Kamar Pale - Poem

ပြည်တည်နာ
ကမာပုလဲ
ဖေဖော်ဝါရီ ၄၊ ၂၀၁၃

 
အစကတည်းက မြုံနေခဲ့တာ ...
နေပူစပ်ခါးမရှောင် ပရိဒေ၀များ ...
ငတ်မွတ်တဲ့အခါ ရမိရရာ ရေတခွက်နဲ့
ကျောချင်း ကပ်ခဲ့တဲ့ အကာလ ညများ ...။

ဒဏ်ရာကို ဒဏ်ရာလို့ သိခဲ့ကြ
စိတ်တခုကို နှစ်ကိုယ့်တကိုယ် တည်ဆောက်ခဲ့ကြ
သေချာတယ်
အချစ်မှာ ကြားခံဆိုလို့
အမြေးပါးလေး တချပ်တောင် မခြားခဲ့ဘူး ...။

ဘယ်လို ဖြစ်ရတယ်မသိ
ပန်းတွေ ချစ်တတ်တာလည်း အတူတူ
တိမ်တိုက်တွေနဲ့ ခရီးရှည် ထွက်ခဲ့တာလည်း အတူတူ
ဥသြငှက်တေးသံနဲ့ နွေဦးကို မျှော်ခဲ့ကြတာလည်း အတူတူ ...။

လူတယောက်မှ ရှိမနေတဲ့
အသံတိတ်လမ်းမကြီး
အဲဒီ တိတ်ဆိတ်နေတဲ့ ဂီတကို ချစ်ခဲ့ ...။

ခုတော့
သူစိမ်းဆန်နေပုံက
ရန်ဘက်သူစိမ်းတွေထက်တောင် အေးခဲဆွံ့အ
တဆစ်ဆစ်ကိုက်ခဲလာတဲ့ အနာ
သေရာပါအောင် ချစ်ခဲ့တယ်။ ။

Photo by Aung Htet

Comments