တလွဲတချော်များ
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
မတ်လ ၆၊ ၂၀၁၃
မကြာခင် နောက်ဆုံး တစ်ခေါက်
မြန်မာပြည်ပြန်ရောက်တော့
တိုင်းပြည်ဟာ ငါးပါးမှောက်ရုံမက
သံဃာစင်တောင် ကျိုးကျမဲ့ အခြေအနေ။
အတိအကျ၊ ဘာမှကိုပြောလို့ မရတဲ့
ပြည်သူတို့ ဘ၀ သိပ်ကိုဆင်းရဲလှ ကြတော့
ဒုက္ခဆိုတဲ့စကား
နှုတ်ဖျားကနေ
ညီးဝေတဲ့အသံ
အခုထိ နားထဲမှာ ဆူညံနေဆဲ။
တစ်ချိန်ကကြွယ်ဝချမ်းသာ
ဂုဏ်ယူကာ ၀င့်ကြွား
ကမ္ဘာမှာ ဗမာများရယ်လို့ 
ကျော်ကြားလာကြတဲ့လူတွေ။
အခုနေ အခါကြ
စားစရာတောင် နပ်မှန်အောင် မရှိလှတော့
ကောင်းလှတဲ့ စာရိတ္တတွေကို ဖဲ့ရောင်း
အဆင်ပြေသလိုနဲ့ ဘဲ
ဘ၀ကို ဆက်ကျောင်း နေရှာကြတဲ့ပုံ။
ထမင်းကို အ၀အပြဲစားနိုင်တဲ့သူ လူတစ်စုက
ဘယ်သူ့ မှ မမှုဆိုတဲ့ မျက်နှာပေးတွေနဲ့ 
ဆန်ကွဲလေးတောင် နပ်မှန်အောင် မရှိသူတို့ အပေါ်
မာန်မာနမော်လျှက်
အော် စော်ကားမော်ကား
ကရုဏာခေါင်းပါးကာ
နိဝါတတရား ကင်းမဲ့နေကြပါပေါ့။
ဆင်းရဲချမ်းသာ လူ့ အလွှာနှစ်ရပ်ကြား
အဆင်ပြေသလို လုပ်ကိုင်ကာ
ခေါင်းပုံဖြတ်နေသူတွေ များလာပြီး
ဘာသာရေးသမားအချို့ တွေတောင်
ပါနေသယောင်။
အမှန်တရားကို မျက်ကွယ်ပြု
အာဏာရှိ လူတစ်စုနဲ့ ပေါင်းပြီး
ဓမ္မလမ်းကျောင်းမှ သွေခွာ
ဗေဒင်ယတြာ အညာအဟိန်းတွေနဲ့ 
ထင်ရာမြင်ရာကိန်းတွေ တွက်ချက်ပြီး
မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ ကတောင်
ဆလံတင် အရှုံးပေးရမဲ့အဖြစ်။
အဲဒါကို သာသနာတွင်း အနှစ်မရှိသူတို့က
ဘုန်းတန်ခိုးကြီးလှပေခြင်းတဲ့။
အားတဲ့ရက်လေး
စိတ်တွေငြိမ်းအေးအောင်
ရွှေတိဂုံကို မကြာမကြာလေးတက်
လှေခါးရဲ့ အထက်ဆုံးထစ်မှာ အော်ဟစ် ရောင်းနေတဲ့
နှင်းဆီပန်း ခပ်နွမ်းနွမ်းလေးတွေဝယ်
ဘုရားက ပြန်စွန့် ချရယ်လား
တွေးမနေတော့ဘူး
ထိခြင်းကြီးငါးဝနဲ့ 
အတိတိအကျ ဦးသုံးကြိမ်ချ၊
စေတနာအ၀ ပူဇော်ဒါနပြုပြီး
သြကာသကန်တော့ကျိုး၊
ရှေးရိုးကြီးထဲက အတိုင်း
ကပ်သုံးပါးစသည် စုံအညီ ဖြစ်ပျက်နေရှာတဲ့
တို့ နိုင်ငံ ပြည်သူတွေဘ၀အတွက်
များပြားလှတဲ့ဆန္ဒတွေ တွေးရင်း
အာပေါင်အာရင်း သန်သန်နဲ့ 
ပါဠိသံတွေ ညံနေအောင် ရွတ်ဆိုပြီး
ကကြီကကြောင် ကျသလိုမျိုး
ကလေးဆိုးကြီးကဲ့သို့ 
ဗုဒ္ဓကို အပူကပ် အတင်းအကြပ်၊
ဆုတွေဝေနေအောင် တောင်းတတ်သော်လည်း
ယနေ့ ပြုတဲ့ ကုသိုလ်အစုကိုတော့
မြတ်ဘုရားရယ် ပေးချင်တဲ့ဆုကိုသာ ပေးပါတော့လို့ 
အားနာစိတ်ပွားကာ တိုးတိုးလေးလျှောက်ထား
ရာဟုဒေါင့်က စည်းခြားတဲ့ အောင်မြေကွက်မှာ
မျှော်လင့်ချက် ကိုယ်စီနဲ့ ၊ အနာဂတ်ကိုရည်ရွယ်လျှက်
ယုံကြည်စွာ နင်းနေရှာကြတဲ့ ပြည်သူတွေကို
ကရုဏာသက်စွာ ရင်ပြင်မှာ ထိုင်ကာ ကြည့်ရင်း
ဖြစ်ရလေခြင်းဟု
စိတ်တွင်းမှာ နာကြင်လာမိခဲ့။
အမှောင်စကျသည့် ထိ
မီးလင်း မလာတာကိုကြည့်ရင်
အလှူဒါနက မီတာခတောင် ပြည့်အောင်မရလို့ 
ခွဲတမ်းနဲ့ သာ လျှပ်စစ်မီး ရတဲ့သူတွေကြား
မြတ်ရွှေတိဂုံဘုရားလည်း ပါသည်ထင်ပါရဲ့ ဟု
အုပ်ချုပ်သူ လူ့ တစ်စုဆီ စိတ်ကရောက်သွားတော့
ဖနောင့်နဲ့  ပြေးပေါက်ချင်စိတ်တွေ ပေါ်မလာမိအောင်
ဟင်းကနဲ သက်ပြင်းရှည်ကြီးကိုမှုတ်
ဗုဒ္ဓါနုဿတိအစား အာနာပါနကို ခဏလုပ်ပြီး
မိုးလုံးလုံး မချုပ်ခင် တစ်လှမ်းချင်း
မြောက်ဘက်မုဒ်ဆီကနေ ဆင်းလာခဲ့တယ်။
အောက်ရောက်တော့ လုံးဝမှောင်နေလို့ 
အာဇာနည်တို့ စံရာ ဗိမာန်ကိုမျှော်ကြည့်
သွားလေသူ ပြည့်ခေါင်းဆောင်များအတွက်
အမျှတောင် ဒီတစ်ခေါက်တော့ မဝေခဲ့ရ။။
Comments