ရေးခဲ့မိသော မှတ်တမ်းများ (၁၃)
အုန်းနိုင်
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
အုန်းနိုင်
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
● ပီသုံးလုံးက ကိုညိုဝင်း
ကျနော် ရွှေလေးတောင်ပေါ်တက်နေတုံး ပေါင်းတည်ကို ကိုညိုဝင်းရောက်နေပါတယ်.။သူက ကျနော့် အမတွေနဲ့လဲ ရင်းနှီးနေသူမို့ ကျ နော် ပြန်ရောက်အောင် ကျနော့်အမအိမ်မှာပဲတည်းခိုပြီး စောင့်နေတာပါ။ ကျနော်ပြန်ရောက်တော့ ပေါင်းတည်မှာ ပြည်သူ့တိုးတက်ရေး ပါ တီဖွဲ့ စည်းရေးအတွက် ကျနော့်ကို ဆွေးနွေးပါတယ်။ ကျနော်က အခု NLD မှာလုပ်နေပြီ။ နှစ်ခုတွဲကိုင်တာမျိုးလည်း မလုပ်ချင်ဘူးဆိုတော့ တခြားဘယ်သူတွေကို ခွဲပေးနိုင်မလဲ။ ဘယ်သူတွေကို တာဝန်ပေးသင့်သလဲဆိုတာလောက်တော့ ကျနော်က နောက်က ထိန်းပေးစေ ချင်တယ်ပေါ့။ ဒီမြို့မှာ ကျနော့်လို လူရင်းတယောက်ရှိနေတာမို့ ကျနော်က ဒါကိုစီစဉ်ပေးဖို့ ပြောလာပါတယ်။ အမှန်က သူရောက်ကတည်းက ကျနော့်အမအိမ်မှာတည်းရင်း အဖွဲ့ ချုပ်ရုံးကို ၀င်ထွက်သွားလာနေပြီးပါပြီ။ ကျနော်နဲ့ တက္ကသိုလ်မှာ အတူတူလက်တွဲခဲ့ဖူးသူ။ အခု ပီသုံး လုံး (ပြည်သူ့တိုးတက်ရေးပါတီ) ဖွဲ့ စည်းဖို့ရောက်လာတော့ သူနဲ့တွေ့ ပြီးတဲ့လူငယ်တွေထဲမှာလည်း ပီသုံးလုံးအဖွဲ့ ကို စိတ်ဝင်စားသူတွေ ရှိတော့ နဲနဲပါးပါးတော့ ဆွေးနွေးပြီးကြရောပေါ့။ ပီသုံးလုံးဟာ အဲဒီအချိန်ကနိုင်ငံရေးအဖွဲ့ အစည်းတွေထဲမှာ ကွန်မြူနစ်တွေချည်းပါဝင်တဲ့အဖွဲ့ အစည်းမို့ လူငယ်တချို့ကလည်း စိတ်ဝင်စားပါတယ်။
ကျနော်က မကြာခင်ကမှ ဦးအောင်ကြီးနဲ့ကွဲကြတော့ ပြည်ကလူတချို့ က ဦးအောင်ကြီးအဖွဲ့ အတွက် လူခွဲပေးဖို့တောင်းဖူးတယ်။ ဒါက ကစားကွင်းထဲမှာ ကစားသလို သူ့ဘက် ကိုယ့်ဘက် လူမျှပြီးကစားကြရင် ပိုကစားကောင်းမယ်ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် နိုင်ငံရေးက ကစားကွင်းထဲက ကစားပွဲနဲ့မတူပါ။ အထူးသဖြင့် အခုကာလလို ကျောင်းသားလူငယ်အသက်ပေါင်းများစွာ အသေခံပြီးမှဖွဲ့ စည်းခွင့်ရတဲ့ ရှားရှားပါးပါးအခွင့်အရေးကို ကျနော်တို့က ကလေးကစားသလို မလုပ်နိုင်ပါဘူး။
