မဟာကန်ချင်သူ ပြဇာတ်
ဂျော်ဒီး
ဇွန် ၃၊၂၀၁၃
သရုပ်ဖော်ကာတွန်း စောငို |
● ပါဝင်သူများ
သမဒကြီး မဟာစိန်နှင့် အဖွဲ့ဝင်များ။
အမေကြီးကန်ရောက် ရွှေနိုင်ငံသံရုံးဝန်ထမ်းများ
အမေကြီးကန်ရောက် ရွှေနိုင်ငံသားများ၊
သတင်းဌာနများနှင့် အမေကြီးကန်တက္ကသိုလ်ကျောင်းသားကျောင်းသူများ။
အမေကြီးကန်သမဒကြီး အိုဗမာ၊ ရွှေအမေအိုကြီးတဦး။
အခန်း(၁)
(အမေကြီးကန် နိုင်ငံရှိရွှေနိုင်ငံသံရုံးအဆောက်အဦးအတွင်းပုံသဏ္ဍန် နောက်ခံကားလိပ်ကိုချထားစေ။)
လုံခြုံရေးအပြည့်ယူထားရွေ့ ၀ါရှင်တန်ဒီစီရှိ ရွှေနိုင်ငံသံရုံးကြီးတခုလုံး တိတ်ဆိတ်ငြိမ်သက်နေစေ..။ ရုတ်တရက် ကားနက်ကြီးတစီး ဝေါခ နဲ ထိုးဆိုက်လာစေ..။ကားနက်ကြီးဘေးတွင် လုံခြုံရေးအစောင့်အရှောက်များက သွက်လက်လျင်မြန်စွာ ၀ိုင်းရံလိုက်ကြစေ..။ ကားပေါ်မှ ပုဆိုးစုတ်ကြီးကို ခေါင်းပေါင်းလျှက် လက်များခြေထောက်များတွင် ပတ်တီးများ အထပ်ထပ် စည်းနှောင်ထားသော သမဒကြီး မဟာစိန် သည် ဒန်ခွက်အစုတ်ကြီးကိုကိုင်လျှက် ဆင်းလာစေ..။ အဆင်သင့် စီစဉ်ထားသော ကြိုဆိုသူများက “ပြည်ပအားကိုး ပုဆိန်ရိုး .. အရိုးနင် ၀ါဒီ.... သူတောင်းစားသမဒကြီး. နှလုံးမှန်မှန် ခုန်ပါစေ..။.အိုဗမာ လက်ပေး... လျှာကလေးနှင့် ယက်နိုင်ပါစေ”
“ရွှေသူတောင်းစား..စိန်သူတောင်းစား ကမ္ဘာကိုလွှမ်းစေရမည်..” ဟူသော လက်ကိုင် ပိုစတာများ ပန်းစည်းများကို ဝှေ့ယမ်းပြီး အထူးရွှင် လန်းအားရစွာ ကြိုဆို နှုတ်ဆက်နေကြစေ..။ မဟာစိန်ကား ရွှေသံရုံးအခန်းတွင်းတွင်..အသင့်စီရင်ထားသော ဆိုဖာအိအိကြီး ပေါ်တွင်
ခန့်ခန့်ကြီး ထိုင်လိုက်စေ။ ထို့နောက် ကြမ်းပြင်ပေါ်တွင်..လက်အုပ်ကလေးများချီထားသော ရွှေသံရုံးဝန်ထမ်းများအား မအောင်မမာ ညောင် နာနာ နှာခေါင်းသံကလေးနှင့် မိန့်ခွန်းစချွေစေ.။
