ရေးခဲ့မိသော မှတ်တမ်းများ (၁၀)
အုန်းနိုင်
ဇန်န၀ါရီ ၁၀၊ ၂၀၁၃
အုန်းနိုင်
ဇန်န၀ါရီ ၁၀၊ ၂၀၁၃
ဒီလိုနဲ့ ဒီဇင်ဘာလကုန်ကာနီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး) ကွယ်လွန်ပြီဆိုတဲ့ သတင်းကို နိုင်ငံတကာ သတင်းဌာနတွေကနေကြေညာပါတယ်။ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးမို့ တပ်မတော်ရဲ့မိခင် ကြီးလို့လဲ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးသံအမတ်ကြီးလဲဖြစ်ပြီး သီရိသုဓမ္မဘွဲ့ လည်းရထားတာမို့ တပ်မတော်က လည်း ဒေါ်ခင်ကြည်ဈာပနမှာ ၀ိုင်းဝန်းကူညီမယ်လို့ကမ်းလှမ်းလာပါတယ်။ ထိုက်သင့်တဲ့ကမ်းလှမ်းချက်ပါ။ ဒေါ်စုကလည်း မိခင်ကြီးရဲ့ဈာပန ကို ပြည်သူကျောင်းသားအားလုံးကအေးချမ်းစွာ လိုက်ပါပို့ဆောင်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဒါကလည်း အကြောင်းရှိပါတယ်။ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ကုလသမဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ အမေရိ ကန်မှာ ကွယ်လွန်ပြီး မြန်မာပြည်ကို ပြန်လည်သယ်ယူ သင်္ဂြိုလ်တဲ့အခါ အဲဒီတုံးက အစိုးရအကြီးအကဲ ဦးနေ၀င်းရဲ့ပုဂ္ဂိုလ်ရေးအာဃာတ ကြောင့် ဦးသန့်လိုထူးခြား ပြောင်မြောက်တဲ့နိုင်ငံသား တစ်ယောက်ကို သာမန်အရပ်သားလိုဆက်ဆံ သင်္ဂြိုလ်ခွင့်ပဲပြုခဲ့လို့ ဦးသန့်အရေး အခင်းရယ်လို့ နိုင်ငံရေးလှုပ်ရှားမှုကြီးတခု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဒီတခါမှာလည်း ထူးခြားအရေးပါလှတဲ့ မြန်မာအမျိုးသမီးကြီး တယောက်ကို ထိုက်သင့်စွာသင်္ဂြိုလ်နိုင်ဖို့ နဲ့ တစုံတရာမလိုလားဖွယ်ရာများမဖြစ်စေဖို့  အလွန်အရေးကြီးပါတယ်။
ဒီအချိန်ရဲ့ တပ်မတော်အကြီးအကဲ တာဝန်ယူနေတဲ့ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်မြန်မာ့မိခင်ကြီးကို ဂါရ၀လာပြုတဲ့အပြင် လိုအပ်တဲ့ အကူအညီများကိုကူညီဖို့ တပ်မတော်က အရာရှိများကို ပို့ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်ဖက်ညှိနှိုင်းပြီး ဒေါ်ခင်ကြည်ရဲ့အိမ်ဝင်းအတွင်းမှာပဲ ဈာပနအခမ်းအနားကျင်းပဖို့ (၂၇.