မိတ္ထီလာမြို့ ရုန်းရင်းဆန်ခတ်မှုကြောင့် ၅ ဦး သေဆုံးကြောင်း အစိုးရ ကြေညာ
မိုးမခအထောက်တော် အမှတ် ဝဝ၁
မတ် ၂၁၊ ၂၀၁၃
မိတ္ထီလာမြို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီး ၂ ရက်မြောက် နေ့တွင် အစိုးရက ထိုဒေသအကြောင်း သတင်းထုတ်ပြန်ရာတွင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၃၉ ဦး ရှိကြောင်း ဖော်ပြထားသည်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် ရရှိသော သတင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ သံဃာ ၁ ပါး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ ဒဏ်ရာရသူတို့၏ အခြေအနေ မစိုးရိမ်ရကြောင်း ရေးသားထားပြီး ရုန်းရင်းဆန်ခတ် စတင် ဖြစ်ပွားပုံ၊ အဆောက်အအုံတို့ ပျက်စီးရပုံတို့ကို အသေးစိတ် ရေးထားသည်ကို တွေ့ရသည်။
ရုန်းရင်းဆန်ခတ်မှုဒေသမှ လာသည့် သတင်းများတွင် သေဆုံးမှု အရေအတွက်မှာ တူညီခြင်း မရှိသော်လည်း ပဋိပက္ခမှတ်တမ်းဓာတ်ပုံများအရ အခြေအနေ လွန်စွာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ကြောင်း ထင်ရှားနေသည်။
မိတ္ထီလာဖြစ်ရပ်နှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရက စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ နေ့ခင်းပိုင်းတွင် သတင်း ထုတ်ပြန်သည်။
နေ့ခင်းပိုင်းတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားသည့်နေရာသို့ ထင်ရှားသည့် သံဃာများ၊ ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်တို့ သွားရောက်ပြီး အခြေအနေ တည်ငြိမ် အေးဆေးမှု ပြန်လည် ဖြစ်ပေါ်ရန် ကြိုးပမ်းနေကြသည့် မှတ်တမ်းဓာတ်ပုံများ အင်တာနက်စာမျက်နှာသို့ ရောက်လာသည်။
ညနေပိုင်းတွင် အိမ်များ၊ ဈေးဆိုင်များ ဖျက်ဆီး မီးရှို့ခံရသည့် မှတ်တမ်းဓာတ်ပုံ အများအပြား အင်တာနက်စာမျက်နှာသို့ ရောက်လာသည်ကို တွေ့ရှိရသည်။

Comments