မဟာစိန် ။ ။ “ကျနော်တို့ အစိုးရမတက်ခင် ကျနော်တို့ပဲပါဝင်တဲ့ အဖေတူ အမေတူ အစိုးရလက်ထက်က အသုံးမကျခဲ့လို့ ကျနော် တို့ရွှေ နိုင်ငံကြီး ဆင်းရဲစုတ်ပြတ် အဖတ်တောင် မနဲဆယ်နေရပါတယ်...။ တကယ်တော့ အဲဂလို ကျနော်တို့ အသုံးမကျခဲ့ရတာဟာ ကျနော်တို့ ကြောင့် လုံးဝ..လုံးဝ..လုံးဝ..လုံးဝ မဟုတ်ပါဘူး..။ အပြည်ပြည်ဆိုင်ရာက စီးပွါးရေးပိတ်ဆို့မှုတွေကြောင့်ပါ..။ ဒါကြောင့် ဒီကနေ့တော့ ကမ္ဘာကိုလှည့်ပြီးတော့ကာ ကျနော်တို့ တိုင်းပြည်က..အဲ .ကျနော်တို့ တော့မပါဘူးပေါ့ဗျာ..။ တိုင်းသူပြည်သားတွေ ဆင်းရဲစုတ်ပြတ်နေ တာ တွေကိုပွင့်လင်းမြင်သာမှု ရှိရှိ..။ မခြွင်းမချန် ..။ ပိုချင်တောင်ပိုပါစေဗျာ..။ ဖွင့်အံပြပါမယ်..။ ဧယဉ်ကျူးသလို တဖွဲ့တနွဲ့နဲ့ကို ငိုပြသင့် ပြပါမယ်..။ ပြည်ပအားကိုး ပုဆိန်ရိုးမကလို့ ပေါက်တူးရိုး တူရွင်းပြားရိုး ..ဘာရိုးခေါ်ခေါ်ဗျာ။ ကျနော်တို့ကတော့ အားကိုးတော့မှာပါဘဲ..။ အ ရေးကြီးတာက ငွေကြေးအထောက်အပံ့နဲ့ နည်းပညာအကူအညီတွေ ရဖို့ပဲ..။ဒါတွေ ရရင် ကျနော်တို့ ရဲ့ ရလေလိုလေ အိတ်ကြီးတွေထဲကို ကြံဖန် ထဲ့ ရဦးမယ်...။ ကဲ..ကဲ..ဒီနေ့တော့ ဒီလောက်နဲ့ အနားယူလိုက်ဦးမယ်..။နက်ဖန်“..ဒီကိုလေ”သတင်း ဌာနက ဦးဆောင်ကျင်းပတဲ့..
အမေကြီးကန်ရောက်နေတဲ့ ရွှေတွေ နဲ့ အမေးအဖြေတွေ လုပ်ရဦးမယ်..။ဘုရား..ဘုရား ရင်တော့ အတုန်သားဗျ..။
ခါတိုင်းလို သံရုံး ရှေ့မှာ ဆန္ဒလာပြကြ တဲ့ သူတွေနဲ့ တွေ့တာကမှ မသကာ နောက်ဖေးလမ်းကြားတို့ ခွေးတိုးပေါက် တို့က ရှောင်သွားလို့ ရသေးတယ်....။အခုတော့ မောင်မင်းကြီးသားတွေမယ်မင်းကြီးမတွေက အမှန်တွေကို ဒဲ့ကြီး ရင်ဆိုင်မေးကြဦးမှာ..။ကိုယ့်သမဒကြီးရယ်လို့ ညှာညှာတာတာမရှိကြဘူး.. ”
ရွှေသံ ရုံး ၀န်ထမ်း။ ။မှန်လှပါ....။ဟိုတခါ ဂျပန်မှာ ဆန္ဒပြတဲ့သူတွေ ဟိုတယ်ရှေ့ကလာစောင့်နေလို့ ကျနော်တို့ နောက်ဖေးလမ်းကြားက ထွက်ပြေးရဘူးသေးတယ်..။သွားလေသူဝန်ကြီးချုပ်ကြီးနဲ့ပေါ့..ဟိ..ဟိ”