၁၂.၈၈) မှာကွယ်လွန်ခဲ့တဲ့ ဒေါ်ခင်ကြည် ရဲ့ ရုပ်ကလပ်ကို ဒေါ်ခင်ကြည်ရဲ့ခြံဝင်းအတွင်းမှာပဲ အများပြည်သူက စည်းကမ်းတကျ လွတ်လပ်စွာ ဂါရ၀ပြု ခွင့်ရရှိဖို့ ၊ (၃.၁.၈၈) နေ့လည် (၁) နာရီမှာ ရွှေတိဂုံဘုရား တောင်ဖက်ရှိနောက်ဆုံးမြန်မာ ဘုရင်သီပေါမင်းရဲ့မိဖုရားကြီး စုဖုရားလတ်ရဲ့ဂူဗိမာန်နံဘေးမှာ ဂူဗိမာန်တခု ဆောက်ပြီး ဂူသွင်းသင်္ဂြိုလ်ဖို့ဆိုတာတွေကို ညှိနှိုင်းရရှိခဲ့ပါတယ်။
ကျနော်လည်း ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ရန်ကုန်ကိုဆင်းခဲ့ပါတယ်။ ရန်ကုန်ရောက်တာနဲ့ တက္ကသိုလ်ရိပ်သာလမ်းက ဈာပန အခမ်းအနား ရှိရာကို သွားရောက်ဂါရ၀ပြု ပြီးရောက်ရှိကြောင်း မှတ်တမ်းတင် လက်မှတ်ရေးထိုးပါတယ်။
ဇန်န၀ါရီ (၂)ရက် နေ့မှာ တက္ကသိုလ်ရိပ်သာလမ်းကို ရောက်ခဲ့ပြန်ပါတယ်။ နယ်ကလာတဲ့လူတွေချင်းတွေ့ ပြီး နယ်အခြေအနေတွေဆွေးနွေးဖြစ်ကြပါတယ်။ ဦးအောင်ကြီးနဲ့ ကွဲလိုက်တော့ ဦးအောင်ကြီး ရဲ့ ဇာတိမြို့ဖြစ်တဲ့ ကျနော်တို့မြို့ အခြေအနေကိုလည်းသိချင်ကြတယ်။ ကျနော်တို့ မြို့ အခြေအနေကောင်းတော့ ၀မ်းသာကြတယ်။ ပြည်မြို့ အခြေအနေသိပ်မကောင်းဘူး..ဆိုတာသီကြရတယ်။နေ့ ခင်းပိုင်း အ အေးဆိုင်ကလေးတစ်ခုဘေးမှာ စကားပြောနေကြတုန်း ရန်ကုန်ရောက် ပေါင်းတည်အသင်းရဲ့အမှုဆောင် ဗိုလ်မှူးမောင်အေး (စာရေး ဆရာကြီး သော်တာဆွေရဲ့ညီ) က ကျနော့်ကိုမြင်လို့ လမ်းတဖက်ကနေ ကူးလာပါတယ်။ ကျနော်နဲ့ သီးသန့်စကားပြောချင်တယ် ..ဆိုလို့ စကားပြောလက်စအဖွဲ့ကို နှုတ်ဆက်ပြီး သူ့နောက် လိုက်ခဲ့ပါတယ်။ အရေးအခင်းကာလအတွင်း ပေါင်းတည်သတင်းတွေအရ ကျနော် ဆောင်ရွက်ခဲ့တာတွေ သူသိတယ်လို့ပြောပြီး၊ အခု..ပေါင်းတည်မှာ ဦးအောင်ကြီး အခြေအနေ ဘယ်လိုရှိသလဲလို့ မေးပါတယ်။ ကျနော်က ပေါင်းတည်မှာ ဦးအောင်ကြီးဘက်ကို သူ့ဆွေမျိုးတွေတောင် ပါမဲ့ပုံမပေါ်ဘူးကြောင်း ပြောပြပါတယ်။ ဒီတော့မှ သူက ညည်းညည်း ငြူငြူ နဲ့ ပြောပါတယ်။
