သစ်ကောင်းအိမ်အတွက် ကဗျာ နှလုံးသား အားတိုးဆေး
ကမာပုလဲ
မတ်လ ၅၊ ၂၀၁၃
နှလုံးသားကို အစားထိုး ကုသလို့ရတယ်
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး ဇော်ကြီး ...။
မင်းရော ငါရော
မသေခင် ကဗျာတွေ ရေးနေကြရမှာပဲ ဇော်ကြီး ...။
ကဗျာက ကဗျာလို နေပြီး
ငါတို့က ကဗျာထဲမှာ နေထိုင်ကြတယ်
ငတ်တယ် ... ဆင်းရဲတယ် ... လူအထင်အမြင်သေးတယ်
မဆန်းဘူး ဇော်ကြီး ...။
မင်းရော ငါရော
သူမနဲ့ သူတို့ကို အထင်ကြီးခဲ့ကြ
မင်းရော ငါရော
သူတို့ကို ထောင်တန်းအကျခံပြီး ချစ်ခဲ့ကြ
မင်းရော ငါရော
၂၀၀၈၊ ၂၀၁၀ နဲ့ ၂၀၁၁ ကြားဖြတ်ကြီးကို
တူးတူးခါးခါး ဆန့်ကျင်ခဲ့ကြ
မထွေးနိုင် မမြိုနိုင် ခံစားချက်တွေ ကဗျာဖြစ်ခဲ့ကြ
မဆန်းဘူးဇော်ကြီး ...။
သေချာတာက
ဒီခေတ်မှာ သံခင်းတမန်ခင်း အနမ်းတွေထဲ
တဏှာရာဂ စွက်နမ်းလို့ ရတယ်
အကျိုးစီးပွားတွေ ရင်းနှီးမြုပ်နှံလိုက်လို့ ရတယ်
မျက်နှာပြောင်တိုက်ပြီး ကမ္ဘာပတ်နေလို့ ရတယ်
အေး ... ဒါပေမဲ့ ... ဒါကို
ကဗျာက သိတယ်
ကဗျာကို ညာလို့မရဘူး ဇော်ကြီး ...။
မင်းသေလဲ မြေကြီးပဲ ဖြစ်မယ်
ငါသေလဲ မြေကြီးပဲ ဖြစ်မယ်
ကဗျာတွေကတော့ မသေနိုင်ဘူး ရှင်တယ် ဇော်ကြီး ...။
မင်း နှလုံးသား ကျန်းမာရေးမကောင်းဘူးဆိုတော့
မင့်နှလုံးသား ကျန်းမာဖို့ကို
ကဗျာစစ်စစ်တွေနဲ့ ကုသလိုက်စမ်းပါ ဇော်ကြီး ...
ကဗျာနဲ့ နေထိုင်ပါ ဇော်ကြီး ...
ကဗျာတွေအတိုင်း သစ္စာမြဲစေ ဇော်ကြီး ...
မင့်ကဗျာတွေ ကျန်းမာသန်စွမ်းနေတာ
ချစ်သင့်သူတွေကို ချစ်တတ်ပြီး
မုန်းသင့်သူတွေကို မုန်းတတ်လို့ပဲ ဇော်ကြီးရေ ... ။
နှလုံးသားကို အစားထိုးကုသလို့ ရတယ်
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး
အေး ...
သစ်ကောင်းအိမ်ဆိုတဲ့ကောင်ကိုလည်း အစားထိုးလို့မရဘူး ဇော်ကြီး ... ။ ။
Comments