မဟာစိန် ။ ။ဒါနဲ့.......ဒီမှာကော ဆန္ဒပြပွဲ တွေကို လိုက်ရင် ပိုက်ဆံတွေ ဘာတွေ ရကြလား..။ကျနော်တို့ ရွှေ စွမ်းအားရှင်တွေတော့ အဲဒီလိုပဲ တခါ ဆန္ဒပြဖို့လိုက်ရင် ကလေး(၃၀၀၀) ။ လူကြီး (၅၀၀၀) လောက် ပေးပြီးခေါ်ရတာ..။ဒါမျိုးတွေက ကျနော့်တို့ ပါတီက လုပ်နေကျ အလုပ်တွေဆိုတော့ ကျနော် တို့ အသိဆုံးပေါ့ ဗျ ..။ ဒါပေမယ့် ကျနော်တို့စွမ်းအားရှင်တွေကတော့ ဆန္ဒပြပွဲလိုက် လို့ထောင်တွေဘာတွေ မကျဖူး ပါဘူး..။ ရွှေပြည်ကြီးက ဆန္ဒပြတဲ့ .လယ်သမားတွေ၊အလုပ်သမားတွေကတော့ စဉ်းစားစရာဗျ.။ ..တော်ရုံတန်ရုံ ဆန္ဒပြမရအောင် ပုဒ်မ(၁၈) တို့ ဘာတို့ နဲ့ တားမြစ်ထားတဲ့ ကြားက ၊ ထောင်တွေတန်းတွေ ချနေတဲ့ ကြားက.. ဆန္ဒပြနေတယ် ဆိုတော့ ..။ ငွေ ၅၀၀၀ကျပ်လောက် နဲ့တော့ မဖြစ်နိုင်ဘူး..။ဘ၀ နဲ့ကို ရင်းပြီး ဆန္ဒတွေပြနေကြတဗ.ဘယ်လိုလူတွေလဲ မသိဘူးဗျာ...။သံဃာတွေ ဆိုလဲ မီးလောင်ဗုံး ဒဏ်ခံပြီးကို ဆန္ဒပြကြတယ်တဲ့..အံ့ရောဗျာ..။မြိုးမြိုးမျက်မျက် ကလေးရတယ်ဆိုရင်တော့.
.ကျနော်တောင် သမဒလုပ်မစားပဲ ဆန္ဒပြပွဲ တွေလိုက်ရကောင်းမလား။.စုံစမ်းလိုက်ဦးမယ်.။သွားမယ်ဗျို့..”
(မွန်းအောင်ရဲ့ ခုညတော့ အိပ်နိုင်မယ် မထင်ဘူး..သီချင်းတီးလုံး နောက်ခံဖြင့် မဟာစိန်နှင့် အဖွဲ့ ထွက်ခွါစေ။ကားလိပ်ချ)
++++++++++++++++++++++++++++++
အခန်း(၂)
(ဒီကိုလေ..သတင်းဌာန ခန်းမ ကြီး ပုံစံ ဆက်တင်နောက်ခံကားလိပ်ကြီးချထားစေ။)
မဟာစိန် နှင့် အဖွဲ့သည်. .ဒီကိုလေသတင်းခန်းမကြီးထဲသို့ ကျီးကြည့် ကြောင်ကြည့် ၀င်လာစေ.။မဟာစိန်ကားပါးစပ်မှ ဂါထာပေါင်းစုံ ရွတ်ရင်း.. ခြေဖနောင့်မှ ခြေစာမှုန့်များကိုတံတွေးဆွတ်ထားသော လက်နှင့့် တို့လိုက် နဖူးပြောင်ပြောင် သို့ သုတ်လိုက်ဖြင့် အလုပ်ရှုပ်နေစေ...။သူ့နောက်မှ နောက်တော်ပါ အကျံပေးဦးပျံကျားရေး ကြီးကား အသင့်ပါလာသော ကျောက်သင်ပုန်းပေါ်တွင် “ ကျနော်တို့ ငါးမူးတန်းတွင် ဖျာစုတ်တချပ် ရသွားပါပြီ” ဟူသောစာတန်းကို မကြာခဏ တဖွဖွ ရွတ်ရင်း အလွှတ် အရေးကျင့်နေလေစေ.။
