လိမ်လည် လှည့်ဖြား လှည့်ကွက်များမှ
ကင်းဝေးကြပါစေ။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)၊ မတ် ၂၀၊ ၂၀၁၃
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့
ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ ထွက်လာပါပြီ။ အမြင်မတူသူတွေကြားမှာလည်း
ကွဲပြားမှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့
ဒီအစီရင်ခံစာထွက်လာရင် အားလုံးအကြိုက်ဖြစ်မယ်လို့တော့ ကျွန်တော်
မမျှော်လင့်ထားပါဘူး။ အားလုံးအကြိုက်တူဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ
မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် အားလုံးအကြိုက်ဖြစ်အောင်
အားလုံးလက်ခံအောင် ဖန်တီးပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘယ်လိုပုဂ္ဂိုလ်မျိုးကမှလည်း
လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ လက်ခံသူတွေရှိသလို လက်မခံနိုင်သူတွေလည်း ရှိမယ်။
နှစ်သက်သူတွေရှိသလို မနှစ်သက်သူတွေလည်းရှိမယ်။ သဘောကျသူတွေရှိသလို
သဘောမကျသူတွေလည်းရှိနိုင်ပါတယ်။ အားလုံး လွတ်လွတ်လပ်လပ်သဘော ကွဲလွဲခွင့်ရှိပါတယ်။
အကောင်းဆုံးနဲ့ အမှန်ဆုံးအဖြေတစ်ခုဖြစ်ဖို့သာအဓိကပါ။
ဒီစုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဌကို
ဒေါ်စုကိုခန့်ထားတာနဲ့ပတ်သက်ပြီး တော်တော်စိုးရိမ်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့
အာဏာလက်မလွှတ်လိုသူ အာဏာရှင်တို့ရဲ့ ဒေါ်စုကို နိုင်ငံရေးသတ်မယ့် အစီအစဉ်ပါ။
ပထမအကြိမ် လက်ပံတောင်းတောင်ဆန္ဒပြမှုကို
ဒေါ်စုမရောက်မီ လက်မတင်လေး မှာပဲ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းခဲ့မှု၊
သံဃာတော်တွေနဲ့ဒေသခံလူထုကို မီးလောင်ဗုံးသုံးပြီး ဖြိုခွင်းခဲ့မှုတွေအပေါ်ကို
ပြည်သူလူထု အကြီးအကျယ် ခံပြင်းနေတဲ့ချိန်မှာ ဒေါ်စုကို နိုင်ငံရေးအရ
အသုံးချခံရမယ့် အစီအစဉ်ပါ။ ပြည်သူလူထုဆန္ဒနဲ့မကိုက်ညီရင်တော့
ဒေါ်စုဝေဖန်ခံရဖို့ သေချာသလောက်ဖြစ်ပါတယ်။ ဒေါ်စုနဲ့ ပြည်သူကို သွေးခွဲ သပ်လျှို တဲ့
အစီအစဉ်ဖြစ်နေပါတယ်။ ဒေါ်စုနဲ့ပြည်သူ ထိတ်တိုက်တွေ့အောင်
ဖန်တီးထားတာဖြစ်နေလို့ပါပဲ။
ဒေါ်စုကတော့ အမှန်ကို
အမှန်အတိုင်းလုပ်မယ့်ခေါင်းဆောင်မျိုးပါ။
တိုင်းပြည်နဲ့ပြည်သူလူထုအများအကျိုးကို မျှော်လင့်ပြီး အမှန်တရားပေါ်မှာ
ရပ်တည်မယ့်ခေါင်းဆောင်မျိုးပါ။ အမှန်တရားအတွက် ဘက်မလိုက်ဘဲလုပ်မယ့်
ခေါင်းဆောင်မျိုးပါ။ လူထုရဲ့ ထောက်ခံမှုပိုရတာ သူနေရာရတာတွေထက်
တိုင်းပြည်ကောင်းဖို့ကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ....