“ခက်တာဘဲဗျာ..။ ကျနော် ဘာလုပ်ရမှန်းမသိတော့ဘူး..။ ကျနော် နယ်စပ်ကမနေ့ကမှ ပြန်ရောက်လာတာ..။ ကျနော့်  သားနှစ်ယောက် စလုံးက နယ်စပ်ရောက်သွားလို့ လိုက်ခေါ်ဖို့ ဦးအောင်ကြီးဆီက ထောက်ခံစာယူပြီး လိုက်သွားတာ။ အခု ဒီရောက်တော့ ဦးအောင်ကြီးနဲ့ အဖွဲ့ချုပ်ကွဲနေတော့ ကျနော် ဘယ်ဖက်ပါရမှန်းမသိတော့ဘူး” တဲ့။ ကျနော့်ကို စုံစမ်းနေပါတယ်။ ကျနော်ကလည်း သူနဲ့က မေးထူး ခေါ်ပြောသာသိတာမို့ အကြံမပေးရဲပါ။ ပေါင်းတည်က ဦးစံဝင်းတို့နဲ့ တွေ့ကြည့်လို့ပဲ ပြောလိုက်မိပါတယ်။ နောက်တော့ သူရော ဦးစံဝင်း (၀န်ကြီးဟောင်း) ပါ ဦးအောင်ကြီးဘက်မပါပဲ အဖွဲ့ချုပ်မှာပဲဝင်ပြီး သူက ပဲခူးတိုင်းစည်းရုံးရေးကော်မတီဖြစ်လာပါတယ်။
(၃) ရက်နေ့ ဈာပနပို့ဆောင်မယ့်လမ်းကြောင်းက တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ကမာရွတ်မီးပွိုင့်အထိလာတယ်။ ဒီကမှ ဘယ်ဖက်ချိုးပြီး ပြည်လမ်းအတိုင်း ဟံသာဝတီအ၀ိုင်းကိုရောက်မယ်။ ဟံသာဝတီ အ၀ိုင်းကနေဘယ်ဖက်တခါချိုးပြီး ဦးဝိစာရလမ်းအတိုင်း ချီတက်ကြမယ်။
ဦးဝိစာရ ကျောက်တိုင်ရောက်တော့ ဦးထောင်ဘိုလမ်းကိုကွေ့ ပြီး ရွှေတိဂုံဘုရား တောင်ဖက်မုခ်ရဲ့တောင်ဖက် ရွှေတိဂုံဘုရားလမ်းအတိုင်း ဂူဗိမ္မာန်ရှိရာကိုချီတက်မယ်။ ဒီလိုချီတက်မယ့်အစီအစဉ်မှာ ရန်ကုန်တိုင်းက မြို့ နယ်အလိုက်စီစဉ်ထားတဲ့ဘတ်စ်ကားတွေ၊ ရိုးရိုးလူတစု ချင်း ငှားရမ်းလိုက်ပါတဲ့ အငှားကားကလေးတွေ၊ ကိုယ်ပိုင်ကားတွေပါဝင်မှာဖြစ်ပေမယ့် အများစုကခြေလျှင်ချီတက်မယ့် ကျောင်းသား လူ ငယ်တွေဖြစ်ပါတယ်။ အဖွဲ့ ချုပ်ရဲ့ လုံခြုံရေးအထူးတာဝန်ယူမယ့်သူတွေကို အင်းလျားလမ်းထောင့်နဲ့ တက္ကသိုလ်နယ်မြေတ၀ိုက်ကို အထူးချ ထားကြပါတယ်။ ကျောင်းသားလူငယ် အဖွဲ့အသီးသီးက ယောက်ျားလေးတွေ မိန်းကလေးတွေဟာ လေးယောက်တတွဲစီတန်းပြီး ဘေး တန်းက ကြိုးတွေနဲ့ ကာရံလိုက်ပါပါတယ်။ အရေးအခင်းကာလက ရန်ကုန်ကို မရောက်ခဲ့ဖူးတဲ့ကျနော့်အဖို့ ဒီဈာပနစီတန်းလှည့်လည်ပွဲကို ရင်တထိတ်ထိတ်နဲ့ လိုက်ပါခဲ့ပါတယ်။
ဒေါ်ခင်ကြည် အိမ်ကစထွက်ကတည်းက ခြေလျင်လိုက်ဖို့ ဆုံးဖြတ်ပါတယ်။ ကိုယ့်လိုပဲခြေလျင်လိုက်မယ့် ကျောင်းသားတုန်းက လုပ်ဖော် ကိုင်ဖက်ဟောင်း ရခိုင်ကိုတင်ထွန်း (မစ္စတာဝါယော) နဲ့တွဲမိသွားတယ်။ ဟိုတုန်းက ကျောင်းသားမဂ္ဂဇင်းတွေမှာ မစ္စတာဝါယောဆိုတဲ့အ မည်နဲ့ မေတ္တာစာဆောင်းပါးတွေရေးလို့ နံမယ်ကြီးခဲ့သူပါ။ အခုလည်း သတင်းစာလောကမှာပဲရှိနေပါတယ်။ သူကတော့ အရေးအခင်းကာလ ဖြတ်ခဲ့ရသူမို့ ကျနော့်ကို မစိုးရိမ်ဖို့ အားပေးပါတယ်။
