Kamarpale - Poem


ဗင်ဂိုး၏ နွေဦးနံနက်ခင်း
ကမာပုလဲ
မတ်လ ၁၊ ၂၀၁၃


ဒီနံနက်ခင်းဟာ လှနေတယ်
နွေဦးရဲ့ နံနက်ခင်း ဖြစ်ခွင့်ရနေတာလည်း ပါမှာပေါ့ ...
ဒီနံနက်ခင်းဟာ လှနေတယ် ...။

စိမ်းစိမ်းနုနု သစ်ပင်တွေ
ရိုးရိုးရှင်းရှင်း ဘ၀ အဘိဓမ္မာတွေ
ကြားနေကျ ဥသြငှက်ကလေးရဲ့
လွမ်းဘွဲ့တေးမှာ
မစ္စတာ ဗင်ဂိုး
ခင်ဗျားကြီးကို သတိရနေမိတယ် ...။

မြေကြီးပေါ်မှာ ... လူသားတွေ
အဆောက်အဦတွေ ...
သစ်ပင်တွေ ...
အားလုံးဟာ တသွေးတည်း တသားတည်း
တဆက်တစပ်တည်း ... လားရာတူ ... အနာဂတ်တူ
အဲဒီ အဖြစ်နဲ့ အချစ်ကို
ခင်ဗျား ပန်းချီကားတွေထဲ ထည့်ဆွဲနိုင်ခဲ့တယ် ...။

“လူဟာ စွမ်းသမျှလုပ် ... လိုအပ်သမျှသာယူ ”
ခင်ဗျား ယုံကြည်ခဲ့တဲ့ ဘ၀အဘိဓမ္မာ
တကယ်က ခင်ဗျားဟာ
ဘ၀မှာ ဘာတခုမျှ ယူမသွားရှာဘဲ
ခင်ဗျားပေးနိုင်တာတွေအားလုံးကို တခုမကျန်ပေးခဲ့သူ ...။

ဒါဟာ ... နွေဦးရဲ့ နံနက်ခင်း
ဒီနံနက်ခင်းဟာ ဗင်ဂိုးပဲ
ပန်းချီဟာ ဗင်ဂိုးအတွက် မဟုတ်ခဲ့ဘူး
ဗင်ဂိုးဟာ ပန်းချီအတွက် ဖြစ်ခဲ့တယ် ...။ ။

Comments