'' တိုင်းပြည် နဲ့ လူမျိုး အတွက်
အကျိုးရှိနိုင်မယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ဖြစ်ပါစေ..၊
ကျမကိုအသုံးချနိုင်ပါတယ်'' လို့ပြောခဲ့တဲ့ စကားသက်သေခံနေပါတယ်။
ဒေါ်စုအနေနဲ့
စုံစမ်းရေးကော်မရှင်ရဲ့ဥက္ကဌတာဝန်ယူရတာလည်း ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီး
အဟန့်အတားမဖြစ်ဖို့၊ ရပ်တန့်မသွားဖို့နဲ့ နောက်ကြာင်းပြန်မလှည့်သွားစေဖို့၊
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံနဲ့လူမျိုးအပေါ်မှာ
အယုံအကြည်မကင်းမဲ့ဖို့ ၊ စီးပွားရေး၊ လူမှုရေး နဲ့ နိုင်ငံတကာဆက်ဆံရေးစတဲ့
အချက်တွေကြောင့်လည်း ဖြစ်ပါတယ်။
အခု စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ
ထွက်လာပါပြီ။ ပြည်သူလူထုအချို့ကတော့ မိမိတို့အတ္တစွဲနဲ့
ကြေးနီစီမံကိန်းအပြီးရပ်ဆိုင်းစေချင်တာ အစီရင်ခံစာမှာ မပါလာတော့ ပြည်သူနဲ့ဒေါ်စု
ထိပ်တိုက်တွေ့ပါပြီ။ ဒီယုံမြင်လို့ ဒီချုံထွင်သူတွေကတော့ အကြိုက်တွေ့နေပါပြီ။
တကယ်တန်း အဓိကတာဝန်ရှိသူတွေက ဆန္ဒပြမှုကို အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့
တိုင်းဒေသကြီးအစိုးရ၊ ဦးပိုင်နဲ့ ၀မ်ပေါင်တို့ဖြစ်တယ်ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးက
သိနေပြီးသားပါ။ ပစ်မှတ်လွဲမသွားကြပါနဲ့။ တရားခံတွေ၊ တာဝန်ရှိသူတွေက
နည်းပရိယာယ်မျိုးစုံသုံးပြီး၊ တိုက်ကွက်အမျိုးမျိုးသုံးပြီး ပြည်သူကိုအာရုံလွှဲဖို့
လုပ်နေတယ်ဆိုတာ အထင်အရှားပါ။
ကြားဖြတ်ရွေးကောက်ပွဲမှာ ပက်ပက်စက်စက်
ရှုံးနိမ့်ခဲ့ကတည်းက ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို
ပြည်သူအကြည်ညိုပျက်အောင်၊ ပြည်သူ့ထောက်ခံမှုမရအောင်၊ နိုင်ငံရေး သေအောင်လုပ်ဖို့
စီမံကိန်းတွေအများကြီးချထားထားတယ်ဆိုတာ
ကျွန်တော်တို့မြင်အောင်ကြည့်တတ်ကြဖို့လိုပါတယ်။ တိုင်းပြည်တွင်းမှာ
လူမျိုးရေးပဋိပက္ခဖြစ်အောင်၊ ဘာသာရေးအထိကရုဏ်းဖြစ်အောင် ဖန်တီးနေတာတွေ၊
ယခုလက်ပံတောင်းတောင်ကိစ္စမှာ ပြည်သူကို ဒေါ်စုနဲ့ထိပ်တိုက်စေဖို့ ဖန်တီးတာတွေဟာ
နိုင်ရေးလှည့်ကွက်တွေဆိုတာ ကျွန်တော်တို့အမြင်ကျယ်ကျယ်နဲ့
ရေရှည်အကျိုးကိုမျှော်ကိုးပြီး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းကြဖို့လိုပါတယ်။
စုံစမ်းရေးကော်မရှင်ကော်မရှင်မှာဒေါ်စုကို
ဥက္ကဌခန့်တာကိုက ဒေါ်စုကိုပြည်သူနဲ့ထိပ်တိုက်တွေ့ဖို့ ဖန်တီးတာ မဟုတ်ပါလား။
ဒေါ်စုကို ပြည်သူနဲ့သွေးခွဲတာ၊ ဒေါ်စုကို ထောင်ချောက်ဆင်တာ၊ ဒေါ်စုအနေနဲ့
သတ်ကွင်းကိုဖြတ်ရမဲ့အရေး ဆိုတာ အားလုံအသိပါ။ အဲဒါ ဒေါ်စုမသိဘဲရှိပါ့မလား။