ကျနော်တို့စထွက်တဲ့နေရာမှာ ပထမရပ်ကြည့်ပါတယ်။ ထွက်တဲ့သူ ကုန်သလောက်နီးနီးဖြစ်မှ ကျနော်တို့နှစ်ယောက် နောက်ကလိုက်ပြီး အင်းလျားလမ်းကျတော့ ရှေ့က ကြိုရောက်နှင့်အောင်ဖြတ်ချပြီး ဦးဝိစာရလမ်းက တခါစောင့်ကြည့်ကြပါတယ်။ ဒါကြောင့်မိုလို့ ကမာရွတ်မီး ပွိုင့်နားမှာ ရုပ်ရုပ်သည်းသည်းဖြစ်သွားတယ်ဆိုတာ မသိလိုက်ပါ။ နောက်မှသိရတာက တက္ကသိုလ်သမဂ္ဂကွက်လပ်နေရာမှာစုပြီး အဓိပ တိ လမ်းကစောင့်နေတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူလူတန်းကြီး က“ကမ္ဘာမကြေဘူး” သီချင်းကို စတင်သီဆိုပြီး ဒေါ်ခင်ကြည်ရဲ့ ရုပ်ကလပ်တင်ထားတဲ့ ကားနောက်ကို ဖြတ်ဝင်လာတာမှာ မူလအစီအစဉ်အတိုင်းသွားနေရာကနေ နဲနဲလှုပ်လှုပ်ရှားရှား ဖြစ်သွားတာလို့ ပြောကြပါတယ်။ ဒါ့ကြောင့် ကမာရွတ်မီးပွိုင့်အကွေ့ မှာ နဲနဲ ဟိုကွေ့မလို ဒီကွေ့ မလို ဖြစ်သွားတာလို့ဆိုပါတယ်။ ကျနော်တို့က လူအုပ်နဲ့ လမ်းဘေးကပရိသတ်ကိုကြည့်ချင်လို့ ခါးလည်ကဖြတ်ပြီး ဖြတ်လမ်းလိုက်မိတော့ မြင်ကွင်းအစုံ မကြည့်လိုက် မသိလိုက်ရတာပေါ့။ တက္က သိုလ်ကျောင်းသားကျောင်းသူ အတန်းလိုက်ကြီးပါလာတော့ အရပ်ဝတ်နဲ့လိုက်လာတဲ့ထောက်လှမ်းရေးတွေ နည်းနည်းလှုပ်သွားတာပေါ့။
ကျနော်တို့နှစ်ယောက် ဦးဝိစာရလမ်းရောက်နေပေမယ့် ဈာပနလူတန်းကြီးက မရောက်သေးလို့ ဟံသာဝတီအ၀ိုင်းဖက်ကို နောက်ကြောင်း ပြန်ကြည့်ကြပါတယ်။ စာပေဗိမ္မာန်ရှေ့ အုတ်တံတိုင်းပေါ်မှာလည်း လူအပြည့်ပါပဲ။ ဟံသာဝတီအ၀ိုင်းကနေစောင့်ပြီး ဈာပနလူတန်းကြီး လာတော့မှ လူတန်းနဲ့အတူလိုက်ပါတယ်။ ကျောင်းသားတွေရဲ့ ကမ္ဘာမကြေဘူးသီချင်းကို အစအဆုံး လူအုပ်လိုက်ကြီးဆိုတာကို ဒီတခါမှ ကြားဖူးတာပါဘဲ။