ဒါ့ ကြောင့်  ဦးအောင်ကြီးယုံကြည်တဲ့သူများကို စည်းရုံးပါ..။ကျနော့် အဖွဲ့ ထဲက လူလဲ စည်းရုံးနိုင်ပါတယ်ရရင် ဖွဲ့ ပေါ့။အခုလဲ ဒီလိုပဲ ပေါ့ လို့  ...ကိုညိုဝင်းကို ပြောရပါတယ်..။ ကိုညိုဝင်းနဲ့ ကျနော်က တက္ကသိုလ်မှာ ၁၉၆၂ခုနှစ်အထိ အတူတူ လုပ်ခဲ့ တဲ့သူတွေ ဆို တော့သူက နားလည်မှု ရှိပါတယ်..။ဒီမြို့မှာ ကျနော်ကို လူရင်းမို့သာ ဒီလို ပြောတာပါ..။ကျနော် NLD မှာ လုပ်နေပြီ ဆိုတော့ ဆက်မပြောတော့ပါဘူး။အခုမှ နိုင်ငံရေးလုပ်တဲ့သူတွေ ဒီမိုကရေစီအုံကြွမှုကြီးပြီးမှ ပါလာပြီးနိုင်ငံရေးဝင်လုပ်နေသူတွေက ဒီလို နားလည်မှုမျိုး မရှိပါ။ဈေး အရောင်းအ၀ယ်လို လူချင်းရင်းနှီးရင် ရင်းနှီးသလို လုပ်လို့ ရတယ်လို့  ထင်ကြတယ်..။နှစ်ခုတွဲကိုင်ထားတာပေါ့ ဆိုတာမျိုးတွေလည်း ရှိတယ်..။ဒီလို နှစ်ခု တွဲကိုင်ထားတာဟာ ကိုယ်နဲ့ အတူတွဲလုပ်သူတွေကို တွေဝေစေတတ်ပါတယ်..။ ဒီကိစ္စကို ကိုညိုဝင်းပြန်သွားပြီးတော့အဖွဲ့ ဝင် တက်ကြွသူများကိုရော မြို့နယ်ကော်မတီဝင်များကိုရော ရှင်းပြပါတယ်..။တနည်းအားဖြင့်  နိုင်ငံရေး အတွေ့ အကြုံ သို့ မဟုတ် နိုင်ငံရေးသင်တန်းသဘောမျိုး လုပ်ပါတယ်..။
● ပေါင်းတည်မြို့ နယ်အနောက်ခြမ်း
ကျနော်တို့ မြို့မှာလည်း အထက်ကပြောခဲ့ သလို ဆက်သွယ်ရေးကောင်းမွန်နေတဲ့ပေါင်းတည် အရှေ့ ခြမ်း ဖြစ်တဲ့ပေါင်းတည်(၂) နယ်မြေကို စည်းရုံးနိုင်ပြီဖြစ်ပေမယ့်နယ်မြေ(၁)ဖြစ်တဲ့အနောက်ခြမ်းကိုတော့အရောက်အပေါက် အဆက်အသွယ် အားနဲနေတယ်..။ပေါင်းတည်မြို့ကို မြောက်ဘက် ကြို့ ပင်အိုင်ပေါက်တော၊မှတ်တိုင်၊ဘုရားငါးဆူ ကနေ ပေါင်းတည်အထိ ကျောက်ခင်းလမ်း(၁၆)မိုင်နဲ့ ပေါင်းတည်တောင်ဘက် ဂူကြီး၊သဖန်းကုန်း၊ကျောက်ခင်းလမ်း (၆)မိုင် ။ ပေါင်း (၂၂)မိုင်ရှည် တဲ့လမ်းရဲ့ အရှေ့ ဘက်ခြမ်းကျတဲ့ကျေးရွာအုပ်စုတွေ နဲ့ မြို့ပေါ်ရပ်ကွက်တွေက ပေါင်းတည်(၂)နယ်မြေဖြစ်ပြီး..လမ်းရဲ့  အနောက်ဘက်ခြမ်းကျတဲ့ ကျေးရွာအုပ်စုတွေ နဲ့ မြို့ပေါ်ရပ်ကွက်တွေက ပေါင်းတည်(၁)နယ်မြေရယ်လို့ အကြမ်းဖျင်း ခွဲနိုင်တယ်။
မြေပြန့် မှာ တောင်ဘက်ပိုင်းပေါင်းတည်(၁)နယ်မြေဖြစ်တဲ့ ညောင်ကပ်ပင်၊ကြို့ ကုန်း၊ကိုယ်ဝန်ဆောင်ကုန်း၊ကျုံးကျုံးကျ၊ ညောင်ဖြူ စတဲ့ ရွာတွေက မြို့နဲ့ အဆက်အသွယ်အားနဲတယ်..။ကျနော်က သဲကုန်းဆရာအတတ်သင်ကျောင်းမှာ လက်ထောက်ကထိက လုပ်ခဲ့ဖူးတော့ ဆရာအတတ်သင်ကျောင်းဆင်း မူလတန်းကျောင်းအုပ်တွေ၊လက်ထောက်ဆရာတွေကိုပဲ ဆက်သွယ်ရတာပေါ့။သူတို့ကမှ တဆင့် အရပ်သားတွေကို ထပ်ဆက်ပြီးစည်းရုံးရေး ဆင်းရပါတယ်..။ညောင်ပင်သာရွာ မူလတန်း ကျောင်းအုပ်ဆရာကြီးကနေ ပင်စင်ယူထားတဲ့ သူငယ်ချင်း ဆရာဘဟန်ကလည်း အဲဒီဖက်မှာ အဆက်အသွယ်ရှိလို့  ကူညီပါတယ်..