အဲဒီအနေအထားတွေကို ဒေါ်စုအနေနဲ့ အများကြီး ကြိုတွက်ထားပြီး လောက်ပါပြီ။
ရင့်ကျက်တဲ့လူထု ခေါင်းဆောင်တစ်ယောက်၊ အမြှော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။
ဒါပေမဲ့ ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ပြည်သူနဲ့ ထိပ်တိုက်ဖြစ်မဲ့အခြေအနေကို
စွန့်စားပြီးရဲရဲဝံ့ဝံ့ဖြတ်လျှောက်ခဲ့တာပါ။ ဒေါ်စုမလျှောက်ရင်၊ ဒေါ်စုမဖြတ်ရင်
ဘယ်သူလျှောက်မှာလဲ၊ ဘယ်သူဖြတ်မှာလဲ။
အစိုးရနဲ့ ပြည်သူအကြား
အကြပ်အတည်းတွေ့နေတဲ့အချိန်မှာ ကိုယ်ကျိုးကြည့်ပြီး ခေါင်းရှောင်တာမျိုး
မလုပ်ခဲ့တာကိုက ဒေါ်စုရဲ့အနစ်နာခံစိတ်ပါ။ တိုင်းပြည်မှာ ဖြစ်ပေါ်လာမဲ့
မတည်ငြိမ်မှုတွေကိုဖြေရှင်းပေးလိုတဲ့
အတိုက်အခံကောင်းတစ်ယောက်ပါ။
ဒေါ်စုလုပ်သမျှကောင်းတယ်ဆိုပြီး
မျက်စေ့စုံမှိတ် ရှေ့နေလိုက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းရှားပါးပါတယ်။
ဒီလိုခေါင်းဆောင်တစ်ယောက်ရဖို့ဆိုတာ မလွယ်ပါဘူး။ ခေါင်းဆောင်ကို ကျဉ်းထဲကျပ်ထဲ ရောက်အောင်လုပ်ပြီး
တစ်ဘက်အကြိုက်ဖြစ်အောင် တွန်းမပို့စေချင်တဲ့ဆန္ဒပါ။ ခေါင်းဆောင်ကောင်း ရှိလာတဲ့အချိန်မှာ
နောက်လိုက်ကောင်းတွေဖြစ်ဖို့ လိုလို့ပါ။
အစီရင်ခံစာကိုတော့ သေသေချာချာ
ဖတ်ကြဖို့လိုပါတယ်။ အစီရင်ခံစာ အစအဆုံး - နိုင်ငံနဲ့ ပြည်သူလူထုအတွက်၊
လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီအတွက်၊ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး
ဆိုတာတွေ တွေ့ရလိမ့်မယ်။ ကမ္ဘာ့အဆင့်မှီ ပညာရှင်တစ်ယောက်ပီပီ ပညာရှင်ဆန်ဆန်
ရေရှည်အကျိုးမျှော်ကိုးပြီး ပြည်သူအတွက်ချပြထားတာ တွေ့နိုင်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အလိုမရှိ''လို့ကြွေးကြော်သံတွေကြားရတာ
တော်တော်ကို စိတ်မကောင်းစရာပါ။ ကမ္ဘာတစ်ဝှမ်းလုံးက ချစ်တဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက
လေးစားတဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက တန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို
ကိုယ့်နိုင်ငံက ကိုယ့်ပြည်သူတွေက ကိုယ်လူမျိုးခေါင်းဆောင်တစ်ယောက်ကို အလိုမရှိလို့
ကြွေးကြော်နေတာ မဖြစ်သင့်ပါဘူး။ နှစ်ပေါင်းမြောက်မြားစွာ အကြောက်တရားနဲ့
နေလာခဲ့ကြရတဲ့ပြည်သူတွေကို ဖိနှိပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားပေးနေတဲ့
ခေါင်းဆောင်တစ်ယောက်ကို ၀ိုင်းဝန်းကူညီကြရမှာပါ။
“ကိုယ်ကျိုးရှာလိုသူတွေနဲ့
နိုင်ငံရေးမတည်ငြိမ်စေလိုသူတွေ” ကလည်း ဒေသခံတွေရဲ့ရိုးသားမှုကို ခုတုံးလုပ်ပြီး
အခွင့်အရေးယူဖို့ မကြိုးစားကြပါနဲ့။ ခေတ်အဆက်ဆက်