(ကမ္ဘာမကြေဘူး ×× ငါတို့တွေရဲ့ သွေးနဲ့ရေးတဲ့ မော်ကွန်းတေး ×××တော်လှန်ရေး ×× ဒီမိုကရေစီတိုက်ပွဲတွင်းမှာကျဆုံးသော ××× × အို..သူရဲကောင်းတို့ရေ×××အာဇာနည်တွေနေတဲ့တိုင်းပြည်××) ၂ ရဲရဲ တောက် တို့ဗမာပြည် ×××သူတို့သီချင်းဟာ ကျနော်တို့ အသက်အရွယ်လူတွေရဲ့နားထဲကို ချောချောမွေ့မွေ့ဝင်တဲ့ အလိုက်မျိုးမဟုတ်ပါ။ ကျနော်တို့အကြိုက် သီ ချင်းအလိုက်မျိုးက ..ကမ္ဘာမကြေ..ဗမာပြေ..ဒါတို့ပြေ ဒါတို့မြေ..တို့ပိုင်နက်မြေ..ဆိုတဲ့ ခပ်သွက်သွက်အလိုက်မျိုးပါ။ အခုကမ္ဘာမကြေဘူး..သီချင်းရဲ့ အလိုက်က ကျနော်တို့စိတ်ထဲမှာ နဲနဲလေးတယ်ထင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ သိမ့်ခနဲ ခံစားလိုက်ရပါတယ်။ နားထဲမှာ ဗမာစည်းဝါးနဲ့ မကိုက်ဘူးထင်ပေမယ့် သူ့ရဲ့ဘိ (Beat) ကလည်း သူ့ဟာနဲ့သူတော့ ရှိနေတာပါပဲ။
“ကမ္ဘာမကြေဘူး” လို့ အသံလေးလေးမြင့်မြင့်နဲ့ စလိုက်ပါတယ်။ ဘိကလည်း လက်သီးဆုပ် တစ်ခါမြှောက်ပဲ။ ”ငါတို့တွေရဲ့သွေးနဲ့ ရေးတဲ့ မော်ကွန်းတေး” ..ဆိုတဲ့နေရာမှာ ဘိက နဲနဲသွက်သွားတယ်။ လက်သီးဆုပ်မြှောက်ချက် မြန်တယ်။ သုံးခါ မြှောက်တယ်”
တော်လှန်ရေး ××× ဒီမိုကရေစီတိုက်ပွဲတွင်းမှာကျဆုံးသော” အထက်ကအပိုဒ်နဲ့ အလိုက်တူတူပါပဲ။
“အို ..သူရဲကောင်းတို့တွေ ×××” တမ်းတ လွတ်းဆွတ်နာကြည်းတဲ့အသံ..။ လက်သီးဆုတ် နှစ်ခါမြှောက်တယ်။” အာဇာနည်တွေ နေတဲ့ တိုင်းပြည်×××” သံစဉ်ကို နဲနဲပြန်တင်တယ်။” ရဲရဲတောက် တို့ရဲ့ဗမာပြည်” အသံကို ပြန်ချလိုက်ပါတယ်။ ဒါက ပထမအပိုဒ်ပါ။ ဒုတိယ အပိုဒ်ကလည်း ဒီအလိုက်ကို စာသားပြောင်းထားတာပါ။
“ကိုယ်တော်မှိုင်း ××× ရာဇ၀င်တွေလဲ ရိုင်းခဲ့ရပြီ အဖိုးရေ့ ×××”တကယ့်အဖြစ်အပျက်ကို စကားပြေနဲ့ တိုင်တယ်တင်ပြနေသလို စကားလုံးများကလည်း ပီပြင်လှပါတယ်။ ပေါင်းတည် အရေးအခင်းကာလမှာ ကျနော်ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်နဲ့ အခု ..ကျောင်းသားတွေရဲ့မျက်နှာထားနဲ့ သူတို့ရဲ့ ကမ္ဘာမကြေဘူး..သီချင်းသံဟာ ကျနော့် ခံစားချက် ကို တမျိုးပြောင်းသွားစေတယ်လို့ ထင်ရပါတယ်။ ဘယ်လိုပြောင်းသွားတာလားတော့မသိ..။ ကြောက်သွားသလား..။ နာကျည်းသွားသ လား။ ပိုပြီးတက်ကြွလာသလား။ ဘယ်လိုဖော်ပြရမလဲ မသိပါ။ ကျနော်နဲ့အတူသွားနေတဲ့..