Maung Yin Nga Tay - Visiting Luxembourg


ရောက်တတ်ရာရာအတိုအစများ
ကြီးကျယ်ခမ်းနားသောနယ်စားကြီးရဲ့လူဇမ်ဘူးနိုင်ငံ ၊
မောင်ရင်ငတေ၊ မတ် ၂၉ ၊ ၂၀၁၃
အရင်တပတ်က ပါရီကနေလူဇမ်ဘူးကို ခရီးသွားဖြစ်ပါတယ်၊ ခရီးတခုသွားတော့မယ်ဆိုရင် ကြိုတင် ပြင်ဆင်ရပါတယ်၊ ပါရီမှာ အခြေစိုက် နေထိုင်နေတဲ့သူဖြစ်နေလို့ ရှန်ဂန်ဗီဇာဧရိယာထဲသွားရင် ဗီဇာ ကိစ္စ လုပ်စရာတော့ မလိုပါဘူး၊ အရေးအကြီးဆုံးက လက်မှတ်ဝယ်ရခြင်းပါ၊ လက်မှတ်ဝယ်ရတယ် ဆိုတာကလည်း ငွေကြေးပေါများကြွယ်ဝတဲ့သူမျိုးတွေ လက်မှတ်အလကားရတဲ့သူမျိုးတွေအတွက် အရေးမကြီးလှပေမဲ့ မောင်ရင်ငတေတို့လို ကိုယ့်စရိတ်ကိုယ်ခံပြီး ကိုယ့်လမ်းကိုယ်သွားရတဲ့သူတွေ အတွက်တော့ အလွန်အရေးကြီးတာပါ၊ ကြိုတင်စီစဉ်ထားနိုင်မှ တော်ကာကြပါတယ်၊ အနီးကပ်မှ အသွားမဖြစ်တဲ့ ခရီးစဉ်မျိုးဆိုရင် ရထားကားလက်မှတ် လေယာဉ်လက်မှတ် ဈေးနှုန်းတွေက မိုးထိ အောင်ခေါင်ခိုက် ဈေးကြီးလွန်းလှတာပါ၊ ဒီတခါတော့ ကြိုတင်ဝယ်ထားချိန်ရလို့ ဈေးသက်သာသာ ရခဲ့ပါတယ်၊ ဒါတောင်မှ အစောကြီး ကြိုဝယ်ထားလို့ပါ၊ လွန်ခဲ့တဲ့နှစ်လက ကြိုတင်ဝယ်ယူထားတဲ့ ပါရီ-လူဇမ်ဘူး-ပါရီ အသွားအပြန် ရထားလက်မှတ်တန်ဖိုးက ယူရို ၇၀ ပေးရပါတယ်၊ ဒီခရီးရဲ့ လက်မှတ်ခ မူရင်းတန်ဖိုးက ယူရို ၂၀၀ ကျော် ၂၅၀ ထိရှိတတ်တာပါ၊ အင်တာနက် အွန်လိုင်းကနေ ကြိုတင်လက်မှတ်ဝယ်ခြင်းရဲ့ အဓိက အားသာချက်က ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရရှိနိုင်တာ ပါဘဲ၊
 အခုခေတ်မှာ လက်မှတ်ရောင်းတဲ့စံနစ်ပုံစံကလည်း လူအသွားများလေ ဖောက်သည်များလေ ဈေးလျှော့ရောင်းတဲ့ ပုံစံမျိုးမဟုတ်ပါဘူး၊ လက်မှတ်တွေရဲ့ဈေးနှုန်းတွေက လူအသွားများတဲ့ကာလ ရုံးတွေကျောင်းတွေပိတ်တဲ့ကာလ ဥတုရာသီကောင်းတဲ့ကာလ ပွဲလမ်းသဘင်ရှိတဲ့ကာလမျိုးတွေမှာ ဈေးတင်ထားတာပါ၊ နှစ်လကျော် ကြိုတင်ပြီး ဝယ်ထားရင်တော့ ဈေးသက်သာစွာ ရတတ်ပါတယ်၊ ခက်တာက သွားမဲ့ခရီးကို သုံးလကြိုတင် စီစဉ်ထားဖို့ဆိုတာက အပြောကလွယ်ပေမဲ့ လက်တွေ့မှာ မလွယ်ကူတာပါ၊ ဈေးလျှော့ထားတဲ့ ကြိုတင်လက်မှတ် ဆိုတာမျိုးကလည်း သွားမဲ့အချိန်နာရီရက်စွဲ အတိအကျ အတိုင်းသာ သွားလို့ရတာပါ၊ မသွားဖြစ်ရင် ငွေပြန်အမ်းတာ နောက်ရထား နောက်ကား ပြောင်းစီးလို့ရတာမျိုး မဟုတ်ပါဘူး၊ ဒါကြောင့်လည်း သွားရမဲ့ခရီး သေချာမှသာ ဝယ်ဖြစ်ပါတယ်၊ များသောအားဖြင့် ခရီးသွားမယ့်ရက် မသေချာလို့ လက်မှတ်ဝယ်ဖို့ ချိန်နေရင်းနဲ့ လက်မှတ် ဈေးတက်သွားတာမျိုး ကြုံရတာ ခဏခဏပါဘဲ၊

 ဥရောပရဲ့ နာမည်ကြီး မြို့ကြီး တော်တော်များများမှာ အဓိကဘူတာရုံကြီးတွေကို Main သို့မဟုတ် Central Station လို့ခေါ်ကြပါတယ်၊ ဒါပေမဲ့ ပါရီမှာတော့ အဲဒီလို Main သို့မဟုတ် Central Station လို့ခေါ်တဲ့ ဘူတာရုံကြီး မရှိပါဘူး၊ La gare de Paris-Nord (၁၈၄၆ ခုနှစ်ကစတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒျူနော့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းသွား ဘူတာရုံကြီး တနှစ်ခရီးသည် သန်း ၂၀၀ နီးပါး) La gare de Paris-Saint-Lazare (၁၈၃၇  ခုနှစ်ကစတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒစန့်လာဇာ မြောက်ပိုင်း ပြည်တွင်းသွား ဘူတာရုံကြီး တနှစ်ခရီးသည် သန်း ၁၀၀) La gare de Paris-Gare de Lyon (၁၈၄၉ ခုနှစ်ကစတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒလီယွန် အရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းသွား ဘူတာရုံကြီး တနှစ်ခရီးသည် ၈၃ သန်း) La gare de Paris-Montparnasse (၁၈၄၀ ခုနှစ်ကစတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒမွန့်ပါးနပ်စ် အလယ်ပိုင်းအနောက်ပိုင်းနဲ့ အနောက် မြောက်ပိုင်းသွား ဘူတာရုံကြီး တနှစ်ခရီးသည် သန်း ၅၀) La gare de Paris-Est (၁၈၄၉ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒလက်စ် အရှေ့ပိုင်းသွား ဘူတာရုံကြီး  တနှစ်ခရီးသည် ၃၄ သန်း) La gare de Paris-Austerlitz (၁၈၄၀ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒိုစတလ်လိဇ် တနှစ် ခရီးသည် ၃၁ သန်း)  La gare de Paris-Bercy (၁၉၇၇ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဂါးဒဘါလ်စီ တောင်ပိုင်းနဲ့ ကားတင်ရထား ဘူတာရုံကြီး တနှစ်ခရီးသည် ၆ သန်း) ဒါကြောင့် ပါရီမြို့ ပေါ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာသွား အဓိက ဘူတာရုံကြီး စုစုပေါင်း ၇ ခုရှိပါတယ်၊ 