မကြာမီ အမေကြီးကန် ရောက် ရွှေများကမဟာစိန့်တို့ အလန့်ကြီးလန့်သောမေးခွန်းများဖြင့် ဒိုးဒိုးဒေါက်ဒေါက် ဇိုးဇိုးဇောက်ဖောက် အားမနာ တမ်းမညှာတမ်း မေးရက်ကြစေ ..။မဟာစိန်လဲဖြေမိဖြေရာ အယောင်ယောင်အမှားမှားဖြင့် ဖြေစေ..။
မဟာစိန်။ ။“ ဟို..ဒါကတော့ ဒီလိုရှိပါတယ်..။တဖက်ကကြည့် တော့ဝါးခြမ်း။ နောက်တဖက်က ကြည့်တော့လဲဝါးခြမ်း ပေါ့လေ..။အဲဒီ ၀ါးခြမ်းနှစ်ခုကို ပေါင်းလိုက်ရင်တော့..ဟို..ဟို ဒီပဲရင်းအကြမ်းဖက်မှု မှာကျနော်တို့ စွမ်းအားရှင်တွေ သုံးခဲ့တဲ့ဝါးရင်းတုတ်တွေရနိုင်ပါတယ်..။အော်..ဒါတွေက အရင် ကျနော်တို့အစိုးရက လုပ်ခဲ့တာပါ..။အခု ကျနော်တို့ အစိုးရက လုပ်တာ မဟုတ်ပါဘူး”
ရဲရဲတောက် ရွှေများ ။ ။ “ ဒါနဲ့ သမဒကြီး မဟာစိန်ပဲ ..၀န်ကြီးချုပ် လုပ်ခဲ့တဲ့ အရင် အစိုးရ လက်ထက်ကတိုင်းသူပြည်သားတွေကို အသိမပေးပဲ အိမ်နီးချင်း ကိုလိုနီလက်သစ် နိုင်ငံနဲ့ လက်ဝါးချင်းရိုက်ပြီး .. စာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ အချောင်နှိုက် စီမံကိန်းတွေကြောင့် တိုင်းပြည် နဲ့ပြည်သူလူထု နစ်နာခဲ့ရတာတွေကိုကော ဘယ်လို တာဝန်ယူဖြေရှင်းပါမလဲ..။..”
မဟာစိန်။ ။“ အော်..ဒါကတော့ ဒီလိုရှိပါတယ်..ဟိုလိုရှိပါတယ်..။အရင်က စာချုပ်စာတမ်းတွေ..ကလဲ ကျနော်တို့ပဲ လက်မှတ်ထိုးခဲ့တာပါ...ခင်ည ။ဒါ့အတွက်...ကျနော်တို့ အကုန် စားထား မျိုဆို့ထားပြီးပါပြီ...။ပြည်သူတွေ ရဲ့ မကျေနပ်မှု တွေလား..။အဲ..အဲဒါတွေကိုတော့ ...ဟို..ပြည်သူတွေအရမ်း ချစ်တဲ့ ဒီမိုမယ်တော်ကြီးကို တာဝန်ခံဖြေရှင်းခိုင်းထားတယ်လေ..။သူကလဲ သိပ်တာဝန်ယူတတ်တာကိုး...။တချက်ခုတ်ရင် အချက်(၁၀၀)ပြတ်တဲ့ စီမံခန့်ခွဲမှု ပါဘဲ..ဟဲဟဲ ”
ရဲရဲတောက် ရွှေများ ။ ။“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ကိစ္စ”