။မြို့နယ်ကော်မတီဝင်ဦးသန်းထွန်းကလည်း ကြို့ ကုန်းနဲ့ ကိုယ်ဝန်ဆောင်အုပ်စုတွေမှာ လူဆက်တွေရှိပါတယ်.။အမှန်တော့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့  အဖွဲ့ အနေနဲ့ ပြည်သူလူထုက လက်ခံပြီးသားပါလူစုနိုင်မယ့်  အိမ်ရဖို့ သာ လူဆက်ရှာရတာပါ..။နောက်တော့လည်း ကျနော်တို့အဖွဲ့ ကို ကူညီလုပ်အားပေးတဲ့ကျောင်းသားတွေက ဘယ်အိမ်ရယ်လို့  အဓိက မထားပဲ ရွာရိုးတလျှောက် အဖွဲ့ချုပ်သတင်းလွှာတွေ လိုက်
ရောင်းဖြန့် ချီကြရင်းနဲ့ လက်ခံမယ့်  အိမ်တွေ ရှာလာပေးပါတယ်..။ဒီလိုနဲ့ မြေပြန့် တောင်ပိုင်း ကို အတော်စည်းရုံးနိုင်ပါတယ်..။တောင်ပေါ် ရွှေလေးဒေသ (၆)အုပ်စုကို တော့မ၀င်နိုင်သေးပါဘူး..။အဓိက ကျတာကညောင်နီပင် နဲ့ သစ်ပုတ်အုပ်စုပါ..။မဲပေးနိုင်သူ ၂၀၀၀ကျော်တဲ့ အုပ်စုတွေပါ..။မဲဆန္ဒရှင် (၈၀၀)ကျော်ရှိတာက
တော့ကျောက်တံခါးနဲ့ ကွင်းကြီးအုပ်စုတွေပါ..။ကျန်တဲ့ အုပ်စုတွေကတော့ မဲ (၃၀၀)ကျော်စီလောက် ရှိတဲ့ အုပ်စုတွေပါ..။ တောင်ပေါ် ဒေသတွေက သွားရင် ခြေလျှင်သွားရတာများပါတယ်..။မြို့တခေါက်ပြန်နေရင် အချိန်ကုန် လူပန်းဖြစ်နေမယ်..။တခေါက်ထွက်လိုက်ရင် နှစ်ညအိပ် သုံးညအိပ်လောက် နေပြီး ကျေးရွာသုံးအုပ်စုလောက် ဆက်တိုက် သွားလိုက်မှ ကောင်းမှာမို့အချိန်ယူ ပြင်ဆင်ရပါတယ်..။
ဒီတောင်ပေါ် (၆)အုပ်စုက ဈေးဝယ်စရာရှိရင်တောင် ပေါင်းတည်ဘက်ကို မဆင်းပဲ သဲကုန်းနဲ့ ပေါက်ခေါင်းဖက်ကိုပဲ ဆင်းတတ်ပါ တယ်..။ပေါင်းတည်နဲ့ ဆက်ဆံရေး အလှမ်းကျဲပါတယ်..။ပေါင်းတည်(၁)နယ်မြေ၀င်မြေပြန့် ရွာတွေ တော်တော်များများကလည်း ပေါင်းတည်နဲ့ အဆက်ကျဲကြတာများပါတယ်..။တချို့ ရွာတွေဆိုပေါင်းတည်နဲ့ နေ့ ချင်းပြန်သွားနိုင်ပေမယ့်  ရွာဆက်ကျဲပါတယ်..။ဒါကြောင့်  အရှေ့ ခြမ်းလောက် ခရီးမတွင်ပါ။ဖြည်းဖြည်းချင်းပဲ သွားရပါတယ်..။တခါတလေတော့လည်း အဲဒီရွာတွေက ရွာခံတွေကိုယ်တိုင်က ဘယ် နေ့ လာခဲ့ပါ ဆိုပြီး လာဖိတ်ကြပါတယ်..။ဒီလို နဲ့ တောင်ပေါ်ဒေသက လွဲလို့  စည်းရုံးရေး အတော်နှံ့စပ်လာပါတယ်..။
● လူ့ ဘောင်သစ်က မိုးသီးဇွန်
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ကို စည်းရုံးရေးထွက်သွားပါတယ်..။ဒီအချိန်မှာ လူ့ ဘောင်သစ်ပါတီဥက္ကဌ မိုးသီးဇွန် ခေါ် ကျောင်းသားခေါင်းဆောင် မျိုးသန်းထွဋ် ဆီက ဝေဖန်ချက်တွေ ထွက်လာပါတယ်..။မိုးသီးဇွန်ရဲ့  ဝေဖန်ချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ သဘောတော့မဟုတ်ပါဘူး..။အဖွဲ့ ချုပ်ကို အားမရတဲ့ သဘောတွေ များပါတယ်..။စည်းရုံးရေးတွေပဲ များပြီး (Movement) လို့ ခေါ်တဲ့ တိုက်ပွဲဝင် လှုပ်ရှားမှုမျိုး မရှိဘူး ဆိုတဲ့ သဘောပါ..။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြန်လည်ရှင်းလင်းချက်ကို ကြည့်ရင် သိနိုင်ပါတယ်..။