ပါရီကနေ လူဇမ်ဘူးကို ရထားနဲ့ သွားမယ်ဆိုရင်တော့ Paris-Est ပါရီအရှေ့ပိုင်းဘူတာရုံကြီးကနေ စီးရမှာပါ၊ ၁၈၄၉ ခုနှစ် ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ ဒီဘူတာရုံကြီးရဲ့ မူရင်းအမည်ကတော့ La gare de Strasbourg ဖြစ်ပါတယ်၊ အရှေ့ပိုင်းဘူတာရုံဆိုတဲ့ အမည်ပေးထားတဲ့အတိုင်း ပါရီမြို့ အရှေ့ခြမ်းဒေသဖြစ်တဲ့ Champagne-Ardenne ရှန်ပိန်နယ် Lorraine လောရင်းနယ်ကတဆင့် လူဇမ်ဘူးမြို့ကို ပြင်သစ်မီးရထားဌာန SNCF ရဲ့အမြန်ရထား TGV စီးပြီးသွားနိုင်ပါတယ်၊ ပါရီကနေ Alsace အယ်ဇာ့ဇ်နယ် Strasbourg မြို့ကတဆင့် ဂျာမဏီ ဖရန့်ဖွတ်မြို့ကိုတော့ ပြင်သစ်ရထား TGV အပြင် ဂျာမန် ICE ရထားတွေ တနာရီ တစီးလောက် ဝင်ထွက်သွားလာနေတာပါ၊ ၂၀၀၇ က စတင်ခဲ့တဲ့ Moscou express ရထားနဲ့ ရုရှားပြည်က စိန်ပီတာစပတ်မြို့နဲ့ မော်စကိုမြိုတော်ကြီး ဆီသို့လည်း ပါရီ ဘရူဆယ် ကိုလုံး ဘာလင် ပိုလန်ဝါဆော ဘီလာရုစ်မင်ခ့် မြို့များကို ဖြတ်သန်းပြီး သွားရောက်နိုင်ကြောင်းပါ၊




ပါရီကနေလူဇမ်ဘူးကို ပြင်သစ်အမြန်ရထား တီဂျီဗွီနဲ့ တိုက်ရိုက်ခရီး ဆိုရင်တော့ နှစ်နာရီဆယ်မိနစ် ခန့်စီးရပါမယ်၊ ၂၀၀၇ ခုနှစ်ကစတင်ခဲ့တဲ့ La LGV Est européenne ပါရီ-လူဇမ်ဘူးခရီးမှာ တနေ့ ရထားစင်းရေ စင်း အပြန်အလှန် ပြေးဆွဲနေပြီး လမ်းမှာရပ်နားတဲ့ ဘူတာများကတော့ နှစ်ပေါင်း ၃၀၀၀ ကျော်သက်တမ်းရှိပြီဆိုတဲ့ Lorraine ပြည်နယ်ရဲ့မြို့တော် Metz ရယ် ပြင်သစ်ဘက်အခြမ်း နယ်စပ်မြို့Thionville ရယ်မှာ ရထားခဏရပ်ပါတယ်၊ တကယ်ကိုဘဲ ခဏကလေး သုံးလေးမိနစ် ရပ်တာပါ၊ ပါရီကနေ မက်ဇ်မြို့အထိတော့ တနာရီ ကီလိုမီတာ ၃၂၀ကျော် အမြန်နှုန်းထိ မောင်းနှင် လို့ရတဲ့ ရထားလမ်းမကြီးပြီးစီးခဲ့လို့ မီးရထားကတဝေါဝေါနဲ့ တောက်လျှောက်နီးပါးဆိုသလို သွားနေ တာကြောင့် ပတ်ဝန်းကျင်ဟာ ရိပ်ခနဲရိပ်ခနဲ ကျန်ခဲ့တာမို့ ဘာကိုမှထင်ထင်ရှားရှား သဲသဲကွဲကွဲ မြင် လိုက်ရတာ မရှိပါဘူး၊ ပါလာတဲ့ ကင်မရာနဲ့ ရသမျှ တချောက်ချောက်သာ မှတ်တမ်းတင်ခဲ့ရပါတယ်၊
ရထားပေါ်မှာတော့ ပြင်သစ်စကားပြောလူမျိုး အများစုသာပါပါတယ်၊ မက်ဇ်မြို့ရောက်တဲ့အခါမှာ ခရီးသည်အများစု ဆင်းသွားသလို တက်လာတဲ့သူတွေလည်း တော်တော်များပါတယ်၊ အများစု ကတော့ စနေတနင်္ဂနွေ အလုပ်ပိတ်ရက် ရွာပြန်ကြသူတွေဖြစ်မှာပါ၊ ပါရီနဲ့မက်ဇ်ဟာ ကီလိုမီတာ ၃၀၀ ကျော် ကွာဝေးပြီး မက်ဇ်မြို့ကနေ သီယွန်ဗီးလ်အထိတော့ ၂၅ ကီလိုမီတာခန့် ဝေးပါတယ်၊ သီယွန်ဗီးလ်းကနေ လူဇမ်ဘူးနယ်စပ်မြို့လေး Düdelingen အထိ ကီလိုမီတာ ၂၀ လောက်ရှိပြီး နယ်စပ်ကနေ လူဇမ်ဘူးမြို့တော်ကိုတော့ ၁၈ ကီလိုမီတာလောက်သာ ဝေးတော့တာပါ၊ ဒါကြောင့် ကီလိုမီတာ ၃၇၀ ကျော်ဝေးပြီး နှစ်နာရီငါးမိနစ်ကြာ ရထားစီးရတဲ့ နှစ်နိုင်ငံခရီးမှာ တကယ်တမ်း ပြင်သစ်မြေအခြမ်း ဘက်မှာသာ အချိန်တော်တော်ကြာ စီးခဲ့ရပြီး လူဇမ်ဘူးအခြမ်းဘက်မှာက ၁၀ မိနစ်ကျော် ၁၅ မိနစ်သာ စီးလိုက်ရတာပါ၊ ဒါတောင်မှ နယ်စပ်အနီးမှာ ရထားက ခပ်ဖြေးဖြေး မောင်းတာကြောင့်ပါ၊ ဒီ ပါရီ လူဇမ်ဘူး ခရီးစဉ် အပါအဝင် La LGV Est européenne ဆိုတဲ့ လမ်းကြောင်းသစ် အပိုင်းမှာတော့ တနှစ်ခရီးသည် ၃၇ သန်းကျော် သွားလာနေပါတယ်တဲ့၊


