(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ အပြုတ်တိုက်မည့် “ကမ်းလှမ်းချက်”
တူမောင်ညို၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ KIO/KIA အပေါ်လုပ်ရပ်သည် လည်ပင်းညှစ်ပြီး “ဆွေးနွေးပွဲ”သို့ခေါ်ယူလိုက်သည့် လုပ်ရပ် ပင်ဖြစ်သည်။
ယခုအခါ “လိုင်ဇာ”သည် စစ်တပ်က အချိန်မရွေး သိမ်းပိုက်နိုင်သည့် လက်တစ်ကမ်းအနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအနေအထားတွင် စစ်တပ်၏ ဝေဟင်မြေပြင်ထိုးစစ်ဆင်မှုများကို လဂျားယန်ဒေသတွင် “ကွက်ပြီး” ရပ်ဆိုင်းလိုက်ခြင်းသာဖြစ်သည်။
ထိုနောက် တစ်ပြိုင်နက်တည်းဆိုသလိုပင် KIO ဥက္ကဋ္ဌထံ လိပ်မူသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ “ကမ်းလှမ်းချက်”ဆိုသည်ကို ထုတ်ပြန်လိုက်သည်။
စစ်ရေးအရ KIO/KIA ၏ လိုင်ဇာဌာနချုပ်ကို ပိုင်ပိုင်နိုင်နိုင် ဝိုင်းပတ်ချုပ်ငင်နိုင်ခြင်းမရှိသေးမီအချိန်က သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြသည်။ ယခုတော့လွှတ်တော်၊ အစိုးရ၊ လုပ်ငန်းကော်မတီတို့မှ အသံဗလံတွေထွက်လာခဲ့ပြီ၊ ကြေညာချက်တွေ ဟော တစ်စောင် ဟောတစ်စောင် ပလူပျံသကဲ့သို့ ထွက်လာခဲ့သည်။
ယုတ်စွအဆုံး အစိုးရစစ်တပ်မှ ဝေဟင်မြေပြင်ထိုးစစ်တွေဆင်နေစဉ်က မျက်စေ့မှိတ် နှာစေးနေခဲ့သော “ဦးဝင်းမြ လူ့အခွင့် အရေး ကော်မရှင်” သည်ပင် အထက်ညွန်ကြားချက် ရရှိလာခဲ့ပြီဖြစ်သဖြင့် ခါတော်မီကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
အတိုက်အခံအင်အားစုများဘက်က ကြက်ယက်သကဲ့သို့ အကွဲကွဲအပြားပြား ဖြစ်နေသလောက် အုပ်စိုးသူများဘက်က အကွက် စေ့လှသည်၊ အတိုင်အဖောက်ညီလှသည်။ လွှတ်တော်ကဏ္ဍတွင် (ဗိုလ်)ဦးရွှေမန်းနဲ့ (ဗိုလ်) ဦးခင်အောင်မြင့်၊ အုပ်ချုပ်ရေးဘက် တွင် (ဗိုလ်) ဦးသိန်းစိန်၊ စစ်တပ်ဘက်တွင် ဗိုလ်မင်းအောင်လှိုင်တို့သည် အပေးအယူ အချိတ်အဆက်မိလှသည်။
“နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အတိုင်း” စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်သည်။ “တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်” လေကြောင်းပစ်ကူလည်းယူခဲ့သည်။ ထိုအချိန်တွင် (ဗိုလ်) ဦးရွှေမန်းနှင့် (ဗိုလ်) ဦးခင်အောင်မြင့်တို့က လွှတ်တော်ကိုထိန်းထားသည်။ စစ်တပ်က “လဂျားယန်-လိုင်ဇာစစ်မြေပြင်” ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်လာနိုင်သောအခါတွင်မူ လွှတ်တော်တွင်အရေးကြီး အဆိုတင်သွင်းကာ “အပစ်ရပ်ဆိုင်းရန်နှင့်ဆွေးနွေးကြရန်” ဆုံးဖြတ်ချက်တွေချခဲ့ကြသည်။