“မနေ့ က လူ့ဘောင်သစ်ကနေပြီး စာတမ်းတခု ထုတ်ပါတယ်..။အခုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  လုပ်နေတဲ့လုပ်ရပ်တွေ ကို အားမရဘူး..။ ကျမဟာ စည်းရုံးရေးပဲ ထွက်နေတယ်..။ရန်ကုန်မှာကျန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း တိုက်ပွဲဝင်တယ် ရယ်လို့ ကို မရှိဘူးလို့  ဆိုလိုတာပါ။ ဒီလို ပွင့်ပွင့် လင်းလင်း ဝေဖန်တာကို ကျမတို့ လက်ခံပါတယ်..။ဝမ်းသာပါတယ်..။ဒါပေမယ့်  တိုက်ပွဲဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်..။လမ်းမမှာ ထွက်ပြီး ဆန္ဒပြတဲ့ တိုက်ပွဲ ပုံစံ တခုတည်း ရှိတာ မဟုတ်ပါဘူး..။စစ်အစိုးရက စက် တင်ဘာလမှာ အာဏာသိမ်းလိုက်ကတည်းက ကျမတို့ တိုက်ပွဲ ပုံစံ ပြောင်းရမယ် လို့  သဘောထားခဲ့ပါပြီ။
စည်းရုံးရေး ထွက်တယ် ဆိုတာလည်း အဖွဲ့ ၀င်ရရေးက အဓိက မဟုတ်ပါဘူး..။လူထုကြားမှာ ဒီမိုကရေစီသဘောထားကို နားလည်အောင် အဓိက ထားပါတယ်..” လို့  ပြန်လည် ရှင်းလင်းပါ တယ်..။
မိုးသီးဇွန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့တဲ့စာတမ်းကို နိုင်ငံရေးလောက အတွင်းမှာ ထောက်ခံသူရော ကန့် ကွက်သူပါ ရှိကြ ပါတယ်..။ ထောက်ခံသူများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ဝေဖန် ပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်လည်း မိမိကိုယ် မိမိ ပြန်လည်ဝေဘန် ဆန်းစစ်မိသွားမယ်.။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်းက ကျန်တဲ့ အင်အားစုတွေကိုလည်း လူငယ်ကျောင်းသားများက သူတို့ကို ဘယ်လို သဘော ထား တယ် ဆိုတာ သဘောပေါက်သွားစေလိမ့် မယ်..လို့  ယူဆကြပါတယ်..။
မထောက်ခံသူများကတော့ ဒီလို န၀တ ကို စည်းစည်းလုံးလုံး နဲ့ တိုက်ရမယ့် အချိန်မှာ ပြည်သူလူထုက တခဲတနက် ထောက်ခံနေတဲ့ဒေါ်အောင်ဆန်းစုကြည်ကို ငှက်မွေးကလေး တပင်နဲ့ တောင် မထိခိုက်သင့် ဘူးလို့  ဆိုကြပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လိုက်တဲ့ မိုးသီးဇွန်ကိုတော့ လူ့ ဘောင်သစ်ပါတီထဲက မကျေနပ်တဲ့ သဘောတွေ ပြလာပါတယ်..