပုဒ် ဆုံးဖို့
ထွန်တုံးရှေ့ကနွားလို
ခါးကို ကုန်း
အားကုန် ရုန်း
ပြုံးတစ်ခါ မဲ့တစ်လှည့်
ဖတ်သူရဲ့ မျက်နှာ
ပျက်မှာ ညိုမှာ
အလိုမကျမှာ ကြောက်ကြ
ကဗျာဆရာဘဝ ။
“ ငါကွ...ဘာတဲ့...ငါဟဲ့ “ လို့
မာနချဲ့ တံခွန်ထူ
မတူဆရာတွေများ
ဣဿာ အဖွဲ့
မေတ္တာ အဖွဲ့
ရှေးကဗျာ အဖွဲ့
ခေတ်ကဗျာ အဖွဲ့
သူ့အဖွဲ့ ငါ့အဖွဲ့
အဖွဲ့ အဖွဲ့ တွေကများ
အလှည့်အပတ်တွေကြားထဲ
တစ်ခါတစ်ခါ ကျား
တစ်ခါတစ်ခါ နွား
တစ်ခါတစ်ခါ မှား
သူ့ဘုရား ငါ့ဘုရား
ကဗျာသမား အချင်းချင်း
စစ်ခင်းတဲ့ ကြား
စားလိုက် ကြွေးလိုက်
ပြေးလိုက် လိုက်လိုက်
ငိုက်မိရင် အရှိုက်ထိ
အကြိုက် ကိုကြည့်
အလိုက် သိရ
အဲဒါ....ကဗျာဆရာဘဝ ။
မတောက်တခေါက် ရေးစ
ဟို ကြောက်ရ
ဒီ ကြောက်ရ
အဟောက် အငေါက် ကသန်
လျှောက်ပြန်သံပေး
ဆရာလေး ဆရာငယ်
ဆရာရွယ် ဆရာကြီး
တယ်ပြီးပေါလှ
အဲဒါ....ကဗျာလောက။
ဘာ...တုံး ? ဘယ်...တုံး ?
တုံး ? နဲ့ ဘယ်... ဘာ... ကြား
ငါတရားတွေ ကြီးစိုး
စာသူခိုး
ကဗျာသူခိုး
ပညာသူခိုး
ရိုးသူက ရိုး
ခိုးသူက ခိုး
အမျိုးမျိုးကြားရ
ကဗျာလောက ။
စာဆိုဘဝ
ကဗျာကို မျိုချရင်း
အဟာရတွေ ရွှင်
လည်ဝမှာလဲ နင်ကြ ။
ဝန်နဲ့နွား မမျှ
အားက မနိုင်
ခါး မခိုင်လဲ
စတိုင်အပြည့်
တွေ့ရာထွန်တုံး
ဝင်း၍ ရုန်း
ပခုံးသန်ကြောင်း ပြ
ကဗျာလောက ။
တစ်ခါ တစ်ခါ
ဝါသနာသယ်ချင်း
မင်း....ငါ.....ခွာရာတိုင်း
ရိုင်းသူလဲ ရှိ
ယဉ်သူလဲ ရှိ
ကြဉ်သူလဲ ရှိ
ခင်သူလဲ ရှိ
ထင်ရာ အာသူလဲ ရှိ
ပညာ ပါသူလဲ ရှိ
မျက်နှာများသူလဲ ရှိ
သစ္စာထားသူလဲ ရှိ
ရှိ....ရှိ....ရှိ....ရှိ
များစွာသော ကဗျာကဝိ ။
အမိ ကဗျာလောက၌
တောမှ ကျွန်ုပ် ရောင်လယ်လယ်
ဘယ်အဖွဲ့ ဘယ်နေရာ
ဘယ်ဆရာ ဘယ်လူနဲ့
ဘယ်မူနဲ့ ဘယ်လိုနေ
ဘယ်ကိုစေ လှမ်းရပါ့ ။
ဝမ်းစာကမပြည့် လမ်းကကွေ့သနဲ့
ရှေ့ကလူတွေ ကြည့်ပြီး
ကဗျာခရီးကို လှမ်းရ။
ဝါသနာအရ ၊ ကဗျာကိုရေး
လက်သွေးတဲ့ စာ ၊ ဖွာ လန် ပျံ့ ကျဲ
အလွဲက များ ၊ အမှားက လှိုင်
မပိုင် အရေး ၊ အတွေး မထက်
လက်လဲ မမှန် ၊ စာလဲ နံဆဲ ။
ဟန်လဲ မထုတ်တတ်
လုပ်ဇာတ်လဲ မပိုင်
တစ်ခါတစ်ခါ ငိုင်မိစဉ်
တင်မိုးရဲ့ကဗျာ “ စာဆိုဘဝ “
ငါ...လိုသမျှ ...ဖတ်
ကျွန်ုပ်....အနေတတ်အောင် ကြိုးစားမိ ။
ဆရာကြီးဦးတင်မိုး ကွယ်လွန်ခြင်း (၆) နှစ်ပြည့်အတွက် ဂုဏ်ပြုရေးဖွဲ့ထားပါသည်။
Comments