ဒီခရီးစဉ်ရဲ့ လမ်းဘေးဝဲယာ တဘက်တချက်မှာ မြင်ရတာတွေကတော့ ပြင်သစ်နယ်မြေ ရှန်ပိန် ထွက်ရှိရာဒေသ Champagne-Ardenne နယ်မြေထဲကဖြတ်သန်းလာခဲ့ပေမဲ့ ရထားလမ်းက မြေညီ မြေပြန့်ဒေသကိုသာ ရွေးချယ်ဖောက်လုပ်ထားလို့လားတော့ မသိပါဘူး စပျစ်စိုက်ခင်းတွေကိုတော့ သိပ်မတွေ့ရပါဘူး၊ အတွေ့ရများတာက Colza ခေါ် မုန်ညင်းမျိုးနွယ်ဝင် ဆီထွက်သီးနှံစိုက်ခင်းတွေ ဂျုံမျိုးကွဲ အမျိုးမျိုးရဲ့ စိုက်ခင်းတွေကိုသာ အများဆုံး တွေ့မြင်ရပါတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်းက သီးနှံ ရင့်မှည့်တဲ့ ကာလမျိုးမဟုတ်ဘဲ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေတဲ့ကာလ ထင်ပါတယ်၊ မြေပြင် အလွတ်တွေကိုသာ တွေ့မြင်ခဲ့ရပါတယ်၊ ဒီရှန်ပိန်ဒေသရဲ့ မြေကြီး ၆၀ ရာနှုန်းကျော်က စိုက်ပျိုး မြေတွေဖြစ်ပြီး ပြင်သစ်ပြည်ရဲ့ စိုက်ပျိုးဒေသတွေထဲမှာ  စိုက်ပျိုးမြေဧရိယာ ရာခိုင်နှုန်းအများဆုံးပါ၊ မောင်ရင်ငတေ တွေ့မြင်သမျှကတော့ ကားလမ်းရထားလမ်း ဝဲယာတလျှောက် ဘယ်မြေကွက်မှ အလွတ်မထားဘဲ စိုက်ထားပျိုးထားတဲ့ နေရာတွေချည်းပါဘဲ၊


လူဇမ်ဘူးနိုင်ငံလေးရဲ့ တခုတည်းသော အင်တာနေရှင်နယ် ဘူတာရုံကြီးဖြစ်ပြီး ၁၈၅၉ ခုနှစ်မှာ ဖွင့် ခဲ့တာဖြစ်ပါတယ်၊ ဒီကနေ့ တွေ့မြင်နေရတဲ့ ဘူတာအဆောက်အဦကတော့ ၁၉၀၇ နောက်ပိုင်းမှာမှ ဆောက်လုပ်ခဲ့တာပါ၊ နိုင်ငံကလည်းသေးသလို တနိုင်ငံလုံးမှာမှ မီးရထားလမ်းအရှည် ၆၁၇ ကီလို မီတာခန့်သာ ရှိပါတယ်၊ ဆွစ်ဇာလန်နိုင်ငံ အရှေ့ပိုင်း Chur မြို့ကစတင်ထွက်လာတဲ့ EuroCity Iris ၉၆ ရထားဟာ Zürich ဇူးရစ်ဘူတာ  Basel ဘာဇယ်ဘူတာမှတဆင့် ပြင်သစ်ပြည် Strasbourg စထရာ့ဇ်ဘူး နဲ့ Metz မက်ဇ်မြို့တွေကိုဖြတ်သန်းပြီးတခါ လူဇမ်ဘူးဘူတာကိုရောက် ပြီးနောက် ဘယ်လ်ဂျီယံမြို့တော် Brussels ဘရူဆယ်မြို့မှာ ဂိတ်ဆုံးပါတယ်၊
လူဇမ်ဘူးဘူတာကို ဖြတ်သန်း သွားတဲ့ အရှည်ဆုံးသော လေးနိုင်ငံသွား အင်တာနေရှင်နယ် ရထားလိုင်းတလိုင်းဖြစ်ပြီး ကီလိုမီတာ ၇၅၀ ကျော်ရှည်လျှားပါတယ်၊ လူဇမ်ဘူး CFL နဲ့ ဂျာမန် Deutsche Bahn မီးရထားဌာနတွေက ပြေးဆွဲနေတဲ့ Lëtzebuerg-Waasserbëlleg-Trier-Koblenz ရထားလိုင်းကတော့ လူဇမ်ဘူး မြို့တော်နဲ့ ဂျာမဏီနိုင်ငံကို ဆက်သွယ်ထားတဲ့ ရထားလိုင်းပါ၊ လူဇမ်ဘူး CFL ဘယ်လ်ဂျီယံ SNCB ရထား ပြင်သစ် TER Lorraine လောရန်းရထား ဂျာမန် Deutsche Bahn Regio စတဲ့မီးရထား လိုင်းတွေက နယ်စပ်လိုင်းအနီးက မြို့တွေကို တနာရီကို တစီးလောက် အသွားအပြန် ပြေးဆွဲနေ တာပါ၊ ဒီဒေသမှာ နေထိုင်နေတဲ့ သူတွေကလည်း နေတော့ တနိုင်ငံ အလုပ်သွားလုပ်တော့ တနိုင်ငံ အဲလိုလူစားမျိုးတွေ ဖြစ်နေကြတာပါ၊


ဘယ်လ်ဂျီယံ-ပြင်သစ်-ဂျာမဏီ သုံးနိုင်ငံပတ်လည်ဝိုင်းထားတဲ့ Luxembourg ဆိုတဲ့ စကားလုံးကို သူတို့ရေးတဲ့စာနဲ့ဆိုရင် Lëtzebuerg လို့ ရေးကြတာကို တွေ့ရပါတယ်လူဇမ်ဘူးနိုင်ငံဟာ ဥရောပ
အနောက်မြောက်ပိုင်း ဒေသက အလျှား ၅၁ မိုင် အနံ ၃၅ မိုင်သာရှိပြီး ဧရိယာအကျယ် ၂၅၈၆ စတုရန်းကီလိုမီတာ ၉၉၉ စတုရန်းမိုင်သာကျယ်တဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ်လေးတခု ဖြစ်ပါတယ်၊ ကုန်းတွင်းပိတ်ဆို သူနိုင်ငံထဲမှာ ကြီးကြီးမားမား မြစ်အဆင့်တောင်မှ မရှိပါဘူး၊ နိုင်ငံမြောက်ဘက် စွန်းစွန်းက စတုရန်းကီလိုမီတာ အကျယ်သာရှိတဲ့ Le lac de la Haute-Sûre ဆိုတဲ့ရေကန်ငယ် တခုရှိပါတယ်၊ 
      တကယ်တော့ ၁၉၆၀ ခုနှစ်လောက်မှ la Sûre မြစ်အသေးလေးကိုပိတ်ပြီး လူတွေ ဖန်တီးတည်ဆောက်ထားတဲ့ ဆည်ကလေးတခုဘဲဖြစ်ပါတယ်၊ ဒီရေကန်ငယ်က လူဇမ်ဘူးပြည်ရဲ့ အကျယ်ဝန်းဆုံး ရေပြင်ပါဘဲတဲ့၊ ကီလိုမီတာ ၂၀၀ ခန့်သာအရှည်ရှိတဲ့ la Sûre ခေါ် Sauer မြစ်က ဘယ်လ်ဂျီယံမှာမြစ်ဖျားခံလာပြီး လူဇမ်ဘူးပြည်ကို အနောက်ကနေအရှေ့စွန်းထိ ပိုင်းဖြတ်သွားကာ ဂျာမဏီနယ်စပ်တလျှောက် စီးဆင်းသွားပြီးနောက် တောင်ဘက်ပြင်သစ်ကနေ လူဇမ်ဘူး ဂျာမန် နယ်စပ်အတိုင်း စီးဆင်းလာတဲ့ La Moselle မိုဇယ်မြစ်ထဲကို ပေါင်းဆုံစီးဝင်သွားတာပါ၊