သမိုင်းအတွေ့အကြုံတွေကိုမေ့ပစ်လိုက်ဖို့ မကြိုးစားကြပါနဲ့။ တိုင်းပြည်နဲ့
ပြည်သူလူထုအကျိုးကို အမြဲနှလုံးသွင်းပြီး
လူထုခေါင်းဆောင်ရဲ့လမ်းညွှန်မှုကိုခံယူကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒေါ်စုက ကျွန်တော်တို့ ခေါင်းဆောင်ပါ။ ပြည်သူလူထုရဲ့
ခေါင်းဆောင်ပါ။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပါ။ ကမ္ဘာက
လေးစားတဲ့ခေါင်းဆောင်ပါ။ ကမ္ဘာ့အဆင့်မှီ ပညာရှင်ပါ။ တိုင်းပြည်နဲ့
ပြည်သူလူထုအကျိုးအတွက် အရွယ်မရောက်သေးတဲ့ သားတွေကိုခွဲခွာပြီး
ဒီမိုကရေစီတော်လှန်ရေးမှာ ဘ၀ကိုမြှုပ်နှံထားခဲ့သူပါ။ ခင်ပွန်းသည်ကွယ်လွန်တာတောင်
မပြန်ဘဲ အကျဉ်းကျခံနေရသူပါ။
ဒေါ်စု ပထမတစ်ကြိမ်
လက်ပံတောင်းတောင်လာတုံးက ဒေသခံပြည်သူတွေနဲ့တွေ့ဆုံပြီး
'' ကိုယ်လုပ်ချင်တာတွေချည်း
လုပ်နေလို့မရပါဘူး။ အများနဲ့ညီအောင်လို့ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့အကျိုးကို
နောက်မှာထားပြီးလုပ်ရမယ်။ အဲဒီလိုလုပ်မှသာလျှင် ကျွန်မတို့နိုင်ငံကြီးဟာ
တိုးတက်လာမှာဖြစ်တယ်။ အခုဒီဒေသမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မတို့
နိုင်ငံကြီးသားအမြင်နဲ့ကြည့်ရမယ်။ ကျွန်မတို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ
အဆင့်ရှိတဲ့နိုင်ငံလို့ ကမ္ဘာကအသိအမှတ်ပြုတဲ့နိုင်ငံတစ်ခုဖြစ်အောင် ဘယ်လိုနေမှာလဲ၊
ဘယ်လိုထိုင်မှာလဲ၊ ဘယ်လိုပြဿနာတွေကိုဖြေရှင်းမှာလဲ ကျွန်မတို့ကြည့်ရမယ်။
ကိုယ့်နိုင်ငံသိက္ခာရှိဖို့ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။
တစ်ဦးတစ်ယောက်နဲ့မရဘူး။ အဖွဲ့အစည်းတစ်ခုတည်းနဲ့လည်းမရဘူး။
အစိုးရတစ်ခုတည်းနဲ့လည်းမရဘူး။ ပြည်သူလူထုအားလုံးနဲ့မှ ကျွန်မနိုင်ငံသိက္ခာရှိအောင်
လုပ်နိုင်မှာပါ။
ကျွန်မပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ
ပြည်သူတွေအကြိုက်ကို အမြဲလိုက်လုပ်တဲ့သူ မဟုတ်ပါဘူး။ မှန်တဲ့အတိုင်းပဲ
ကျွန်မကပြောပြီး ပြည်သူတွေကလည်း ကျွန်မကိုမကြိုက်ရင်မကြိုက်ဘူးလို့
ပြောခွင့်ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့်ရှိတယ်။
တစ်ခုတော့သေသေချာချာကတိပေးနိုင်တယ်။ လှည့်ဖျားတတ်တဲ့ နိုင်ငံရေးမျိုးကိုတော့
ကျွန်မဘယ်တော့မှမလုပ်ပါဘူး။ ခဏတာပေါ်ပြူလာဖြစ်ချင်လို့ လုပ်တဲ့နိုင်ငံရေးမျိုးလည်း ကျွန်မမလုပ်ဘူး။
နိုင်ငံရဲ့ရေရှည် အကျိုးကိုကြည့်ပြီး ကျွန်မလုပ်သွားမှာပါ။ ဒီလို
ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးလုပ်တဲ့အခါမှာ
ကျွန်မမှာအားနည်းချက်တွေရှိရင်လည်း ၀ိုင်းပြီးပြုပြင်ပေး ကြပါ။