မဟာစိန်။ ။“ အော်..ဒါလား..ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ကိုသော့ခတ်မထားပါဘူး..။ ပြင်ဆင်ဖို့ ကိုယ့်ကုလားဖန်ကိုယ်ထိုး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ ကို ကိုယ့်လူတွေ နဲ့ကိုယ် လက်ဦးမှု ရှိရှိ ဖွဲ့ထားလိုက် ပါပြီ..။ တကယ်တော့ ပြင်လို့မရအောင်...အဲလေ..ပြင်စရာ မလိုအောင် ကို စီမံရေးဆွဲထားတာပါ.. ။တကယ်လို့ မကျေနပ်တဲ့သူတွေ ပြင်ချင်ရင်လဲ လူမြင်ကောင်းအောင် ပြင်စရာ..အချက်အလက်တွေတင်ကြပေါ့ ဗျာ ။ နောက်ဆုံးကျ ကိုယ့်ကိုယ်ကာကွယ်ရေးအရေးသုံးပါး ကြီးနဲ့ညိပြီး ပယ် ချလိုက်..ယုံပဲ..။”
ရဲရဲတောက် ရွှေများ။ ။ “လွှတ်တော်ထဲမှာ တမူးပိုရှူထားတဲ့ တမတ်သားတွေကိစ္စ”
မဟာစိန်။ ။အော်....ကျနော် တို့ တမင်ထဲ့ထားတဲ့ တမတ်သားလေးတွေကိုတော့ မပစ်ပယ်ကြပါနဲ့ ဗျာ..။သူတို့ အတွက် နေရာတနေရာကတော့ရှိနေရမှာပဲ...။စစ် တပ် ဆိုတာ သာမန်ပြည်သူတွေထက် ပိုပြီး..စည်းကမ်းကျသေးတယ်..။့စည်းကမ်းဘယ်လောက်ရှိလဲ ဆိုတော့ ...တနိုင်လုံးကလယ်တွေ မြေတွေ ကို သိမ်းခဲ့ရရှာတာတွေ ..။ရှိသမျှ နိုင်ငံပိုင်စီးပွါးရေးလုပ်ကွက်တွေကို လက်ညှိုးထိုးမလွဲ အောင် အနစ်နာခံပြီး ကျုံးရုန်း ပြီး အဦးဆုံးပိုင်အောင် လက်ဝါးကြီးအုပ်ခဲ့ရရှာတာ..တွေ။သူတို့ကျူးလွန်ခဲ့သမျှ ရာဇ၀တ်မှုတွေကို ဘယ်သူမှ အရေးယူလို့ မရအောင် ကို ဘယ်သူမှ ၀င်ရှုတ်လို့ မရတဲ့သီးခြားအတွင်းကြိတ် စစ်ခုံရုံးတွေ စီစဉ်ထားခဲ့တာ.တွေ။ ဒါ စည်းကမ်းတကျ မတရားလုပ်ခဲ့တာတွေပဲ လေ.”
မဟာစိန်ကား မဟုတ်တာတွေ ပြောရသဖြင့် အတော် မောသွားဟန်ဖြင့်နဖူးပြောင်ပြောင်မှ စီးကျလာသော ချွေးများ..ကိုသုတ်စေ။ရဲရဲတောက်ရွှေနိုင်ငံသားများကား မေးခွန်းများကို ဒလစပ် မေးနေစေ..။
ရဲရဲတောက် ရွှေများ။ ။နိုင်ငံအတွင်းမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးပြီး..မငြိမ်မသက်မှုတွေ ဖန်တီးးးးးသူတွေကို အရေးမယူတာဟာ မဟာစိန်တို့ အစိုးရနဲ့သွယ်ဝိုက် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုရော.ဘယ်လို ဖြေရှင်းမလဲ .”