ကမ္ဘာ့ပေါ်မှာ Vatican တို့ Monaco တို့လိုမြို့ပြနိုင်ငံများအပါအဝင် နိုင်ငံအဆင့် သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၂၃၇ နိုင်ငံရှိတဲ့အနက် ၁၇၉ ခုမြောက် အကျယ်ဆုံးနိုင်ငံဖြစ်ပြီး မောင်ရင်ငတေတို့ရဲ့ မြို့တော်အဟောင်းကြီး တည်ရှိရာ ရန်ကုန်တိုင်းရဲ့အကျယ်က ၃၉၂၇ စတုရန်းမိုင်ရှိတာကြောင့် လူဇမ်ဘူးက လေးဆလောက်ပိုပြီး သေးငယ်တာပါ၊ တနိုင်ငံလုံးမှာမှ လူဦးရေ ငါးသိန်းကျော်ခန့်သာ နေထိုင်ပါတယ်၊ လူတဦးချင်း တနှစ်ဝင်ငွေ ဂျီဒီပီကတော့ ရှစ်သောင်းကိုးထောင်ကျော်နဲ့ ကမ္ဘာမှာ အများဆုံးပါဘဲ၊ သူတို့ ဘာတွေနဲ့ဘာကြောင့် ချမ်းသာနေကြလဲ ဆိုတာကတော့ စိတ်ဝင်စားဖွယ်ပါ၊ သယံဇာတဆိုတာလည်း ပြောပလောက်အောင် မရှိပါဘူး၊ မြစ်ချောင်းအင်းအိုင်တွေလည်း ဘာမှမရှိ ပါဘူး၊ တောတွေတောင်တွေလည်း သိပ်မရှိပါဘူး၊ နိုင်ငံမြောက်ဖက်ထိပ်စွန်းဒေသက ဘယ်လ်ဂျီယံ ဂျာမဏီတို့နဲ့ဆုံဆည်းရာ သုံးနိုင်ငံကြိဂံနယ် အနီးမှာတည်ရှိတဲ့  အမြင့်ဆုံးသော Kneiff တောင်ထွဋ် ဆိုတာက ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၀ မီတာ ၁၈၃၇ ပေသာ ပိုမြင့်တာပါ၊ စိုက်ပျိုးရေး လုပ်ငန်းဆိုတာကလည်း မိသားစုလုပ်ငန်း တပိုင်တနိုင် အဆင့်လောက်သာ ရှိတာပါ၊ စက်မှုလက်မှု လုပ်ငန်းလည်း ဘာတခုမှ မယ်မယ်ရရရှိတာ မဟုတ်ပါဘူး၊
သူတို့လုပ်တဲ့ အဓိက စီးပွားရေးလုပ်ငန်း ဆိုတာကတော့ ငွေကြေးလုပ်ငန်း အာမခံလုပ်ငန်း ဘဏ်လုပ်ငန်းတွေပါ၊ လူဇမ်ဘူးမြို့ရဲ့ ဒီငွေကြေး လုပ်ငန်းတွေဟာ ဆွစ်ဇာလန်တို့  နယူးယောက်တို့ ဖရန့်ဖွတ်တို့နဲ့ အပြိုင်ရင်ဘောင်တန်းပြီး လိုက် နေတဲ့အဆင့်ပါ၊ ဥရောပရဲ့ ငွေကြေးဆိုင်ရာလုပ်ငန်း ထွန်းကား အခြေစိုက်ရာ မြို့တမြို့ ဖြစ်နေပါပြီ၊


လူဇမ်ဘူးမြို့ဟာ အနောက်ဥရောပရဲ့အလယ်ဗဟိုလ်မှာတည်ရှိပြီး ပါရီမြို့နဲ့ ၂၃၁ မိုင် ဘရူဆယ်မြို့ နဲ့ ၁၃၂ မိုင် ကိုလုံးမြို့နဲ့ မိုင် ၁၃၀ ဖရန့်ဖွတ်မြို့နဲ့ မိုင် ၁၆၀ ရော့တာဒမ်မြို့နဲ့ ၂၃၅ မိုင် အမ်စတာဒမ် မြို့နဲ့ ၂၇၇ မိုင် ဇူးရစ်မြို့နဲ့ ၂၅၂ မိုင် ဂျီနီဗာမြို့နဲ့ ၃၀၉ မိုင် လန်ဒန်မြို့နဲ့ ၃၅၉ မိုင် ကွာဝေးပါတယ်၊ မြို့တော်မှာတော့ လူဦးရေ တသိန်းနီးပါး ရှိတာမှာ နိုင်ငံခြားသားက ၆၆ ရာနှုန်းကျော် ရှိပါတယ်တဲ့၊ ပြင်သစ် ပေါ်တူဂီလူမျိုးတွေ အများဆုံး တသောင်းခွဲစီလောက်ရှိပါတယ်၊ အာရှတိုက်သားတွေတော့ တော်တော်ကို နည်းတာတွေ့ရပါတယ်၊ တရုတ်လူမျိုး တရုတ်စားသောက်ဆိုင် ကုန်စုံဆိုင်တောင်မှ သိပ်မရှိပါဘူး၊ မောင်ရင်ငတေတို့ရဲ့ဆွေမျိုး ရွှေမျိုး ညာတိတွေတော့ တယောက်မှ ရှိဟန်မတူပါဘူး၊ လူဇမ္ဘူးမွာ တရားဝင္သတ္မွတ္ထားတဲ့ ဘာသာစကားကေတာ့ လူဇမ္ဘူးစကား ၿပင္သစ္စကား ဂျာမန်စကားတို့ ဖြစ်ပါတယ်၊ ဒါပေမဲ့ လမ်းအမည် ရပ်ကွက်အမည်တွေ ဆိုင်းဘုတ်အားလုံးလိုလိုက ပြင်သစ်လိုသာ ရေးထားတာကိုတွေ့ရပြီး ဈေးဆိုင်တွေမှာရုံးတွေမှာ လမ်းပေါ်မှာကားပေါ်မှာ စကား ပြောတာတွေကလည်း ပြင်သစ်စကားကိုသာ အပြောများတာ ကြားရပါတယ်၊
ပြင်သစ်လူမျိုးတွေနဲ့ ကွာခြားတာကတော့ သူတို့အားလုံးလိုလိုဟာ အင်္ဂလိပ်စကားကိုလည်း လက်ခံအသုံးပြုချင်စိတ် ရှိကြတာပါ၊ သူဌေးပေါများတဲ့ တိုင်းပြည်ဖြစ်နေပေမဲ့လည်း အနယ်နယ်အရပ်ရပ်က ရောက်ရှိလာပြီး လမ်းဘေးရောက်သွားတဲ့ သူတွေကိုတော့ ပါရီလိုမြို့ကြီးတွေမှာလောက် များများစားစား မတွေ့ရ သေးပေမဲ့ သူ့နိုင်ငံ သူ့တိုင်းပြည်ရှိ လူဦးရေအချိုးနဲ့ တွက်ကြည့်လိုက်ရင်တော့ တဖြေးဖြေး ပို၍ပို၍ များပြားလာတာကိုဘဲ တွေ့မြင်ရကြောင်းပါ၊ သာမန်အလုပ်အကိုင်တွေ လုပ်ကိုင်လို့ အခွင့်အလမ်း သိပ်မရှိတဲ့နေရာမျိုးမှာ လာရောက်ပြောင်းရွှေ့ အခြေချနေထိုင်ဖို့ ဆိုတာကလည်း လွယ်ကူတဲ့အရာ မဟုတ်ပါဘူး၊