ကိုတင်ထွန်းကတော့ “ဒီသီချင်းသံကြားရင် တ ခုခုဖြစ်တော့မယ်လို့ချည်း ကျနော်ခံစားရတယ်” လို့ဆိုပါတယ်။ သူက ဒီသီချင်းနဲ့ ရန်ကုန်ကျောင်းသားလှုပ်ရှားမှုနဲ့ သတ်ဖြတ်ခံ ရ..သေကြေရတဲ့သူတွေကို မျက်မြင်ကြုံခဲ့ရသူမို့ဒီလိုပဲ ခံစားမိမှာပေါ့။ နောင်အခါမှာ အခြားလုပ်ဖော်ကိုင်ဖက်တဦးနဲ့ ဒီသီချင်းအကြောင်းကို ဆွေးနွေးမိတော့ သူက ပြောပါတယ်။ ကျနော် ထောင်ကလွတ်ပြီး အပြင်လောက ပြန်ရောက်ရတဲ့ခံစားချက်မျိုး ခံစားရပါတယ်တဲ့။ ကျနော် က ထောင်မကျဖူးတော့ ဒါကို မခံစားတတ်ပါ။
စာသားအလိုက် ခံစားချက်ကပြောင်းလာပါတယ်။ ”သခင်အောင်ဆန်း××× နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ့ ××× အော်…လုပ် ရက်ကြပေ ××× ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ××× အတုံးအရုံး လဲပြိုကာနေ×××”
ကျောင်းသားကျောင်းသူ အတန်းကြီးဟာဒီသီချင်းပြီးရင် ခဏနားပြီး နောက်ထပ်သီချင်းတပုဒ် ဆိုကြပြန်ပါတယ်။ ဒီသီချင်းကတော့ စာ သားအားလုံး မရှင်းလင်းပေမယ့် သီချင်းအလိုက်ကတော့ ကျနော်တို့ခေတ်က အလိုက်မျိုးလိုပါဘဲ..။ ဒါပေမယ့် စာသားကများနေတော့ဆိုရကြပ်ပုံရပါတယ်။ သိပ်ပြီး ညီညီဆိုလို့ မရဘူး။
● မြန်မာနိုင်ငံ ပဉ္စမမြောက်ကို မွေးဖွားခြင်း×××အာဏာရှင်ရဲ့ ပစ်မိန့်ပေးတဲ့..မောင်းပြန် သေနတ်သံတွေကြား×××ပြည်သူတွေရဲ့ဟစ်ကျွေးသံ ××× မိုးယံမှာလွင့်နေ ×××× နိုင်ငံ တော်ကို အသစ်မွေးဖွားရန် သမိုင်းမှာလိုလားနေပြီလေ×××မြန်မာနိုင်ငံ ပဉ္စမြောက်ကိုတို့ထူထောင်စို့လေ×××ဒီသီချင်းက စည်းသုတ်လို့ပြောရမလား။ အဆိုရကြပ်ပုံရပါတယ်။ တော်တော်များများက မီအောင်လိုက်မဆိုနိုင်ပါ။ စာသားကလည်း ကြပ် နေပုံရပါတယ်။ ကျွမ်းကျင်သူများဦးဆောင်ပြီး ခဏခဏ စောင့်ဆိုရပါတယ်။
×××ပလူပျံနေတဲ့ စက်သေနတ် အမြှောက်တွေ..ကျည်ဆန်တွေကြားမှာ×××ပြည်သူတွေဟာ အလောင်းချင်းထပ်လို့ ×××ဆူညံအော် ဟစ်နေ×××မြန်မာပြည်မှာ မ.ဆ.လကို မလိုချင်တော့ဘူးလေ×××သံစဉ်ကတော့ ရောပြီးလိုက်ဆိုလို့ရပုံရတယ်။ စာသားကတော့ မမီဘူး..။ တပုဒ်ကစာသားနဲ့တပုဒ်က စာသားမှားဆိုမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသီချင်းဟာလည်း ၈၈ အရေးတော်ပုံကာလမှာ ရန်ကုန်မြို့မှာဖြစ်ပွါးခဲ့တဲ့ ကျောင်းသားပြည်သူတွေသွေးမြေကျခဲ့တဲ့သရုပ်ကို ကွင်းကွင်း ကွက်ကွက်ပေါ်လွင်နေစေပါတယ်။ မြင်ယောင်လာစေပါတယ်။
