ရေးခဲ့မိသော မှတ်တမ်းများ - (၁၆)
အုန်းနိုင်
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃
အုန်းနိုင်
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃
● ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓနုဖြူ
၁၉၈၉ ဧပြီလ (၅) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်အတွင်းက ဓနုဖြူမြို့မှာ စစ်တပ်နဲ့ရင်ဆိုင်တွေ့ခဲ့ရတဲ့အဖြစ် အ ပျက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သတင်းစာရှင်းလင်းပွဲ (၄) ထဲကအတိုင်းပဲ ဖော်ပြချင်ပါတယ်။ ဦးကြည်မောင်က မြေပုံနဲ့တကွ ရှင်း ပြပါတယ်။
“တကယ်တော့ ဖြစ်ခဲ့တာက နှစ်ပိုင်းပါ။ ပထမပိုင်းက မနက် (၉)နာရီခွဲလောက်။ အထွေထွေအတွင်းရေးမှူးက နယ်မြေ အမျိုးသားဒီမို ကရေ စီ အဖွဲ့ ချုပ် ရုံးခန်းကထွက်လာကာစဖြစ်ပါတယ်..။(မြေပုံပြသည်) ကျနော်တို့တဖွဲ့ လုံး လူငါးဆယ်လောက် ပါပါတယ်..။ဒီလမ်းအတိုင်း
ထွက်လာပါတယ်..။မဟာဗန္ဒုလ လမ်းပါ..။အဲဒီနောက် ဒီနေရာမှာ ဘယ်ဖက်ချိုးပြီး သင်္ဘောဆိပ်ကိုသွားတယ်..။အငှားမော်တော် နဲ့ ရွာတွေဘက် ထွက်မလို့ ပါ..။ကျနော်တို့ ဟောဒီနေရာနားက စထွက်တာနဲ့ မရှေးမနှောင်းမှာပဲထရပ်ကားတချို့ ကနေ ကျနော်တို့ ကို လူစုခွဲဖို့  အမိန့်ပေးသံ ကြားပါတယ်..။လမ်းထဲမှာလည်းကျနော်တို့ အပြင် ဘယ်သူမှ မရှိပါဘူး..။စစ်တပ်က ဟောဒီ နားမှာ နေရာယူထားတာ မြင်တာနဲ့တပြိုင်နက် လမ်းမှာ ရှိတဲ့ တခြားလူတွေအားလုံး ရှင်းသွားတယ်..။အနေအထားက သိပ်သိသာပါတယ်..။ပေါ်ပေါ်တင်တင်ကို ခြိမ်းခြောက်တဲ့  သဘောပါ..။
သူတို့က ကျနော်တို့ကို ချက်ချင်းလူစုခွဲ ဖို့ပြောတယ်..။ဒါမှ မဟုတ်ရင် ထိရောက်စွာ အရေးယူမယ်လို့ဆိုပါတယ်..။ငါးစက္ကန့်  လောက်အတွင်း သတိပေးချက်တွေ ထွက်လာတယ်..။တခုနဲ့တခု ဆက်တိုက်ပဲ..။ပထမအကြိမ် သတိပေးတယ်..။ကျနော်တို့ ဆက်လျှောက်နေတယ်..။ဒုတိယအကြိမ် သတိပေးချက် ဆက်တိုက် လိုက်လာတယ်..။တတိယ အကြိမ် သတိပေးချက် ထွက်လာတာ နဲ့တပြိုင်နက် ကျနော်တို့စိတ်ထဲမှာ သေနတ် ကျည် ဆံတွေတော့  တို့ ဆီကျလာတော့မယ် လို့ အောက်မေ့နေကြတယ်..။ဒါပေမယ့် ထွက်မလာဘူး..။ကျနော်တို့  ကိုယ့် ခရီးကိုဆက်လျှောက်လာခဲ့တယ်..။နောက်ဘက်ကို လုံးဝ လှည့် မကြည့်ဘူး..။အဲဒိတော့ ကျနော်တို့ကို (နောက်ဆုံးအဆင့်မှာ) ပစ်ဖို့အမိန့်ပေးလား မပေးဘူးလား..ကျနော်တို့မသိပါဘူး..