မဟာစိန်။ ။“ အော်...အင်း..အဲဒီ ကိစ္စတွေ အတွက် ကိုစုံစမ်းရေးကော်မရှင်တွေ ပေါပေါသီသီကို ဖွဲ့ထားပေးပါတယ်..။ ဒီမှာသူ..သူတို့..လဲ ပါလာတယ်.. ။ဒါတွေ မေးမှာကြို သိလို့ခေါ်လာတာ..။သူ ဖြေလိမ့်မယ်နော်..။ကဲ..ဒေါက်တာ စုံစမ်းရေ. .မြန်မြန်ဖြေပေးလိုက်ပါ ဗျာ..။ပြီးရင်.. ကျနော်တို့ လစ်ကြစို့ ..။ခွင့်ပြု ပါဦးနော်..။ကျနော်တို့က နောက်အစီအစဉ်တွေရှိသေးတယ်..။လစ်ပြီ ဗျို..”
(နောက်ခံ တီးလုံးအဖြစ်.. ချစ်ကောင်းရဲ့ ကိုယ်မလွယ်ဘူးရူးနိုင်တယ်..ဟူသော တေးသွားကို တီးစေ..။ကားလိပ်ချစေ)
++++++++++++++++++
အခန်း(၃)။ ။(အမေကြီးကန် တက္ကသိုလ် ကျောင်းကြီးဧ။် ခန်းမကြီးပုံစံနောက်ခံကားချပ် ချစေ။)
အမေကြီးကန် တက္ကသိုလ် ခန်းမကြီး အတွင်းတွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ များ။ကျောင်းသားကျောင်းသူများနှင့်သမဒကြီး မဟာစိန်က မဟာတောင်းရမ်းမယ်ဘွဲ့ မိန့်ခွန်းတရပ်ကိုချွေနေစေ..။ ခန်းမ အ၀င်ဝတွင် မဟာစိန်ဧ။် တပည့်များက၀ါးဆစ်ကလေးများကို တီးသူက တီး..။ဒန်ခွက်စုတ်ကလေးကို လှုပ်သူက လှုပ်ခါ မျက်နှာအောက်ချကာ တောင်းရမ်းနေကြစေ..။
မဟာစိန်။ ။အရှက် မရှိစွာနဲ့နဲ့ပဲ တောင်းရပါဦးမယ်..။ကျနော်တို့တိုင်းပြည်ဟာ သဘာဝသယံဇာတတွေ နဲ့ အင်မတန်ကို ပေါကြွယ်ဝပေမယ့်ကျနော်တို့ အိတ်တွေထဲ ဦးစားပေးထဲ့ခဲ့ ရတာကြောင့်..တိုင်းပြည်မှာတော့ ပညာရေးစနစ်ကော ဘာကော ညာကော ရှိသမျှ အင်မတန် အောက်ကျ နောက်ကျဖြစ်နေရကြောင်း အရင်က ၀န်မခံခဲ့ပေမယ့်..အခုတော့ ပွင့်လင်းမြင်သာမှုရှိရှိ ၀န်ခံပါ့မယ်...။ ဘာပြုလို့လဲ ဆိုတော့ မိတ်ဆွေနိုင်ငံကြီးများရဲ့ တက္ကသိုလ်ကြီးတွေ ပညာရေးဖောင်ဒေးရှင်းတွေ ကနေကူညီထောက်ပံ့ငွေတွေ.. ပေးကမ်းစွန့်ကြဲမှုတွေကို အရမ်း အရမ်းကို လိုချင်နေလို့ပါ ခင်ညာ..။ အဲဒီအတွက် ကျနော်တို့ နဲ့ အကျိုးတူ မိတ်ဆွေ ခရိုနီကြီးတွေ က အဆင်သင့်ပြင်ဆင်စောင့်မျှော် နေကြပါပြီ..