Kamarpale - Poem


ကျိန်စာသင့် ပျံသန်းနေဆဲ ... ငှက်
ကမာပုလဲ
ဧပြီ ၆၊ ၂၀၁၃


ငှက် တကောင်ဖြစ်တယ်
ငှက်တွေထဲက ငှက်တကောင်ဖြစ်တယ် ...။

ဒီငှက်ဟာ 
ကမ္ဘာပတ်လာတဲ့ ငှက်ဖြစ်တယ် ...
ကမ္ဘာပတ်လာတော့ 
ကမ္ဘာ့ အနိဌာရုံတွေ
သွေးပျက် နာကျည်းဖွယ် အဖြစ်သနစ်တွေ
သူ့မျက်ဝန်းထဲ စွဲထင် ကပ်ပါလာခဲ့တယ် ...။

ဒီငှက်ဟာ
ဘရွတ်ကလင်း တံတားပေါ်ဖြတ်ပျံတော့
ဒီငှက်ဟာ
အရှေ့အလယ်ပိုင်းဒေသကို ဖြတ်ပျံခဲ့
ဒီငှက်ဟာ
ကျဆုံးနေတဲ့ ပါရီမြို့ကြီးပေါ် ဖြတ်ပျံတော့
ဒီငှက်ဟာ
ဟီရိုရှီးမား မြို့ပျက်ကြီးပေါ် ဖြတ်ပျံငေးမော
ဒီငှက်ဟာ
ရတနာ ဂီရိကို ဖြတ်ပျံခဲ့တော့
ဒီငှက်ဟာ
သေမင်းတမန် မီးရထားသံလမ်းပေါ် တထောက်နားခဲ့။

ဒီငှက်ဟာ
နိုင်ငံပေါင်းချုပ် အသင်းကြီးရဲ့ သွားကြားထိုးတံ
ဒီငှက်ဟာ
ကုလသမဂ္ဂရဲ့ အမြှောင်မယား
ဒီငှက်ဟာ
နိုင်ငံလွန် ကော်ပိုးရေးရှင်းကြီးတွေရဲ့ ထုတ်ကုန်
ဒီငှက်ဟာ
ကြိုးစင်ပေါ်က မှတ်တမ်းတွေကိုလည်း 
သူ့ရင်ဘတ်နဲ့ ဖတ်ရင်း ပျံသန်းခဲ့ဖူးတယ် ...။

ဒီငှက်ဟာ ... ပုလဲဆိပ်ကမ်း
ဒီငှက်ဟာ ... မာရီလင်မွန်ရိုးရဲ့ နောက်ဆုံးမွှေ့ယာ
ဒီငှက်ဟာ ... ဆင်မလိုက်သင်္ဘောကျင်း
ဒီငှက်ဟာ ... မှိုင်း ရာပြည့်
ဒီငှက်ဟာ ... မဆလခေတ်ရဲ့ ရာတန်ငွေစက္ကူ
ဒီငှက်ဟာ ... ။

ဒီငှက်ဟာ
လက်နက်ချ ခေါင်းဆောင်တဦးရဲ့ လက်ကတုံးတောင်ဝှေး
ဒီငှက်ဟာ
သားသတ်သမားရဲ့ မင်းသားရုပ် ခေါင်းဆောင်း
ဒီငှက်ဟာ
သမိုင်းရဲ့ ပျေက်ဆုံးနေတဲ့ သက်ရှိဝိညာဉ်
ဒီငှက်ဟာ ...။

အဲဒီငှက်ကလေး တကောင်ဟာ
ခေတ်ရဲ့ မီးလျှံတွေထဲ ဖြတ်
မိဘမဲ့ကလေးတွေရဲ့ နေ့စဉ်ဘ၀တွေထဲ ဖြတ်
ရခိုင်ပြည်ကို ဖြတ်
လက်ပန်တောင်း သပိတ်စခန်းကို ဖြတ်
မိတ္ထီလာကို ဖြတ်
နယ်စပ် ဒုက္ခသည် စခန်းတွေကို ဖြတ်
ကချင်ပြည်နယ်က စစ်ပွဲတွေကို ဖြတ် ...။

ဒီငှက်ဟာ
ဖဆပလ အစိုးရရဲ့ ဆုံးဖြတ်ချက် အမှားဖြစ်ခဲ့
ဒီငှက်ဟာ ကိုဗဟိန်းရဲ့ ဆေးရုံပေါ်က သတင်းစာဖြတ်ပိုင်းဖြစ်ခဲ့
ဒီငှက်ဟာ ကိုအောင်ဆန်းရဲ့ မျက်ရည်တစဖြစ်ခဲ့
ဒီငှက်ဟာ ဗီဗီယန်လေးရဲ့ ဘရင်းဂန်း အလက် ၂၀၀ ဖြစ်ခဲ့
ဒီငှက်ဟာ ၁၉ ဇူလိုင်ဖြစ်ခဲ့
ဒီငှက်ဟာ မက်တာဖက်တမင်း (methamphetamines) ဖြစ်ခဲ့
ဒီငှက်ဟာ ခြေမန်းကွင်းနဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့
ဒီငှက်ဟာ ... အလှမွေး ခွေးတကောင်ဖြစ်ခဲ့
ဒီငှက်ဟာ ...။

ငှက်
ငှက်ကလေး တကောင်
အဲဒီ ငှက်ကလေးရဲ့ တောင်ပံတစုံပေါ်မှာ
ကျိန်စာသင့်နေတဲ့ သမိုင်းခေတ်များ
ငှက်ကလေးဟာ 
ကမ္ဘာပတ် ပျံသန်းနေဆဲ ဖြစ်တယ် ...။ ။

Comments