“လဂျားယန်-လိုင်ဇာစစ်ပွဲ” တွင် အဓိကအတိုက်ခံနိုင်ငံရေးပါတီကြီးဖြစ်သော ဒီချုပ်သည် မည်သည့်အသံမျှ မထွက်ခဲ့ချေ။ တရားဝင်မှတ်ပုံတင်ထားရသည့် ပါတီရပ်တည်မှုကို ထိခိုက်မှာကိုစိုးရိမ်၍လား မပြောတတ်၊ မည်သည့် သဘောထားကြေညာချက်မျှ ထုတ်ပြန်ခြင်းမပြုခဲ့။ ရေဒီယိုအင်တာဗျူးတစ်ခုတွင် ပါတီဥက္ကဋ္ဌ က “မဖိတ်ခေါ်သဖြင့် ပါဝင်နိုင်ခြင်းမရှိ” ဟု ပြောသွားတာကြားလိုက်ရ သည်။ ဤသို့ပြောသည်မှာလည်း အမေးရှိ၍ ဖြေလိုက်ရသည့် ခရီးသွားဟန်လွဲအဖြေမျှသာဖြစ်သည်။
တိုင်းရေးပြည်ရေး ပြည်သူ့အရေးသည် ဖိတ်ခေါ်ချက်ရှိမှသာ ပါဝင်ရမည်လော။ ပါတီဥက္ကဋ္ဌသည် “ခရိုနီတို့၏ စွန့်ကြဲသောဒါန” ကို “လှိုက်လှဲစွာ သာဓု အနုမောဒနာ” ခေါ်နိုင်ခဲ့သော်လည်း ကချင်တိုင်းရင်းသားပြည်သူများ ခံစားနေရသည့် စစ်မီးဒုက္ခကိုမူ လစ်လျူရှု ဥပက္ခာပြုရက်နိုင်ပါပေသည်ဟု နာနာကျင်ကျင်မှတ်ချက်ချရပါတော့မည်။
ဖခင်ဗိုလ်ချုပ်သည် သူ့ခေတ်သူ့အခါက ကချင်တိုင်းရင်းသားပြည်သူများ၏ ချစ်ခင်ယုံကြည်မှုကို ရယူတည်ဆောက်နိုင်ခဲ့သော် လည်း ဗိုလ်ချုပ်ချစ်သမီးသည် ကချင်တိုင်းရင်းသား ပြည်သူများအပေါ် စိမ်းကားလွန်းပါသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ သဘောထားကြေညာချက် (၁/၂၀၁၃) တွင် “ဒေါ်အောင်ဆန်းစုကြည်သည် ပဋိပက္ခကို ပြေလည်ငြိမ်းအေးအောင် ဝင်ရောက်ဖြေရှင်းပေးနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရပါသည်” ဟု အရှိကို အရှိအတိုင်း ဝေဖန် ဖွင့်ချထားပါသည်။
နိဂုံးချုပ်ရလျှင် “လွှတ်တော်”၊“စစ်တပ်”၊“ကြံ့ဖွံ့အစိုးရ”တို့၏ ယနေ့လုပ်ရပ်သည် KIO/KIA အတွက် သင်ခန်းစာဖြစ်ပြီး၊ အခြားသော လက်နက် ကိုင်တိုင်းရင်းသားအင်အားစုများအတွက် အလေးအနက်သတိပြုရမည့် အတွေ့အကြုံလည်းဖြစ်သည်။
ဤလုပ်ရပ်/လုပ်နည်း သည် KIO/KIA တဖွဲ့ထဲအတွက် သီးသန့်မဟုတ်နိုင်၊ သူတို့ကို လက်နက်ကိုင်ပြီး အာခံ/အံတုနေသူတိုင်း အတွက်ဖြစ်လာလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်တို့ကို အကြပ်ကိုင်ကာ လက်နက်ဖြုတ်မည်၊ ၂၀၀၈ အခြေခံဥပဒေ “ပချုပ်”ထဲထည့်မည် သာဖြစ်သည်။
“နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့် အကြောင်းအချက် များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်” ဟု (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်ဖေါ်ပြ ထားသည်မဟုတ်ပါလော။
ထို့အပြင် စစ်တပ်ပိုင် မြဝတီ webite ၌ဖော်ပြထားသည့် “ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုဝင်များ ၏ ထုတ်ပြန်ကြေညာချက်” တွင် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ နှင့်စစ်တပ်၏ အတွင်းသဘောကို ဤသို့ အတိအလင်းထင်ဟပ်ထားသည်။