။ဒါပေမယ့် တချို့က ပြောတာက အဲဒီလို အမိန့်ပေးတယ် လို့ ဆိုပါတယ်..။ဒါက မနက်ပိုင်း အဖြစ်အပျက်ပါ..။မနက် ကိုးနာရီခွဲဒီအဖြစ်အပျက် နဲ့ ပတ်သက်လို့  ထူးခြားတဲ့  အချက်တရပ်က ကျနော်တို့  ဒီလမ်းကြောင်း အတိုင်း ဆက်လျှောက်လာတဲ့  အခါမှာ နောက်ကစစ်တပ်နဲ့တဖြေးဖြေး ဝေးသထက်ဝေးလာတယ်..။အဲဒီအချိန် အတောအတွင်း ကျနော်တို့ ဘက်က လုံခြုံရေးကိုထိပါးဖို့  ခြိမ်းခြောက်တာမျိုးလဲလုံးဝ မရှိပါဘူး..။အဲဒိတော့  သူတို့က ကျနော်တို့ကို ဘာ့ကြောင့် နောက်ကနေ ပစ်ချင်ရသလဲဆိုတာ ကျနော် တို့ နားလည်လို့ မရဘူး..။ဆန္ဒပြနေတာလည်း မဟုတ်ဘူး..။အဲဒီတော့ ဒီအဖြစ်အပျက် နဲ့ပတ်သက်လို့  အရှင်းဆုံး အချက်က သူတို့ဟာ သူတို့ဆီက ဝေးသထက်ဝေးသွားတဲ့  ပစ်မှတ်ကို ပစ်ဖို့ အမိန့်ပေးခဲ့တယ် ဆိုတဲ့  အချက်ပဲဖြစ်ပါတယ်..။ဒါက ပထမ အဖြစ်အပျက်ပါ..။
ဒုတိယ ပိုင်း အဖြစ်အပျက်က တော့ညနေပိုင်း(၆)နာရီခွဲလောက်မှာ ဖြစ်တာပါ...။ကျနော်တို့ မြို့နယ်ရုံးကို ပြန်လာပါတယ်..။ဟောဒီလမ်းကပါ..။ဒေါ်အောင်ဆန်းစုကြည်ဟောဒီနားလောက် ရောက်တော့ရုတ်တရက် ဂျစ်ကားတစီး အပြေးရောက်လာပြီးထိုးရပ်လိုက်တယ်..။ရိုင်ဖယ်သေနတ်ကိုင် စစ်သားခြောက်ယောက် ချက်ချင်းခုန်ဆင်းပြီး မုဆိုးထိုင် နေရာယူပြီးဒေါ်အောင်ဆန်းစုကြည်ကို ချိန်တယ်..။မြင့်ဦး
ဆိုတဲ့  အရာရှိတယောက်က ကျနော်တို့ကို ချက်ချင်းလူစုခွဲဖို့ပြောတယ်..။ဒေါ်အောင်ဆန်းစုကြည်ကကျောင်းသားတွေကို လမ်းဘေးဖယ်ပေးလိုက်ဖို့  ပြောတဲ့ အခါ သူကလမ်းဘေးကပ်ရင်လည်း သူကတော့ပစ်ရမှာပဲ လို့  ဆိုတယ်..။အဲဒီအချိန်ကျတော့ ကျနော်က ဟောဒီနောက်ဘက်နားမှာပါ..။ပြသနာပေါ်မယ်လဲမထင်တော့ နောက်ဘက်နားက လိုက်လာတာပါ..။လူအုပ်စု နောက်ဆုံးနားလေးမှာဆိုတော့ ရှေ့ မှာဘာတွေဖြစ်နေတယ် ဆိုတာကို မြင်တော့ မြင်နေရတယ်..။ဒါပေမယ့် ဘာတွေပြောကြသလဲဆိုတာ တော့ သေသေချာချာ မကြားရဘူး..။အဲဒီအချိန်က သူတို့  အသံချဲ့ စက် သုံးတာ မတွေ့ရဘူး..။(အဲဒီလူက အသံကျယ်ပါတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ၀င်ပြောသည်)