လက်ခံသွားဖို့အဆင်သင့်ပါဘဲ။ ဒါပေမယ့် ပြည်သူတွေကလည်း သေသေချာချာစဉ်းစားရမယ်။
သဘောထားကြီးရမယ်။ အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့ပြည်သူတွေ
အားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့လိုပါတယ်။ အဲဒီလို ရေရှည်အမြင်နဲ့လုပ်မှ
အောင်မြင်နိုင်မှာပါ။ အခုဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မက ရေရှည်အမြင်နဲ့
ဖြေရှင်းဖို့ရည်ရွယ်ပါတယ်။ အဲဒီအခါမှာ ပြည်သူတွေက ၀ိုင်းပြီးကူညီကြပါလို့
မေတ္တာရပ်ခံချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းတဲ့အခါမှာ
ပြည်သူတွေဆီကထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီလိုထောက်ခံမှုရအောင် ပြည်သူတွေအကြိုက် ရေတိုအမြင်တွေနဲ့ ချမှတ်ပြီး ရယူလို့ရှိရင်လည်း
ရေရှည်မှာအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မပြည်သူနဲ့ပွင့်ပွင့်လင်းလင်း
မှန်မှန်ကန်ကန်နဲ့ဆက်ဆံမယ်။ မလှည့်ဖျားဘူး။ ဒီတော့ကျွန်မရဲ့ဆုံးဖြတ်ချက်တွေလုပ်ကိုင်ပုံတွေကို
မကြိုက်ရင်လည်းမကြိုက်ဘူးလို့ပြောနိုင်တယ်။ ကျွန်မတစ်ခုခုကိုလုပ်တယ်ဆိုရင်
ဘာဖြစ်လို့လုပ်ရလဲ ဆိုတာကိုရှင်းပြမယ်။ အခုဒီဒေသမှာ ဖြစ်နေတဲ့ပြဿနာ ကြေးနီစီမံကိန်းနဲ့
ပတ်သက်တဲ့ ပြဿနာကို ကျွန်မက အေးအေးချမ်းချမ်းနဲ့ပြေလည်သွားစေချင်တယ်။
အဲဒီလိုဆိုရင် ကျွန်မတို့ရဲ့ပြည်သူတွေလည်းသက်သာ နိုင်ငံလည်းသိက္ခာရှိတယ်။
အနာဂတ်အတွက်လည်းကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲဒါကို ကျွန်မကြိုးစားမယ်။
အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ ကျွန်မက
ဘယ်လိုအာမခံချက်မှမပေးနိုင်ဘူး။
ဒါပေမယ့် ပြည်သူကသာ
ကျွန်မနဲ့လက်တွဲပြီး ပြေလည်မှုရှာဖွေမယ်ဆိုရင်တော့ အောင်မြင်နိုင်မယ်လို့
ကျွန်မယုံကြည်ပါတယ်''
လို့ ပြောကြားခဲ့တာတွေကို
သတိရမှတ်မိနေကြဦးမယ်ဆိုရင်တော့......
နောက်ကွယ်က ဆင်တဲ့လှည့်ကွက်ကို
မြင်အောင်ကြည့်ဖို့သာ လိုပါတော့တယ်။
သူတို့ရဲ့ လှည့်ကွက်ထဲ ပါမသွားဖို့
လိုပါတယ်။ ဘုံရန်သူဟာ အာဏာရှင်တွေပဲဆိုတဲ့အချက်ကို ကျွန်တော်တို့
သတိကြီးကြီးထားပြီး အာဏာရှင်တို့နဲ့ သူတို့ရဲ့လက်ပါးစေတွေရဲ့လိမ်လည် လှည့်ဖြား
လှည့်ကွက်ထဲ မ၀င်သွားမိစေဖို့ ကြိုစားသင့်ပါတယ်လို့
နိုင်ငံရှေ့ရေးစိုးရိမ်ပူပန်လို့ ရေရှည်အကျိုးမျှော်ကိုးပြီး
တင်ပြလိုက်ရပါတယ်။ လှည့်ကွက်ထဲ ၀င်သွားရင်တော့ မျက်ဖြူဆိုက်လေ
ဆရာကြိုက်လေဖြစ်မှာပဲဆိုတာ.......
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
(Photo - Letpadaung Crackdown night, 29th Nov 2012, intenret image)
Comments