။ပြည်ပ တက္ကသိုလ်ကြီးတွေ နဲ့ ချိတ်ဆက်နိုင်တာနဲ့ တပြိုင်နက် ပုဂလိက တက္ကသိုလ်ကြီးတွေ အပြိုင်းအရိုင်း ဖွင့်ပြီးပညာရေး ရင်းနှီး မြှု ပ်နှံဖို့ အဆင်သင့် ပါပဲ..။ပုဂလိက တက္ကသိုလ်ကြီးတွေ အဆင့်မြင့် ဘော်ချက်တက္ကသိုလ်ကြီးတွေ မတက်နိုင်ကြ တဲ့ ..င ပမွှားကျောင်းသားတွေအတွက်ကတော့..ဟိုး..တောတွေ တောင်တွေကြားမှာ သဘာဝတောတောင်ဘာလချောင် တက္ကသိုလ် အစုတ်ပလုတ်ကလေးတွေ ကို ဘာသင်ထောက်ကူမှမရှိပဲကမ္ဘာ့အဆင့် မမီ ဖွင့်ထားပါတယ်..။ ငပမွှား ကျောင်းသားလေးတွေ အနေနဲ့ လဲသက်ဆိုင်ရာ အပြင် ကျူရှင်အသီးသီးမှာ လိုအပ်တဲ့ ပညာတွေကို သူတိုဖာသာ ဟိုပြေးဒီလွှား ငွေနဲ့မျှားပြီး လက်ပူတိုက်ဆည်းပူးနိုင်အောင် စီစဉ်ပေးထားပါတယ်..။မိတ်ဆွေ ကြီးများရဲ့တက္ကသိုလ်ကြီးများမှာလဲ ဒီလို ဘာသာဘာဝ တောတောင် ဘာလချောင်တက္ကသိုလ်တွေ ဖွင့်ချင်ရင်ကျနော်တို့ ဆီမှာ အခမဲ့လာရောက်လေ့လာနိုင်ပါတယ်.”
(တူးတူး ရဲ့ မင်းပဲ အပြောကောင်းတယ်..နောက်ခံသီချင်းတီးလုံးဖြင့် ကားလိပ်ချစေ)
+++++++ ++++++++++++++ ++++++
အခန်း(၄)
(အမေကြီးကန် သမဒကြီး အိုဗမာ ဧ။် အိမ်မဲတော် ဧည့်ခန်းဆောင် နေရာနောက်ခံကားလိပ်ချထားစေ)
အမေကြီးကန် သမဒကြီး အိုဗမာနှင့် ရွှေသမဒကြီး မဟာစိန်တို့လက်ချင်းချိတ်ပြီး တွဲကနေကြစေ..။တွဲကရင်း အိုဗမာက မဟာစိန်အား တတွတ်တွတ်နှင့် မြှောက်ပင့်ဖျောင်းဖျနားချနေစေ..။
အိုဗမာ။ ။ “ဒါနဲ့ နိုင်ငံရေး အကျဉ်းသားလက်ကျန်ကိစ္စကကော”ခပ်တိုးတိုး မေးစေ။
မဟာစိန်။ ။“ နိုင်ငံရေး အကျဉ်းသား တွေကိုလဲ နောက် ခရီးစဉ်များနဲ့ နောက်ထပ်မျက်နှာလို အားရ လုပ်ရမဲ့ ထူးခြားဖြစ်စဉ်များအတွက်..ပိုးမွေးသလို မွေးထားပါတယ်..။နိုင်ငံရေး အကျဉ်းသားတွေ ခဏခဏလွှတ်စေချင်ရင် ကျနော့်ကို ခဏခဏ ဖိတ်ခေါ်ပါနော်” ထို့နောက် အိုဗမာနှင့် မဟာစိန်တို့သည်..ခင်မောင်တိုးဧ။် “ပြန်မလှည့်တော့ဘူး” သီချင်းကို သံပြိုင် သီဆိုကာ ကားလိပ်ချစေ။