ကျနော် ဟောဒီနားလေးကို ရောက်တော့ အရာရှိနှစ်ယောက်နောက်က ပြေးလာပြီး ပြောတယ်။“ဟေ့..ဗိုလ်မြင့်ဦး..ရပ်..ရပ်။ဘာမှ မလုပ်နဲ့ “ လို့  ဆိုတယ်..။သူတို့က ကျနော့်ဘေးက ဖြတ်သွားပြီး ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့  ပထမဆုံး တွေ့ရတဲ့  စစ်သားကိုကျည်ထုပ်ခိုင်းတယ်..။ကျည်ဆန်ထုပ်တဲ့  အခါ ကျည်ဆန်တွေက ထိပ်ဖူးပါတဲ့  ကျည်ဆန်တွေ..။သူတို့ နှစ်ယောက် အချိန်မီရောက်လာပေလို့ ပဲ..။အဲဒီနောက်ကျနော်တို့ ဟောဒီနားရောက်တဲ့ အခါ ဗိုလ်မှူးမောင်ထွန်းလို့  ခေါ်တယ်ထင်တယ်..။အဲဒီ ဗိုလ်မှူးနဲ့ ရဲဘော်တွေ ရဲ့  တာဝန်ခံ ဗိုလ်ကြီးနဲ့ စကားပြောနေတာ ကျနော်ကြားတယ်..။အရာရှိကသူ့ ကို သတိပေးနေတယ်..။မင်းကို ငါအရေးယူမယ် လို့ ဆိုတယ်..။ဒီအခါ ဗိုလ်ကြီးက သူ့ ပခုံးပေါ်မှာရှိတဲ့  ရာထူးတံဆိပ်တွေ ဆွဲဖြုတ်ပစ်ပေါက်ပြီး “ဒါဖြင့်  ဒါတွေ ဘာသွားလုပ်မလဲ “ လို့ ပြောတယ်..။သူ့ကို ကြိုက်သလို လုပ်နိုင်တယ် လို့ လဲပြောပါတယ်..။ကျနော်တို့က သူတို့ နားက ဖြတ်သွားတယ်..။အဲဒီအခါနောက်ထပ်အရာရှိတယောက်ကကျနော်တို့ ဘေးနားရောက်လာပြီး မြန်မြန်သွားကြပါ..။မြန်မြန်သွားကြပါ..လို့  ပြောတယ်.။အဲဒီမှာ အဖြစ်အပျက် ပြီးဆုံးပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်က ဒီအဖြစ်အပျက်ကို ဖြည့်စွက်ပြောကြားပါတယ်..။ဖြစ်တာအားလုံးကရုတ်တရက် ဆက်တိုက် ဖြစ်တာပဲ..။ဂျစ်ကားတစီး ရုတ်တရက်ပေါ်လာတယ်..။စစ်သားတွေ ရောက်လာပြီးလမ်းပေါ်မှာ နေရာယူကြတယ်..။ဒါကို ကြည့်ရင် သူတို့ကို ဒီရောက်ရင်ဘာတွေလုပ်ရမယ် ဆိုတာ အမိန့်ပေးလိုက်ပြီး ဖြစ်တယ် ဆိုတာ သိပ်ထင်ရှားပါတယ်..။တချို့က ချက်ချင်းပဲမုဆိုးထိုင်ထိုင်ပြီး တချို့ က မတ်တပ်ရပ်ပြီး နေရာယူပါတယ်..။ကျမတို့ ကို သေနတ်တွေနဲ့ထိုးချိန်တယ်..။အဲဒီနောက် လူစုခွဲပါလို့  ပြောတယ်
ပထမ အကြိမ် သတိပေးတယ်..။ဒုတိယအကြိမ် သတိပေးတယ်..။တတိယ အကြိမ်ဆိုပြီးသတိပေးတယ်..။
ဘာမှ အဓိပါယ် မရှိဘူး..။ပြီးတော့ ကျမတို့ ကို လမ်းမှာ ပိတ်ဆို့ထားခွင့် မရှိဘူးလို့  ပြောတယ်..။အမှန်ကလမ်းပိတ်ထားတာက စစ်သားတွေပါ..။ဒါနဲ့ကျမက ကလေးတွေကိုတောင် လူစုခွဲပြီး သူတို့ကားတွေကိုကွေ့ သွားကြလို့  ပြောတယ်..။ဘာကြောင့် လဲ ဆိုတော့ သူတို့ကလမ်းပေါ်မှာ ကန့်လန့်ဖြတ်ပြီး ပိတ်ရပ်နေကြတာကိုး..။အဲဒီအခါ သူတို့က ပြောတယ်..။လမ်းဘေးက သွားရင်လဲသူတို့ကတော့ ပစ်ရမှာဘဲတဲ့ ..။
အဲဒီတော့  ကြည့်ရတာ ကျမက အဓိက ပစ်မှတ်လို ဖြစ်နေလေ တော့လုပ်ရကိုင်ရ လွယ်ကူအောင် ကျမကပဲ လမ်းပေါ်တက်လိုက်တာ ရှင်းမယ် ဆိုပြီး လမ်းလယ်ကောင်တက်လာတယ်..။ပြီးတော့ သူတို့ စစ်သားတွေ ကြားထဲက ပဲဖြတ်သွားတယ်..။အဲဒီအခိုက် အတန့် မှာပဲ ဗိုလ်မှူး ရောက်လာပြီးဗိုလ်ကြီးကို ပစ်မိန့် မပေးဖို့  တားဆီးတယ် ထင်တာပါ..။သူတို့  ဘာတွေဆက်လုပ်တယ်ဆိုတာကိုတော့ ကျမ တိတိကျကျမသိဘူး..။
