News and Media


သီရိမင်္ဂလာကျောင်းရဲ့ နှစ်သစ်ပရိတ်တရားနာ၊ သက်ကြီးပူဇော်ပွဲ၊ သင်္ကြန်တွင်း (၉) ရက်အထူး ဝိပဿနာတရားစခန်း
အရှင်သီရိန္ဒ (မေတ္တာဥယျာဉ်)
ဧပြီ ၂၇၊ ၂၀၁၃



အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီး ကျောင်းမှာနှစ်စဉ်ကျင်းပမြဲဖြစ်သော သင်္ကြန်တွင်း နှစ်သစ်ပရိတ်တရားနာ၊ သက်ကြီးပူဇော်ပွဲကို ဒီနှစ် 2013-ခု၊ ဧပြီလ(၁၃)ရက်၊ စနေနေ့မှာကျင်းပပြုလုပ်ပြီး၊ သင်္ကြန်တွင်း(၉)ရက်ဝိပဿနာတရားစခန်းကို လည်းဧပြီလ (၁၃)ရက်၊ စနေနေ့မှ (၂၁)ရက်၊ တနင်္ဂနွေနေ့ထိကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲနေ့ဖြစ်တဲ့ 2013-ခု၊ ဧပြီလ(၁၃)ရက်၊စနေနေ့မနက်ပိုင်းမှာ စုပေါင်းကာ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး၊ သစ်သီးစသည်များဖြင့်ပူဇော်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော် များပွားများဖြင့်၊ မေတ္တာ ကမ္မာဋ္ဌာန်းများပွားများခြင်း၊ သံဃာတော်များအား စုပေါင်းဆွမ်းဆက် ကပ်လှူဒါန်းခြင်း။ နေ့လည်ပိုင်းမှာ၊ သရဏဂုံနှင့် ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ နှစ်သစ်ပရိတ် တရားနာကြားခြင်း၊ သက်ကြီးပူဇော်ပွဲကျင်းပခြင်းစသည်များအစီအစဉ်အတိုင်း ကျင်းပပါတယ်။

ဧပြီလ(၁၃)ရက်နေ့မှာ  (၉)ရက်တရားစခန်းဖွင့်ပွဲ၊ နှစ်သစ်ပရိတ်တရား၊ သက်ကြီးပူဇော်ပွဲနေ့မှာ  သံဃာတော်များနဲ့ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေများအား ကိုကျော်စွာ မထွေးထွေးဝင်း မိသားစုက အမာခံ မြန်မာထမင်းဟင်းများဖြင့် ကုသိုလ်ပြုပြီး၊ ဓမ္မမိတ်ဆွေများ ကလည်း မိမိအိမ်က စားဖွယ် သောက်ဖွယ်များ၊ ဖာလူဒါ၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ မုန့်ဖက်ထုပ်စသောအချိုပွဲများ၊ သစ်သီးမျိုးစုံ စသည်များဖြင့်အသီးသီးယူဆောင်ကာ စုပေါင်း ကုသိုလ် ပြုကြပါတယ်။

ဖွင့်ပွဲနေ့မှာ မြန်မာနိုင်ငံက ကြွရောက်လာတဲ့ ဖျာပုံမဟာစည်သာသနာ့ရိပ်သာကြီး၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသာရဒအရှင်သူမြတ်မှ ကိုးပါးသီလပေး၊ နှစ်သစ်အနုမောဒနာတရား ချီးမြှင့်ပြီး၊ မေရီလင်းပြည်နယ်၊ ကေလာသဝိဟာရ ကျောင်းတိုက်မှ ဆရာတော်ဦးကုသလမှ နှစ်သစ်မင်္ဂလာဆုတောင်းဂါထာဖြင့်ရွတ်ဆိုပါတယ်။

ကြွရောက်လာကြတဲ့သံဃာတော်များက အလှူရှင် ဓမ္မမိတ်ဆွေအပေါင်းနဲ့ ကမ္ဘာသူ ကမ္ဘာသားများ ဘေးဥပါဒ်အန္တရာယ်၊ ရန်အပေါင်း၊ ရောဂါအပေါင်းတို့မှကင်းဝေး၍ ကမ္ဘာကြီးငြိမ်းချမ်း သာယာစေဖို့ မင်္ဂသုတ်၊ ရတနာ့သုတ်၊ မေတ္တာသုတ်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော်များကိုမေတ္တာရှေ့ထားကာ ရွတ်ဆို ပွားများချီးမြှောက်ကြပါတယ်။

အထူးအစီအစဉ်အနေဖြင့် “ အိုးမဖတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊ အိုးတွင်ခတ်နှိပ်၊ မှတ်တံဆိပ်ကား၊ မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊ အမြဲတစေ၊ တည်ရှိနေသို့၊ ထွေထွေသွေးသား၊ ကလေးများ၌၊ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊ ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊ ဗုဒ္ဓဝါဒီ၊ စွဲမြဲတည်မည်၊ ကိုယ်စီ ခပ်နှိပ်စေသတည်း”ဟူသော တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သြဝါဒကထာကို နှလုံးမူလျှက် ငယ်စဉ်ကပင် အမျိုး ဘာသာ သာသနာ မြန်မာ့ယဉ်ကျေးမှုအငွေ့ဓာတ်များ အဝေးရောက် မြန်မာကလေးငယ်များ၏နှလုံးသားမှာစွဲမြဲတည်စေဖို့၊ အနာဂါတ်အတွက် မိမိရဲ့ အမျိုး ဘာသာ သာသနာအတွက် ထမ်းပိုးပြောင်း သယ်ပိုးရွတ်ဆောင်နေစေဖို့ ရည်သန်ကာ သက်ကြီးပူဇော်ပွဲမှာ အနာဂါတ်မျိုးဆက်သစ် လူငယ် မောင်မယ် လေးများဖြစ်ကြတဲ့ သီရိမင်္ဂလာ ဗုဒ္ဓယဉ်ကျေးမှုနဲ့ မြန်မာစာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ မြန်မာ ဆန်ဆန်မြန်မာဝတ်စုံ များဝတ်ဆင်ကာ အသက်(၆၅)နှစ်အထက် အသက်၊ ဂုဏ်သိက္ခာကြီးများ အဘိုး အဘွားများအား သြကာသဖြင့်ညီညာဖျဖျကန်တော့ကာ လှူဒါန်းဖွယ်ရာပစ္စည်းများ ကိုယ်တိုင် ပေးအပ်လှူဒါန်းကြပါတယ်။