။ပါတီတွင်းမှာလည်း တော်တော် လှုပ်လှုပ် ရှားရှား ဖြစ်သွားပါတယ်.။မိုးသီးဇွန်ကို နိုင်ငံရေး လေတံခွန်လွှတ်သူ လို့  စွပ်စွဲသူ တွေ လူ့ဘောင်သစ်ပါတီ တွင်းမှာ ပေါ်လာပါတယ်..။ အဖွဲ့ တွင်းမှာကို ဟိုဘက်ဒီဘက် ထောက်ခံသူတွေ ပေါ်လာတာမို့လူ့ ဘောင်သစ်ပါတီတွင်း ညီညွတ်မှုစတင် ပျက်ပြား လာခဲ့ပါတယ်..။
ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် လည်း ရှမ်းပြည်နယ် ကယားပြည်နယ်တွေကို စည်းရုံးရေးဆင်းနေချိန်မှာပဲ န.၀.တ ရဲ့  ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင် က နောက်(၁၄)လ ကြာရင် ရွေးကောက်ပွဲတွေ လုပ်ပေးမယ်လို့  အချိန်ဇယားထွက်ပြီး ကြေညာလိုက်ပါတယ်..။ဒါဆိုရင် ၁၉၉၀ပြည့်  ဧပြီလလောက်ကိုရွေးကောက်ပွဲ တွေ ကျင်းပမယ် ဆိုတဲ့ သဘောပါဘဲ..။
● ရွေးကောက်ပွဲ ဥပဒေမူကြမ်း
နောက်ဆက်ပြီး ရွေးကောက်ပွဲ ဥပဒေမူကြမ်းတွေ အပြီးသတ်ရေးဆွဲပြီး သတင်းစာမှာထည့်ပါတယ်..။ပြည်သူလူထုနဲ့ နိုင်ငံရေး အဖွဲ့ အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲဥပဒေ မူကြမ်းမှာ ပြင်သင့်တာတွေပါရင်ဖြစ်စေ ဖြုတ်ပယ်သင့် တာတွေ ပါရင်ဖြစ်စေ တင်ပြဖို့ ကြေညာပါတယ်..။အဖွဲ့ချုပ် ဗဟိုက နယ်တွေကို တင်ပြလိုတာရှိရင် တင်ပြဖို့ တောင်းဆိုပါတယ်..။ကျနော်တို့ မြို့အနေနဲ့ ဗဟုသုတ လည်းဖြစ်အောင် ၊ ပိုမိုတိုးတက်လာအောင် မြို့နယ်ကော်မတီ နဲ့ စိတ်ပါဝင်စားသူများ သုံးရက်ဆက်တိုက် ဆွေးနွေးကြပါတယ်..။တကယ်ကျ
တော့ ဥပဒေနဲ့ပတ်သက်ရင် ရှေ့ နေတွေတောင် သိပ်စိတ်မ၀င်စားပါ..။ဒါပေမယ့် နိုင်ငံရေး ပညာပေးအနေနဲ့အတင်းလုပ်ယူရပါတယ်..။နောက်ဆုံးတော့အကြမ်းဖျင်းအားဖြင့် ရွေးကောက်ပွဲကျင်းပ အပြီး လွှတ်တော်ကိုဘယ်သူက ဘယ်နှစ်ရက်အတွင်း ခေါ်ပေးမယ်ဆိုတဲ့ အပိုဒ်မပါတာ..ကို သတ်မှတ်ပေးဖို့ ။နောက်ပြီး လွှတ်တော်ဟာ ဥပဒေပြုရေးအာဏာ ၊တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ တို့ကို ရရှိစေမည် ဆိုတဲ့ အပိုဒ်မပါတာကို ပါအောင်ထည့်ဆွဲပေးဖို့..နဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကို အမြန်ဆုံးကြေညာ ပေးနိုင်ဖို့ ။နောက်
အဓိက အကျဆုံးအချက်အနေနဲ့ ရွေးချယ်ခံပိုင်ခွင့် ရှိသူများမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး အရွေးခံပိုင်ခွင့် မရအောင် ရေးဆွဲထားတဲ့ အချက်ကို ပယ်ဖျက်ပေးဖို့ တွေ တင်ပြလိုက်ပါတယ်..။ ။
Comments