ဒီအဖြစ်အပျက် နဲ့ပတ်သက်လို့  သုံးသပ်ရရင်ကြောက်စရာကောင်းတဲ့  အချက်က ဒီဗိုလ်ကြီးဟာအထက်လူကြီး အမိန့်မရပဲ သူ့ သဘောသူ့ ဆန္ဒနဲ့သူ ထင်ရာစိုင်း လုပ်နေတယ်ဆိုတဲ့  အချက် ဘဲ..။ကျမ နားလည်သလောက် ပြောရရင် သူ့ မှာ ပစ်ဖို့ အမိန့်  လုံးဝ မရှိဘူး..။ကျမတို့  ကောလာဟလ ပြောသံကြားတာကတော့ ဒါ ..မှန်မမှန်တော့ သေချာ မပြောနိုင်ဘူး..။ဘာလဲ ဆိုရင်သူတို့ကို ပေးထားတဲ့  တစ်ခုတည်းသော အမိန့်က တကယ်လို့  လိုအပ်လာရင် ဥပမာ ဆူဆူပူပူ ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့ရင် လေထဲသေနတ် ထောင်ဖောက်ခွင့်ရှိတယ်..။ဒါလောက်ပဲ..။ဒါပေမယ့် သူတို့ က လေထဲကိုထောင်ဖောက်မယ့်အရိပ်လက္ခဏာ လုံးဝမပြဘူး..။ရောက်လာတာနဲ့ ချက်ချင်းနေရာယူတယ်..။လူတွေကိုသေနတ်နဲ့ထိုးချိန်တယ်..။ ချက်ချင်း ပစ်တော့ ခတ်တော့မယ့် ပုံမျိုးပဲ..။ကျည်ထိုးခိုင်းတယ်..။အသင့်ပြင် ခိုင်းတယ်..။ပစ်ဖို့ပဲ ကျန်တော့တယ်..။ဒါပေမယ့် ဒီအမိန့်တော့ ဆက်ထွက် မလာခဲ့ပါဘူး..။”
ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့  စည်းရုံးရေးခရီးစဉ်အတွေ့အကြုံတွေကို ကြည့်ရင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို တိုးတိုးပြီး ထောက်ခံလာတယ်..။န၀တ ကတော့ဒေါ်အောင်ဆန်းစုကြည်ကို တိုးတိုးပြီး မလိုလားမှုတွေပြလာတယ်..။နောက်တဖက်ကလည်း ရှစ်လေးလုံးအရေးတော်ပုံရဲ့  အမြုတေကျောင်းသားကျောင်းသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ပိုပိုပြီးယုံကြည်လာတယ်..။ရှစ်လေးလုံးကာလက ခေါင်းဆောင်မှုမဲ့ခဲ့တဲ့  အတွက်မအောင်မြင်ခဲ့ဘူး..။အခုတော့ကျောင်းသားကျောင်းသူ လူငယ်ထုက နှစ်နှစ်ကာကာ ယုံကြည်ရမယ့်ခေါင်းဆောင်ကို တွေ့လာနေပြီလို့ တိုးတိုးပြီး ယုံကြည်လာသလို န၀တကလည်း ဒေါ်စုနဲ့ကျောင်းသားလူငယ်တွေပေါင်းမိမသွားအောင် တိုးတိုးပြီး လုပ်ဆောင်လာပါတယ်..။အဲဒီလို လုပ်ဆောင်တဲ့ အခါ နည်းမှန်လမ်းမှန် မဆောင်ရွက်နိုင်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖွဲ့ ကိုရော ကျောင်းသားလူငယ်တွေကို ရော တိုးပြီးဖိနှိပ်လာတော့ အဖိနှိပ်ခံအချင်းချင်း စုစည်းမှု ပိုပြီး ရလာစေတဲ့  ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုပဲ ဖြစ်လာပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရှိန်သြဇာနဲ့ စည်းရုံးရေးက တက်လာတော့ မဲတင်းတဲ့  အနေနဲ့ ၁၉၈၈ဇူလိုင်လကတည်းကည ဇာတ်မြုပ်နေတဲ့ ဦးနေ၀င်းဟာပြန်ပေါ်လာပါတယ်..