လူဇမ်ဘူးဘူတာကြီးကနေ မြို့လယ်မြို့ဟောင်းကို L'avenue de la Liberté လမ်းမကြီးအတိုင်း လျှောက်သွားမယ်ဆိုခဲ့ရင် ၁၅ မိနစ်နဲ့ ရောက်နိုင်ပါတယ်၊ ထူးခြားတာတခုကတော့ ဥရောပမြို့ကြီး တော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ Tramway ခေါ်မြေပေါ်မြို့တွင်းသွား ဓါတ်ရထားလိုင်းများနဲ့ မြေအောက်မေထရို ရထားလိုင်းများကို အခုထိတိုင် မတွေ့ရခြင်း ဖြစ်ပါတယ်၊ ဒါပေမဲ့ Luxtram ဆိုတဲ့ ဘူတာကြီးနဲ့ လေဆိပ်ကိုပြေးမဲ့ ဓါတ်ရထားလိုင်း စီမံကိန်းကိုတော့ ပြီးခဲ့တဲ့ လေးငါးနှစ်က စပြီး အကောင်အထည်ဖော် လုပ်ဆောင်နေခဲ့တာ ၂၀၁၇ ခုနောက်ပိုင်းမှာတော့ ဓါတ်ကြိုးတိုင်များနဲ့ မြေပေါ်ဓါတ်ရထားများကို မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်၊ 
ဘူတာရဲ့ အနီးအနားမှာတော့ ထုံးစံ အတိုင်း တွေ့မြင်နေကြ ဟိုတယ်တွေစားသောက်ဆိုင်တွေ ဈေးဆိုင်လေးတွေကို တွေ့မြင်ရပါတယ်၊ အာရပ်အစားအစာဆိုင် တရုတ်စားသောက်ဆိုင် တရုတ်ကုန်စုံဆိုင် အင်ဒီးယန်းတိုလီမိုလီဆိုင် ကလေးတွေလည်း ဒီဘူတာအနီးတဝိုက်မှာဘဲ ရှိကြပါတယ်၊ ဘတ်စ်ကားလိုင်းများကတော့ ဘယ် ကားတက်စီးစီး ဒီဘူတာကြီး အနီးကိုဘဲ ပြန်ရောက်မယ်ထင်ပါတယ်၊ မြို့ထဲမှာ စုစုပေါင်း ကားလိုင်း ၂၅ လိုင်း ကျော်ရှိပြီး လေဆိပ်ကိုသွားမယ် ဆိုရင်လည်း သီးခြားလေဆိပ်သွားတဲ့ ဘတ်စ်ကား လိုင်းမရှိဘဲ မြို့တွင်းပြေး ရိုးရိုးကားလိုင်းတွေထဲမှာဘဲ ပါဝင်တဲ့ နံပတ် ၁၆ ကားလိုင်း Aéroport (EUROBUS) ဆိုတာကို စီးသွားရင် ရောက်မှာပါ၊




ဥရောပမြို့ကြီးတွေမှာ ဘတ်စ်ကားလက်မှတ် တစောင်ချင်းတန်ဖိုးတွေကတော့ သိပ်မကွာလှပါဘူး၊ ဒါပေမဲ့ ကွာခြားတာက စီးခွင့်ပေးပုံ သတ်မှတ်အချိန်နာရီ ကြာမြင့်ချိန် သတ်မှတ်ထားတဲ့ ဇုံနယ်မြေ စတဲ့အချက်တွေပါ၊ ဒါမျိုးကွာခြားပုံကတော့ သက်ဆိုင်ရာဒေသတွင်း နေထိုင်အသုံးပြုနေသူတွေက ပိုသိနိုင်မှာပါ၊ မောင်ရင်ငတေ သိထားသလောက်ဆိုရင်တော့ ဂျာမဏီက ဘိုင်ယန်ပြည်နယ်မှာ ခရီးသွားရတာ ဈေးအသက်သာဆုံးပါ၊ ပြည်နယ်ကကျယ်တော့ လျှောက်လည်ဖို့နေရာ ပိုများသလို လက်မှတ်တစောင်နဲ့ သွားလို့ရတဲ့ ခရီးအကွာအဝေးအရ ပိုပြီးတော့ တန်နေသလိုဖြစ်နေတာပါ၊ ဒီအကြောင်းတွေ နောက်မှသေချာရေးပါအုံးမယ်၊
လူဇမ်ဘူးမြို့က ဘတ်စ်ကားခတွေကတော့ Billet "courte durée" ခေါ် လက်မှတ်တစောင် တယူရိုခွဲ ပေးရပြီး အချိန် နာရီအတွင်း ကြိုက်သလို ဆင်းလိုက်တက်လိုက် စီးနိုင်တဲ့လက်မှတ်ရယ် လေးကျပ်တန် Billet "longue durée" ဆိုတဲ့ လက်မှတ် ဝယ်ထားရင်တော့ တနိုင်ငံလုံးကို တနေကုန် တနေခမ်း တညလုံး နောက်တနေ့ မနက် နာရီအထိ အားမနာစတမ်း စီးနိုင်တဲ့လက်မှတ်ရယ် နှစ်မျိုးရှိပါတယ်၊ un carnet ခေါ် ငါးစောင်တွဲ ဆယ်စောင်တွဲ လက်မှတ်များကို ဝယ်စီးရင်တော့ ပိုမိုပြီး ဈေးသက်သာနိုင်ပါတယ်၊ ဘတ်စ်ကား လက်မှတ်တွေကို  ကားပေါ်ရောက်မှ ဝယ်တာထက် ကြိုတင်ပြီး လက်မှတ်ရောင်းတဲ့ နေရာတွေမှာ ဝယ်ယူထားတာက ပိုမိုဈေးသက်သာပါတယ်၊ ကားပေါ်မှာက တစောင်ချင်းသာ ရောင်းချလေ့ရှိပြီး ဈေးလည်းတင်ထားတာမျိုးပါ၊ ကားမစီးချင်ရင် ဘူတာကနေ လေဘာတီလမ်းမကြီးအတိုင်း လမ်း လျှောက်လာခဲ့ရင် အာဒိုလ်ဖီတံတားနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ Place de Metz လမ်းဆုံကို ၁၀ မိနစ်လောက်နဲ့ ရောက်လာမှာပါ၊ အဲဒီ လမ်းဆုံနားမှာတော့ အိမ်ကြီးအိမ်ကောင်းအများစုကို တွေ့ရမှာဖြစ်ပြီး သံရုံးများနဲ့ သံတမန်ကြီးများရဲ့ နေအိမ်ရုံး အဆောက်အဦများ ဖြစ်ပါတယ်၊