အဘိုးအဘွားများကိုယ်စား ဆရာမကြီးဒေါ်ရွှေကြည်၊ ဒေါ်ဂရေစီ၊ ဒေါ်ချစ်စုတို့မှ အသီးအသီးလူငယ် မောင်မယ်များအား “ငယ်သော်ကား သား ကြီးသော် အားတည်း ၊ ငယ်သော် သမီး ကြီးသော် ထီးတည်း ဟူသည်နှင့်အညီ မိဘတွေ ကျွေးမွေး ပြုစုပေးထားတဲ့ မိမိတို့ရဲ့ ရင်သွေးငယ်များဟာ ကြီးတဲ့အခါ မိဘတွေ အတွက်၊ အမျိုး ဘာသာ သာသနာအတွက် အားကိုးအားထားရာ၊ အေးချမ်းမှုတွေပေးတဲ့ ကွန်းခို နားရာဖြစ်စေဖို့နဲ့၊ “ငယ်သော်ကား သား၊ ကြီးသော် ကျားတည်း။ ငယ်သော်သမီး ကြီးသော် မီးတည်း”ဟူသည်နှင့်အညီ လွက်လပ်တဲ့နိုင်ငံမှာနေပြီး မိဘစကားနားမထောင်၊ အမျိုး၊ ဘာသာ၊ သာသနာကိုမျက်ကွယ်ပြုပြီး အန္တရာယ်ပေးမယ့်ကျားလို၊ ကြောက်စရာကောင်းတဲ့ မီးလိုမဖြစ်စေဘို့ စသည့် ရင်တွင်းဖြစ်မှာတမ်းလေးနှင့်အတူ…

မြန်မာ အမေရိကန်အသင်းကိုယ်စား ဥက္ကဋ္ဌ  Mr.Ian Timm နှင့်အတွင်းရေးမှုးကိုကျော်စွာကလည်း ကြွရောက် ချီးမြှောက်ကြတဲ့ သံဃာတော်များ၊ အဘိုးအဘွားများ၊ အလှူရှင်များ၊ ကြွရောက်ကြတဲ့ ဓမ္မမိတ်ဆွေ များအားလုံးကို အခုလို အဘက်ဘက်ကနေပြည့်ပြည့်စုံစုံ၊ စည်စည်ကားကားနဲ့  မြန်မာနှစ်သစ်မှာ ဝိုင်းဝန်းကုသိုလ်ပြုကြတဲ့ သူများအားလုံးကို အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားကာ ဖွင့်ပွဲနေ့မှာ ပြုလုပ် အားထုတ်ကြတဲ့ ကုသိုလ်အားလုံးကို ၃၁-ဘုံသားတို့အားအမျှပေးဝေခဲ့ပါတယ်။

၎င်းနောက် ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသမှ ကြွရောက် ကုသိုလ် ယူကြတဲ့ ပါရမီရှိ ကုသိုလ်ရှင်များအား ပရိတ်မေတ္တာရေများဖြင့်ပက်ဖျန်းပေးခဲ့ပါတယ်။

ဆက်လက်၍ သိရီမင်္ဂလာကျောင်းရဲ့ သင်္ကြန်တွင်း(၉)ရက်တရားစခန်းကို စတင်ဖွင့်လှစ်လိုက်ပါတယ်…

မှတ်ချက်။   ။ သိရီမင်္ဂလာကျောင်း သင်္ကြန်တွင်း(၉)ရက်ဝိပဿနာတရးစခန်းပွဲ ဖွင့်ပွဲနှင့် အောင်ပွဲမှတ်တမ်း

ကုသိုလ်ပြုမုဒိတာပုံရိပ်များကို အောက်ပါလင့်ကိုကလစ်ကာ ကြည့်ရှုကြည်ညိုမုဒိတာပွားနိုင်ပါသည်။

၁။  သိရီမင်္ဂလာကျောင်း မြန်မာ့ရိုးရာသက်ကြီးပူဇော်ပွဲ၊ နှစ်သစ်ပရိတ်တရားနာ၊ (၉)ရက်တရားစခန်းဖွင့်ပွဲမှတ်တမ်း

၂။ 2013-ခု၊ဧပြီလ(၁၃)ရက်၊စနေနေ့မှ (၂၁)ရက်၊ တနင်္ဂနွေနေ့အထိကျင်းပအပ်သော သိရီမင်္ဂလာကျောင်း သင်္ကြန်တွင်းအထူး (၉)ရက်၊ ဝိပဿနာတရားစခန်းမှတ်တမ်းပုံရိပ်များ


မေတ္တာများဖြင့်

Comments