။ဧပြီလဆန်းမှာ ဦးနေ၀င်းကဗိုလ်ချုပ်ကြီးစောမောင်နဲ့ အတူတူ ၄၄နှစ်မြောက်တပ်မတော် နေ့ ပြပွဲကိုကြည့်ရှု အားပေးတဲ့ ပုံတွေ သတင်းစာတွေထဲမှာ ပါလာတယ်..။သတင်းစာထဲမှာ ပါတဲ့ ပုံကနှစ်ပုံပါ..။နှစ်ပုံနဲ့တင် ရှေ့ ဖုံးနောက်ဖုံး ပြည့်သွားတဲ့ ပုံကြီးတွေပါ..။ပုံနှစ်ပုံ စလုံးမှာ ဦးနေ၀င်းက ထင်ထင်ရှားရှားလွှမ်းမိုးနေပြီး သူ့နောက်မှာ ဗိုလ်ချုပ်ကြီးစောမောင်က အရပ်ဝတ်နဲ့ ရို့ ရို့  ကလေး ။ဗိုလ်မှူးချုပ်ခင်ညွှန့်  နဲ့ဗိုလ်မှူးချုပ် မျိုးညွန့် တို့က ယူနီဖောင်းနဲ့ ရို့ရို့ကလေးတွေပါဘဲ..။ဒီပုံတွေဟာ ဦးနေ၀င်းသြဇာလွှမ်းမိုးထားတယ် ဆိုတာကိုမြင်ရုံနဲ့ သိသာစေမယ့် ပုံတွေကိုတမင် ရွေးချယ်ဖော်ပြလိုက်တာပါ..။ဒီပုံတွေ ကြောင့်ပဲ သူတို့ဘက်ကိုမဲမတင်းနိုင်ပဲ ဆန့်ကျင်ဘက်အနေနဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကိုအလေးသာလာစေပါတယ်..။
အဖွဲ့ အတွင်းမှာလည်း ဗဟိုလုပ်ငန်းအဖွဲ့ များဖွဲ့ပါတယ်..။ကော်မရှင်မှာ သီးခြားမှတ်ပုံတင်တဲ့  အဖွဲ့ မျိုးမဟုတ်ပါ..။ပထမ အဖွဲ့ချုပ် လူငယ်ရယ်လို့ ပဲ ရှိနေရာကတောင်သူလယ်သမား၊အလုပ်သမား၊တတ်သိပညာရှင်၊ကုန်သွယ်စီးပွါး လုပ်ငန်းဆိုတဲ့ အဖွဲ့ တွေ ထပ်ဖွဲ့ ပါတယ်.။ဒီ့ပြင်ဗဟိုအမျိုးသမီးစည်းရုံးရေး(ယာယီ)ကို ပါဖွဲ့စည်း လိုက်ပါတယ်..။
● န၀တရဲ့  သတင်းစာရှင်းလင်းပွဲများ
န၀တ အစိုးရကလည်း တပတ်တခါလောက် သတင်းစာရှင်းလင်းပွဲတွေလုပ်ပါတယ်..။သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိကကတော့ ကျောင်းသားလူငယ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေပဲ ဖြစ်နေပါတယ်..။ဒီဧပြီလ သင်္ကြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံရှေ့ သင်္ကြန်မဏ္ဍပ်ထိုးပြီး သံချပ်ပြိုင်ပွဲကျင်းပပါတယ်..။သင်္ကြန်သံချပ်ဟာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာမှာအမြင်မတော်တာတွေကို သရော်တတ်ပါတယ်..။ကျေးရွာမှာလည်း ကျေးရွာအဆင့်..။မြို့နယ်မှာလည်း မြို့နယ်အဆင့် ၊၇န်ကုန်မြို့တော်မှာတော့ တပြည်လုံးအဆင့် အမြင်မတော်တာတွေကိုသရော်ကြတာပါပဲ..