၁၉၀၀ ပြည့်နှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ကားလမ်းတံတားကြီးက လူဇမ်ဘူး ဘူတာရပ်ကွက်နဲ့ မြို့ဟောင်းကို ဆက်သွယ်ပေးထားတာပါ၊ မူလစတင် တည်ဆောက်ခဲ့ စဉ်က ရထားလမ်းပါပြီး နောက်တော့မှသာ ကားလမ်းသက်သက်သာ ဖြစ်သွားခဲ့တာပါ၊ အခု ၂၀၁၃ ခုမှာတော့ ဓါတ်ရထားလမ်းကိုဖောက်ကြဖို့ စီမံကိန်းတွေ ရေးဆွဲနေပြန်ပါပြီ၊ အာဒိုလ်ဖ်တံတားကို သဘာဝကျောက်တုံးကြီးများနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အရှည် ၅၀၂ ပေ အမြင့် ၁၄၀ ပေ ရှိတဲ့ ဒီတံတားကြီးနဲ့ ပုံစံတူတံတားတခုကတော့ အမေရိကန်ပြည် ဖီလာဒဲလ်ဖီးယားက Walnut Lane Bridge ဘဲဖြစ်ပါတယ်၊  ဒီတံတားရဲ့ တဖက်ထိပ်မှာတော့ မြို့ဟောင်းတည်ရှိရာလမ်းမကြီး Le boulevard Royal ကိုရောက်ပါပြီ၊
မြို့ဟောင်းရပ်ကွက်ကတော့ လူဇမ်ဘူးမြို့ရဲ့ အစည်ကားဆုံး ရပ်ကွက်အပိုင်းပါဘဲ၊ ဈေးဆိုင်ခန်းများ လမ်းဘေးဈေးများ စားသောက်ဆိုင်များ ကဖေးဆိုင်များ ပြဇာတ်ရုံများ ဘုရားကျောင်းများ မြို့တော်ခန်းမတို့ ရှိပါတယ်၊ စနေ တနင်္ဂနွေမှာခင်းတဲ့ ဈေးခင်း ကလည်း မြို့တော်ခန်းမနားက ရင်ပြင်ကျယ်မှာဘဲခင်းလေ့ ရှိပါတယ်၊ စနေဈေးမှာတော့ ရောင်းချ တဲ့ပစ္စည်းတွေကတော့ အတော်ကို စုံလင်လှတာပါ၊ ဥရောပ မြို့တိုင်း ရွာတိုင်း ဒေသတိုင်းမှာ ဒီလို ဈေးခင်းတွေ တွေ့ရပါတယ်၊ ကိုယ့်အိမ်မှာ မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်လာရောက် ရောင်းချတာမျိုးလည်း ပါပါတယ်၊




ဒီလူစည်ကားရာ မြို့ဟောင်းအလယ်ခေါင် ရပ်ကွက်ထဲမှာဘဲ De Groussherzogleche Palais (Le palais grand-ducal) ခေါ်တဲ့ လူဇမ်ဘူးနယ်စားကြီးရဲ့ တရားဝင် စံနန်းအိမ်တော်လည်း ရှိပါတယ်၊ နယ်စားဘုရင်ကြီးရဲ့ နန်းတော်စံအိမ်လို့သာ အသိပြုမှတ်သားလိုက်ရပေမဲ့ ခြံမရှိ ဝန်းမရှိ အစောင့် တယောက်သာ ထားရှိတဲ့ သနားစရာ နန်းတော်ကြီးပါလားလို့ တွေးမိကြောင်းပါ၊ မောင်ရင်ငတေတို့ ရွာက အီတာလီယံကျောက်ပြားတွေနဲ့ အလှဆင်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို မြင်ယောင်မိ ပြန်ပါတယ်၊
ဒီနန်းတော်ကြီးကို ၁၅၇၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာပါ၊ စတင်ဆောက်လုပ်စဉ်က မြို့တော်ခန်းမဖြစ်ခဲ့ပြီး ၁၈၁၇ မှစပြီး အစိုးရရုံးစိုက်ရာ အဆောက်အဦအဖြစ် အသွင်ပြောင်းခဲ့တာပါ၊ အခုတော့ နယ်စားကြီးရဲ့ တရားဝင် ရုံးခန်းပါ၊  ဒီအဆောက်အဦနဲ့ တွဲလျှက်မှာဘဲ Chambre des députés ခေါ်တဲ့ လွတ်တော်အမတ်များရဲ့ ရုံးခန်းရှိပါတယ်၊ လူဇမ်ဘူးရဲ့ အကြီးကျယ်ဆုံးရုံးကြီးရဲ့ မျက်နှာစာရှေ့မှာတော့ လာရောက်လည်ပတ်ကြတဲ့ တိုးလ်ရစ်တွေရဲ့ ကင်မရာမီးရောင်တွေက တလက်လက် ခလုပ်နှိပ်သံတွေက တချောက်ချောက်နဲ့ အစောင့်လုံခြုံရေးမှုးကတော့ မင်းသားကြီး အဖြစ် သရုပ်ဆောင်နေရတာပေါ့ဗျာ၊


ဒီမြို့မရောက်ခင်ကတော့ ထင်ထားတာက သူဌေးနိုင်ငံလေးဆိုတော့ အစစအရာရာ ဈေးတွေက ခေါင်ခိုက်နေလိမ့်မယ်လို့ပါ၊ ဒါပေမဲ့ တကယ်တမ်းကြတော့ အထင်နဲ့ဗြောင်းပြန် ဖြစ်နေပါရောလား၊ ဂျာမဏီထက်တောင်မှ တချို့ပစ္စည်းတွေ ဈေးသက်သာနေပါတယ်၊ သွားစရိတ် စားစရိတ်ကတော့ သိပ်မထူးပေမယ့် သောက်စရိတ်ကတော့ သက်သာနေတာပါ၊ မောင်ရင်ငတေတို့လို အားကစား သမားတွေအကြိုက်ပေါ့၊ ဥရောပတလွှားမှာ ၁၀ ယူရိုထက် ဈေးပိုလျော့တဲ့ စကော့ဝီစကီ ရှာတွေ့ဖို့ တော်တော်ခက်ပါတယ်၊ ဒီမြို့ရောက်မှ မထင်မှတ်ဘဲ တွေ့ရှိရတာပေါ့၊ ဆေးသမားများအတွက်ရော ပေါ့ဗျာ၊ မာဘိုရိုလ်တဘူးမှ ငါးယူရို ကျော်ကျော်လောက်ဘဲ ဈေးရှိပါတယ်၊ မောင်ရင်ငတေကတော့ မာဘိုရိုလ် မသောက်တတ်ပါဘူး၊ တခြားတံဆိပ်တွေဘဲ ရွေးသောက်တယ်၊ တခြားသောတံဆိပ် တွေဆိုရင် ဒီထက်ဈေးပေါတာပေါ့၊ ဆေးလိပ်တဘူးကို တယူရိုခွဲ နှစ်ယူရိုလောက် ဝီစကီတပုလင်း သုံးယူရိုကျော် ပြင်သစ်ထက် ဈေးသက်သာနေတာတွေ့ရပါတယ်၊ သတ်မှတ်ထားတဲ့ အခွန်အခနှုန်းတွေက သက်သာလို့ ဈေးသက်သာတာပါတဲ့၊
 ဒီအမြင့်မြို့ဟောင်းရဲ့တဘက် ဂျောက်ထဲကို ဆင်း သွားရင်တော့ အောက်မှာတော့ အနိမ့်ပိုင်းမှာရှိလို့ Ville Basse အနိမ့်မြို့လို့ခေါ်နေကြတဲ့ မူလ ရှေးဟောင်း Grund အမည်ရ ရပ်ကွက်ရှိပါတယ်၊ အဲဒီမှာတော့ အေးချမ်းငြိမ်သက် တိတ်ဆိတ်လို့ နေပါတယ်၊ မြစ်ကလေးရယ် ချောင်းသေးသေးလေးရယ် ဘုရားကျောင်းရယ် လုံးချင်းအိမ်လေးများ မြက်ခင်းများ ပန်းဥယျာဉ်များသာ ရှိတဲ့နေရာပါ၊