- “KIO/KIA သည် ထာဝရငြိမ်းချမ်းရေးယူမည်လော သို့မဟုတ် အပြီးသတ်ချေမှုန်းခံမည်လော” ဟူ၍ဖြစ်သည်။
အထက်ပါ သဘောထားထင်ဟပ်ချက်မှာ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ “ကမ်းလှမ်းချက်” ကို KIO/KIA က လက်မခံငြင်း ဆန်အံတုနေမည်ဆိုလျှင် “လိုင်ဇာ”ကို အပြုတ်ချပစ်မည့် သဘောပင်။
ညွန်း
၃ ဇန်နဝါရီ ၂၀၁၃ - ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) သဘောထားကြေညာချက်
၎ ဇန်နဝါရီ ၂၀၁၃ - သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIO KIA တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် စပ်လျဉ်းသည့်သတင်းထုတ်ပြန်ခြင်း
(၅ ဇန်နဝါရီ ၂၀၁၃ သတင်းစာ)
၁၀ ဇန်နဝါရီ ၂၀၁၃- “ဝ” ပြည်နယ်အထူးဒေသ (၃) ၊ (SSPP/SSA)၊ မိုင်းလား ပူးတွဲထုတ်ပြန်ကြေညာချက်
၁၁ ဇန်နဝါရီ ၂၀၁၃ - ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီနှင့် KIO/KIA သို့ ပြည်သူ့လွှတ်တော်၏ တိုက်တွန်းချက်
(၁၈ ဇန်နဝါရီ ၂၀၁၃ မြန်မာ့အလင်းသတင်းစာ)
၁၁ ဇန်နဝါရီ ၂၀၁၃ - ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုဝင်များ ၏ ထုတ်ပြန်ကြေညာချက် (မြဝတီဝဘ်ဆိုဒ်)
သို့ပါ၍ ကချင်ပြည်နယ် လူထု၏ ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်ပြီး၊ စစ်တမ်း ကောက်ယူ ပါက KIO/KIA အဖွဲ့ အစည်းများ အနေဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ရယူမည်လား ?(သို့မဟုတ်)တပ်မတော်နှင့် လူထုပေါင်းပြီး၊ KIO/KIA ကို အပြီးသတ် ချေမှုန်း ကြမည်လား ? (ရက်စွဲ၊ ၂၀၁၃ - ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် ၊ ကချင်ပြည်နယ်နေ့)
၁၆ ဇန်နဝါရီ ၂၀၁၃ - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ သဘောထားကြေညာချက် (၁/၂၀၁၃) ထုတ်ပြန်
၁၈ ဇန်နဝါရီ ၂၀၁၃ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်၊ ထုတ်ပြန်ချက်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ မြန်မာ့အလင်းသတင်းစာ)
၁၈ ဇန်နဝါရီ ၂၀၁၃ - သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၃/၂၀၁၃)
၁၈ ဇန်နဝါရီ ၂၀၁၃ - ပစ်ခတ်တိုက်ခိုက်မှုများချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရေး တိုက်တွန်း ချက် ထုတ်ပြန် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်း )
၁၉ ဇန်နဝါရီ ၂၀၁၃ - ဗဟိုကော်မတီ (KIO) ၏ ထုတ်ပြန်ကြေညာချက်
Comments