။ဒေါ်အောင်ဆန်းစုကြည် မဏ္ဍပ်မှာလဲလက်ရှိ ပြသနာတွေကို သရော်ကြတယ်..။ဒါကိုပဲ သတင်းစာရှင်းလင်းပွဲမှာဒီလုပ်ရပ်ဟာ အစိုးရက ကျောင်းတွေ ပြန်ဖွင့်ဖို့  လုပ်နေတာကို အနှောင့် အယှက် ပေးရာကျကြောင်းပြောပါတယ်..။မြန်မာပြည်မှာ မူလတန်းကျောင်းကစလို့ တက္ကသိုလ် ကောလိပ်တွေအထိ ပိတ်ထားတာတနှစ်နီးပါးရှိသွားပြီ..။ကလေးတွေမှာ အလဟသ စာသင်နှစ် တနှစ်ပျက်ရတယ်..။အစိုးရက ကျောင်းသားတွေကို ဒဏ်ခတ်သလို လုပ်နေတာပါ..။
ဒီအဖြစ်က ဘာကိုပြသလဲ ဆိုတော့ စစ်တပ်က ပြည်သူတရပ်လုံးကိုရန်သူလို သဘောထားနေတယ်..။ရန်သူ့ နယ်မြေကို သိမ်းပြီးတဲ့ အခါ လုပ်လေ့လုပ်ထရှိတဲ့လုပ်ရပ်တွေကို လုပ်တယ်..။အမိန့်အမျိုးမျိုးထုတ်တယ်..။မနာခံရင် ဒဏ်ပေးတယ်..။ပြည်သူလူထု အပေါ် သူတို့ အာဏာ နဲ့အုပ်စိုးထားမှုကို မပြတ်သတိရနေ အောင် လုပ်တယ်..။အာဏာသိမ်းစတုံးက ပြည်သူလူထု တရပ်လုံးရဲ့ ရှစ်လေးလုံးစိတ်ဓါတ်နဲ့ ညီညွတ်မှုကို လေးစားသေးတယ်..။သူတို့ တဖြေးဖြေး အခြေခိုင်လာပုံရတော့အာဏာပြလာတယ်..။အထူးသဖြင့် ဒီလုပ်ရပ်ကို အခံရဆုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပဲ..။
ကိုယ့်မြို့နယ်မှာတောင် မ၀တ ဥက္ကဌ က ပုဂိုလ်အရအရေးအခင်းကာလအတွင်း တဦးနဲ့တဦးလေးစားမှု ရှိပေမယ့် တာဝန်အရတော့ သူလည်း အထက်ကိုမလွန်ဆန်နိုင်ပါ..။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို ဖိအားတွေပေးလာပါတယ်..။ကျနော့်ကိုလည်း ဖိအားတွေ ပေးလာပါတယ်..။ကျနော်တို့အဖွဲ့ကလည်းစည်းရုံးရေးကော်မတီ(ယာယီ)ဆိုပြီး ဖွဲ့ထားပေမယ့် ဘယ်သူဥက္ကဌ လို့ အမည်မခံထားပါ..။အားလုံးစည်းရုံးရေးကော်မတီဝင်ချည်းပါပဲ..။ဗဟိုက တာဝန်ပေးချက်အရ ဘဏ္ဍာရေးတာဝန်ခံ အဖြစ်ဦးသန်းထွန်းနဲ့ ဦးကြည်ဝင်းကို ပေးထားပြီး မ၀တကိုတော့ ခေါင်းဆောင်အဖြစ် ကျနော့်အမည်(ဦးအုန်းနိုင်) ပဲ ပေးထားတော့မ၀တက အစည်းအဝေးဆိုလည်း ကျနော်ပဲ တက်ရပါတယ်..။တိုင်းအဖွဲ့တွေလာရင်စာရင်းပေးရမယ်.။ဘာတွေဆွေးနွေးတယ် ဆိုတာ အကျဉ်းချုပ် ရေးတင်ပါ ဆိုတာမျိုးတွေ
လုပ်လာတယ်..။အဲဒါသာမက မူလက ကျနော်တာဝန်ယူဆောင်ရွက်ခဲ့တဲ့အထက်တန်းကျောင်းက မိဘဆရာအသင်းတို့၊မြို့နယ်ခန်းမ ဆောက်လုပ်ရေးကော်မတီ ဘဏ္ဍာရေးမှူး တို့ ဆိုတဲ့ တာဝန်တွေက နေ ကျနော်ကို ဖယ်ရှားပစ်လိုက်ပါတယ်..။ဒီတော့လည်း အစည်းအဝေးတွေ တက်ရ သက်သာသွားတာပေါ့ ..။ ။
Comments