အနိမ့်မြို့ရှိရာ ပေတရာကျော်နက်တဲ့ ဂျောက်ကြီးထဲမှ La vallée de l'Alzette အယ်လ်ဇာ့တ် တောင်ကြားချိုင့်ဝှမ်းရှိရာကို ဆင်းသွားရင်တော့ Les casemates လို့ဆိုပြီး ခေါ်ဝေါ်ကြတဲ့ ၁၈ ရာစု ခေတ်က ဘန်ကာကတုတ်ကျင်းတွေ ထွင်းဖောက်ထားတဲ့ ကျောက်နံရံကြီးရှိပါတယ်၊ မြင့်မားလှတဲ့ နံရံကြီး ဘေးတလျှောက်ရှိ မြေကွက်လပ် နေရာကလေးတွေကို အလွတ်မပေးဘဲ စိုက်ပျိုးထားတဲ့ စပျစ်စိုက်ခင်းလေးတွေကို တွေ့မြင်ရတာကတော့ စိတ်ချမ်းမြေ့စရာပါ၊
အယ်လ်ဇာ့တ်တောင်ကြား ချိုင့်ဝှမ်းမှာက ၁၁ ကီလိုမီတာရှည်တဲ့ La Pétrusse ပေထရုစ်ဆိုတဲ့ ချောင်းကလေးရယ် ပြင်သစ် နယ်မြေဘက်မှာ မြစ်ဖျားခံလာတဲ့ D'Uelzecht (lb) L'Alzette (fr) အယ်လ်ဇာ့တ်ဆိုတဲ့ ၇၃ ကီလိုမီတာရှည်သော မြစ်သေးသေးကလေးရယ်  ပေါင်းဆုံဆည်းတဲ့ နေရာပါ၊ ဒီမြစ်ကလေး ဘေး အနားမှာဘဲ Clausen ဆိုတဲ့ လူဦးရေ ၉၀၀ နီးပါးလောက် နေထိုင်တဲ့ ရှေးဟောင်း ရပ်ကွက်လေး ရှိပါတယ်၊ အဲဒီရပ်ကွက်ထဲမှာ ၁၅ ရာစု ခေတ်များထဲက တည်ရှိခဲ့တာကတော့ ကလိုဆောင်မြို့စား ကိုယ်တိုင်ဦးစီးခဲ့တဲ့ Les brasseries de Clausen ကလိုဆောင်ဘီယာချက်စက်ရုံများပါဘဲ၊ Grund ဆိုတဲ့ ရပ်ကွက်ဟောင်းလေးမှာတော့ ၁၅၄၂ ခုနှစ်ကစပြီး အကြိမ်ကြိမ် ဖျက်လိုက်ပြင်လိုက်နဲ့ ဆောက်လုပ်ခဲ့တဲ့ L'abbaye de Neumünster ဘုရားကျောင်းသစ်ကြီးရှိပါတယ်၊

လူဇမ်ဘူးမြို့မှာ သွားစရာ လည်စရာနေရာတွေက သိပ်ပြီးများများစားစား မရှိပါဘူး၊ ချောင်းသာသာ ရှိတဲ့ မြစ်ရိုးကလေးဘေးက ဆက်လက်ပြီးတော့ လမ်းလျှောက်သွားခဲ့ရင်တော့ ၁၉ ရာစုအလယ်က ရှေးဟောင်း ကျောက်တံတားကြီးများဖြစ်ကြတဲ့ D'Passerelle ခေါ် Luxembourg Viaduct ကား လမ်းတံတားကြီးရယ် Bahnviadukt   ခေါ်တဲ့ Viaduc Clausen ရထားလမ်းတံတားကြီးတွေကို တွေ့မြင်ရမှာပါ၊ အမြင့် ၄၅ မီတာ အရှည် ၂၉၀ မီတာ ဂုံးပေါင်း ၂၄ ဂုံးပါဝင်တဲ့ ဒီ Luxembourg Viaduct တံတားကြီးကို ၁၈၆၁ ခုနှစ်က ဆောက်လုပ်ခဲ့လို့ Al Bréck တံတားဟောင်းကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်၊ ဒါကြောင့် နောက်မှဆောက်တဲ့ D'Adolphe-Bréck ကိုတော့ တံတားသစ်လို့ ခေါ်ကြတာပါ၊ လူဇမ်ဘူးမြို့က ဂုံးတံတားအဟောင်းကြီး သုံးခုရယ် မြစ်သေးသေးလေး နှစ်စင်းရယ် ဂျောက်ထဲကမြို့ဟောင်းနဲ့ ဂျောက်ပေါ်ကမြို့ဟောင်းရယ် ပေါင်းစပ်ဖွဲ့စည်း တည်ဆောက်ထားတဲ့ မြို့ဟောင်းတမြို့ ဖြစ်ပါတယ်၊ ခေတ်သစ်မြို့ပြ အဆောက်အဦသစ်များ မိုးမျှော်တိုက်များကိုတော့ မြို့ရဲ့ အရှေ့မြောက်ပိုင်းက ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ တိုးချဲ့ထားတဲ့ Kierchbierg ဆိုတဲ့ ခေတ်သစ် စံပြရပ်ကွက်မှာသာ အများအပြား တွေ့ရှိရမှာပါ၊




 Kierchbierg မြို့သစ်ရပ်ကွက်နဲ့မြို့ဟောင်းကို ဆက်သွယ်ပေးထားတာကတော့ Groussherzogin-Charlotte-Bréck ခေါ်တံတားနီပါဘဲ၊ အနီရောင်ဆေးတွေချယ်ထားလို့ တံတားနီလို့ အမည်တွင်တဲ့