×××မြန်မာပြည် နာဇီလက်သစ်ဂိုဏ်းကို ×××ဥပဒေတွေနဲ့ အရေခြုံပြီး×××အာဏာပိုင်အဖွဲ့ အစည်းများအသွင်×××လုပ်မနေပါနဲ့လေ×××
××× ပြည်သူတွေနဲ့ ကျောင်းသားအလောင်းတွေ ×××× အရိုးတွန်ချိန် ရောက်လာပြီလေ××× ××××နိုင်ငံတော်လူသတ်မှုတွေ ××× ရုံးတင်စစ်ဆေးပေး××××××နိုင်ငံတော်သစ်မွေးဖွါးခြင်းရဲ့××× နေအရုဏ်မတက်ခင်×××ဒီမိုကရေစီမထွန်းကားသေးတဲ့××× ဗမာပြ ည် အမှောင်ကျနေ×××လူကို လူလို အုပ်ချုပ်တဲ့သူ×××ဗမာပြည်မှာ မရှိပေ×××××× အာဏာရှင်ရဲ့ ပစ်မိန့်ပေးတဲ့ ××မောင်းပြန် သေ နတ်သံတွေကြား ×× ပြည်သူတွေရဲ့ ဟစ်ကြွေးသံ××××× မိုးယံမှာလွင့်နေ ××ဘေးက လိုက်ကြည့်နေတဲ့လူအုပ်ကြီးကလည်း ကျောင်းသားကျောင်းသူအတန်းကြီးရဲ့လှုပ်ရှားမှုကိုဘဲ ဂရုစိုက်ကြည့်နေပါတယ်။ ဦးဝိစာရ လမ်းတလျှောက်ကတော့ နံဘေးပလက်ဖောင်းတွေကလည်းကျယ်တော့ ပရိသတ်က များမှများပါဘဲ။ ဒီလိုနဲ့ လူတန်းကြီး ရွှေတိဂုံဘုရား တောင်ဖက်မုခ်ရောက်လို့ ဘုရားလမ်းဘက်ကိုကွေ့လိုက်တဲ့အခါကျတော့ လူတွေကြပ်သွားပါတယ်။ ဘေးပလက်ဖောင်းက ကျဉ်းတယ်။ ပလက်ဖောင်းနောက်မှာ အဆောက်အဦတွေက ကပ်လျှက်။ ဒီ့နောက်မှာတော့ ချိုင့်တွေကျဉ်းတွေပဲရှိတယ်။ လူကြပ်သွားပြီး ပိတ်ဆို့ သွားတယ်။ သွားရတာနှေးလာတယ်။ တဦးနဲ့တဦး တိုးမိတိုက်မိပြီး ရုတ်ရုတ်..ရုတ်ရုတ်ဖြစ်လာတယ်။ ကျနော်နဲ့ ကိုတင်ထွန်းလည်း လူ အုပ်ကြီးထဲကနေ ဘေးထွက်ပေးလိုက်ရတယ်။ ဇရပ်တွေနောက်ဖက် ချိုင့်ထဲကိုဆင်းပြီး ရှေ့ ဖက်ကပမ်းတက်ဖို့ ကြိုးစားပါတယ်။ အဆင် သင့်ပဲ ဇရပ်တခုရဲ့ အနောက်ဖက်မှာ ရေဘုံဘိုင်တခု တွေ့လို့ ခြေထောက်တွေရေလောင်းရသေးတယ်။ ခြေလျင် လျှောက်လာ တာကြာတော့ ဒူးဆစ်တွေကို ရေလောင်းပြီး ရေနဲ့ပုတ်လိုက်မှ လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားပါတယ်။