ဒီတံတားကြီးကို တရားဝင်ဖွင့်လှစ်ခဲ့တာကတော့ ၁၉၆၆ ခုနှစ်မှာပါ၊ ၃၅၅ မီတာရှည်ပြီး ၇၄ မီတာ အမြင့်ရှိတဲ့ ဒီတံတားနီကြီးရဲ့ ပိုပြီးလူသိများလာစေတဲ့ အချက်တခုကတော့ တံတားပေါ်ကခုန်ချပြီး သေကြောင်းကြံစည်မှုတွေ ဖြစ်ပေါ်လာတာပါဘဲ၊ ဥရောပတလွှားက ကိုယ့်ကိုယ်ကို သတ်သေချင် သူတွေ အနည်းဆုံးဦးရေ ၁၀၀ ကျော်လောက် ဒီတံတားနီရှိရာသို့ တကူးတက လာရောက်ပြီး ခုန်ချ သေကြောင်းကြံစည်ခဲ့ကြတယ်လို့ ဆိုကြပါတယ်၊
ဒါရိုက်တာ Genevieve Mersch ရဲ့ တံတားနီ သေကြောင်းကြံစည်မှု Le pont rouge မှတ်တမ်းတင်ဇာတ်လမ်း ရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၁၉၉၃ နောက်ပိုင်းမှာတော့ တံတားပေါ်က အလွယ်တကူ ခုန်ချပြီး သေကြောင်းကြံလို့ မရတော့အောင်လို့ တံတားလက်ရမ်းမှာ မှန်တွေကာရံဖို့ကို လူဇမ်ဘူးနိုင်ငံအစိုးရက ဆုံးဖြတ်ချက်ချခဲ့ ရပါတော့တယ်၊ လူတရာကျော်လောက် အသက်ဆုံးရှုံးပြီးတော့မှ ချဖြစ်ခဲ့ရတဲ့ နောက်ကျလှတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ခဲ့ပါတယ်လို့ လူအများက ပြောဆိုစမှတ်ပြုခဲ့ရပါတယ်၊



ခေတ်သစ်မြို့ပြနဲ့ ခေတ်ပေါ်ရုံးခန်း အဆောက်အဦတွေ အများအပြားရှိတာကတော့ Kierchbierg ရပ်ကွက်မှာပါ၊ ဒီရပ်ကွက်မှာ ဥရောပဆိုင်ရာ ငွေကြေးအဖွဲ့အစည်း လုပ်ငန်းကြီးတွေရဲ့ ဌာနချုပ် ဌာနခွဲ ရုံးတွေအများကြီးရှိပါတယ်၊
၁၉၆၀ နောက်ပိုင်းနှစ်များက စတင်ပြီးတော့ ဒီရပ်ကွက်ကြီးထဲမှာ European Court of Justice, European Court of Auditors, Parts of the European Commission, The Secretariat of the European Parliament, The European Investment Bank, The European School of Luxembourg စတဲ့ ဥရောပဆိုင်ရာရုံးတွေ ပြောင်းရွှေ့ အခြေစိုက်ခဲ့တဲ့ ရပ်ကွက်သစ်ကြီးပါ၊  Le Musée d'art moderne grand-duc Jean  (Mudam) ပြတိုက်ရယ် D'Coque arena ခေါ် လူ ၈၅၀၀ ဆန့်တဲ့ မိုးလုံလေလုံ အားကစားရုံ အသစ်ကြီးရယ် ပရိသတ်ပေါင်း ၁၅၀၀ ကျော်ဆန့်တဲ့ Philharmonie Luxembourg national concert hall အမျိုးသား ကဇာတ်ရုံသစ်ကြီးတွေလည်း ဒီနေရာမှာဘဲ တည်ရှိပါတယ်၊
ပျက်စီးသွားခဲ့တဲ့ ၁၈ ရာစု အစောပိုင်းကရှိခဲ့တဲ့ Le fort Thüngen ခံတပ်ဟောင်းကြီးကို မူရင်းနဂိုပုံစံအတိုင်း ၁၉၉၀ ခုနှစ်က ဒီနေရာမှာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်၊ ခေတ်သစ်တိုက်တွေကြားမှာ ပြန်ဆောက်လုပ်ခဲ့တဲ့ ခေတ်ဟောင်းပုံစံ အဆောက်အဦတခု ထူးထူးခြားခြား ဒီနေရမှာ ရှိနေတာပါ၊ နောက်တခုကတော့ နိုင်ငံပေါင်း ၂၀ ကျော်က ကျောင်းဆရာ ၂၀၀ ကျော်နဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသား ကျောင်းသူ စုစုပေါင်း  ၆၅၀၀ ကျော် ပညာသင်နေတဲ့ Université du Luxembourg တက္ကသိုလ် ကျောင်းကလည်း အဲဒီရပ်ကွက် နယ်မြေမှာပါဘဲ၊

ကမ္ဘာလှည့်ခရီးသွား လောကမှာလည်း သိပ်ပြီးတော့ ထင်ရှားလူသိများတဲ့ နေရာဒေသတခု မဟုတ် ပေမဲ့ တနှစ်ခရီးသွားတိုးလ်ရစ်ဦးရေ တသန်းခွဲကျော် သန်းနီးပါး လာရောက်ကြပြီး မြို့တော်အနီး ၆ ကီလိုမီတာအကွာ ဖင်ဒယ်ရွာမှာ တည်ရှိတဲ့ L'aéroport de Luxembourg-Findel လေဆိပ် ကတော့ နိုင်ငံရဲ့တခုတည်းသော အပြည်ပြည်ဆိုင်ရာ လေဆိပ်လည်း ဖြစ်ပါတယ်၊
လူဇမ်ဘူး နိုင်ငံဟာ ကမ္ဘာပေါ်မှာ သိပ်ပြီးတော့ ထင်ထင်ရှားရှား မရှိသော်လည်း တခုတည်းသော နယ်စား ပယ်စား မြို့စားတဦး တိုက်ရိုက်အုပ်ချုပ်တဲ့ နိုင်ငံလေး တနိုင်ငံအနေနဲ့ အကျယ်အဝန်း စတုရန်းမိုင် ၁၀၀၀ ခန့်သာရှိသော  လူဦးရေပေါင်း ၅ သိန်းကျော်သာ နေထိုင်သော ကမ္ဘာ့ လူတဦးချင်းဝင်ငွေ အများဆုံးသော ယနေ့ကမ္ဘာပေါ်မှာ များပြားလှတဲ့ နိုင်ငံရေး ဘာသာရေး လူမျိုးရေး စီးပွားရေး ပြဿနာမျိုးစုံ အရှုပ်ထုပ်ပေါင်းစုံနဲ့ အတော်ကိုဘဲ ကင်းဝေးလှတဲ့ ရှားရှားပါးပါး နိုင်ငံတခုအဖြစ် ရပ်တည်နေပါတယ်၊
သို့အတွက်ကြောင့် မောင်ရင်ငတေတို့ရဲ့ ရွှေတိုင်းပြည်သားများ ပြင်သစ်ပြည် ပါရီမြို့သို့ ဒါမှမဟုတ် ဂျာမဏီ ကိုလုံး ဖရန့်ဖွတ် ဘယ်လ်ဂျီယံ ဘရူဆယ် မြို့များသို့ အလည်အပတ် ရောက်ရှိလာခဲ့ကြရင်ဖြင့် သိပ်ခရီးမဝေးလှတဲ့ လူဇမ်ဘူးနိုင်ငံသို့ တခါတခေါက်လောက်တော့ သွားရောက်လည်ပတ် သင့်ပါကြောင်း လူဇမ်ဘူးနယ်စားကြီးထံ ခွင့်မတောင်းခံတော့ဘဲ ကိုယ်စားပြု တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်၊

မောင်ရင်ငတေ













Comments