ဂူသွင်းမယ့်နေရာနားရောက်တော့ ရှေ့မတိုးနိုင်တော့ဘူး။ စုဘုရားလတ် အုတ်ဂူဖက်ကပဲ လှမ်းကြည့်ရတယ်။ အနားမှာရှိတဲ့ စုဘုရားလတ် အုတ်ဂူက ဗုဒ္ဓဘာသာဆန်ဆန် အုတ်ဂူပေါ်မှာစေတီဆင့်ထားတယ်။ ဦးသန့်ဂူနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအုတ်ဂူတွေကတော့ ခေတ် မီ အဆောက်အဦပုံစံ ထုထည် တွေ ရှိတယ်။အထဲကို ၀င်နိုင်ထွက်နိုင်တဲ့ တံခါးတပ်ဂူဗိမာန်တွေပါ။ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ဂူဗိမ္မာန်ကတော့ နေရာက နဲနဲကျဉ်းတယ်။ဒါကြောင့် နဲနဲသေးတယ်။ ဒါပေမယ့် ခေတ်မှီဗိသုကာပုံစံမို့ တမျိုးကြည့်ကောင်းပါတယ်။ ဗိသုကာဦးဘိုကြီးရဲ့ လက်ရာလို့ ပြောပါတယ်။ လွတ်လပ်တဲ့ ဒီဇိုင်းပုံပေါ်ပါတယ်။ မိခင်ကြီး ဒေါ်ခင်ကြည်ထိုင်နေကျ သူအိမ်ဆင်ဝင် အခန်းပုံစံငယ်ဒီဇိုင်းလို့ ပြောကြပါတယ်။
ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မိခင်ကြီးရဲ့ရုပ်ကလပ်ကို ဂူမသွင်းမီနောက်ဆုံးကန်တော့နိုင်ဖိုအတွက် လမ်းဖွင့်ပေးကြပါဆို တဲ့မေတ္တာရပ်ခံချက် အသံချဲ့စက်က ထွက်ပေါ်လာပြီးမှာ တာဝန်ရှိသူများက လမ်းရှင်းဟန်တူပါတယ်။ လူအုပ်က ဘေးကိုပိုပြန့်ထွက်လာ တယ်။ နေရာကျဉ်းတော့လည်း ပိုကြပ်လာပါတယ်။ ကျနော်တို့ နေရာတွေလည်းနောက်ထပ်ရောက်လာသူတွေ နဲ့ ကြပ်ပိတ်နေပါတော့တယ်။
ကဲ..ကိုတင်ထွန်းရေ..ဒီလောက်ဆိုတော်လောက်ပြီ..။ ဖောက်ထွက်ကြစို့လို့ တိုင်ပင်ပြီး အောက်ဖက် ချိုင့် ထဲကိုဆင်းလိုက်ကြတယ်။ အဲဒီ ချိုင့်ထဲကပဲ တောင်ဖက်ကိုသွားတော့ ဇပါးရှားလမ်း (ဇီဝကလမ်း) ကျမှ လမ်းပေါ်တက်ရပါတယ်။ ဒီတော့မှ အဲဒီအနားက အိမ်တွေထဲမှာ စစ် ကားတွေနဲ့ စစ်သားတွေအပြည့် အဆင်သင့်ရှိနေတာ တွေ့လိုက်ရပါတယ်။ အနောက်ဖက်ကိုဆက်ပြီး ဟိုကွေ့ ဒီကွေ့နဲ့ ပြည်လမ်း ရောက်မှပဲ ကိုတင်ထွန်းက မြို့ထဲဖက်သွား၊ ကျနော်က မြေနီကုန်းဖက်ကို ပြန်ခဲ့ပါတယ်။ တထိတ်ထိတ်နဲ့ပေမယ့် အေးအေးချမ်းချမ်းပဲပြီးသွားပါတယ်။ ၈၈ အရေးအခင်းကာလတုန်းက ရန်ကုန်လူထုလှုပ်ရှားမှုကို မကြုံဖူးတော့ အခုလူထုချီတက်ပွဲကြီးဟာ ကျနော့်အတွက် အံ့ဘနန်းဖြစ်နေရပါတယ်။ ရန်ကုန်သားတွေကတော့ သိပ်ထူးဟန်မတူတော့ပါ။
Comments