++++ ++++++++++ +++++
အခန်း(၅)
( ရွှေသမဒကြီး မဟာစိန်ပြည်တော်ပြန်ရန် လေဆိပ်တွင် ရောက်ရှိနေပုံနောက်ခံကားလိပ်ချထားစေ)
မဟာစိန် တို့ အဖွဲ့ တွက်ချေကိုက်ပုံပေါ်ရွေ့ပြည်တော်ပြန်ရန် ပြင်ဆင်နေစေ..။ ထိုစဉ် လေဆိပ်အတွင်းသို့စည်းပုံ အဟောင်းလေးကို ဆောင်း ထားပြီး ထမီသိမ်းဝတ်စုံခပ်နွမ်းနွမ်းကို စွန်တောင်ဆွဲဝတ်ဆင်ထားသော အမေကြီးတယောက်သည်အိုမင်းရွတ်တွ နေသော်လည်း ဒေါမာန်ပါပါ ... ဘောက်ဆတ် ဘောက်ဆတ် နှင့်ဝင်ရောက်လာစေ..။လုံခြုံ ရေးများကို တွန်းဖယ်ပြီး ရွှေသမဒကြီး မဟာစိန်ရှေ့သို့ အရောက်သွားစေ..။မဟာစိန်ကား ရုတ်တရက် ရောက်လာသော အမေကြီးကိုကြည့်ရင်း အံ့သြတကြီးဖြင့်လက်ညှိုးထိုးကာ..ပြောစေ..။
မဟာစိန်။ ။ဟာ..အမိ..အမိ..မြန်မာ..အဲလေ..ရွှေ ပါလား..။ဒီကိုဘယ်လိုရောက်လာတာလဲ..။ကျနော်တို့ အဖွဲ့ဝင်ထဲလဲ ခင်များနံမယ် မတွေ့ပါ..။နောက်ပြီး ဘယ်လိုဖြစ်လို့ ခါတိုင်းလို လှတပတ အမိမြန်မာ..အဲလေ..ရွှေ ရုပ်မပေါက်တော့ပဲ အမေကြီး(အို) ပုံ ပေါက်နေရတာပါလိမ့်”
အမေကြီး။ ။ အေး..နင့်ကို အိုဗမာ ဖိတ်သလို..ငါ့ ကိုလဲ လစ်ဘာတီက ဖိတ်လို့ အထူးဧည့်သည် အနေနဲ့ ရောက်နေတာ...။လာတုံးကတော့ ဒီရုပ်မပေါက်ဘူး..။ လှတပတ ရွှေမကလေးပေါ့..။နင်တို့ကမ္ဘာတခွင် ပြဲပြဲ စင်အောင် ငါ့ အရှက်ကိုလိုက်ခွဲနေကြတယ်..။အရင်က သူများတွေကိုကျတော့ ပြည်ပအားကိုးသလေးဘာလေး နဲ့ ။နင်တို့ ခုလို ကမ္ဘာတခွင် လှည့်ပတ်တောင်းရမ်း နေကြတော့ .....
ငါ့ရုပ်လဲ ခုလို ရစရာမရှိအောင် စုတ်ပြတ်သတ်သွားရတာပဲ..မဟာစိန်ရဲ့..။ငါ့အရှက်ကို ဟက်တက်ခွဲခဲ့ တဲ့ အပြင် ပြည်သူတွေကိုပါ စော်ကားတဲ့ အပြောတွေ ကြောင့် နင်တို့ကို ပညာပေးဖို့ လာခဲ့တာပဲ..”
ပြောပြော ဆိုဆို..ဒေါသထွက် နေသော အမေကြီးသည် မဟာစိန်ကိုဘေးတိုက်ကစ်..အတည့်ကစ်..အသားကုန် ကစ်များဖြင့် ကစ်စေ..။မဟာစိန်ကား အလစ်တွင် အကစ်ခံလိုက်ရရာ ဒူးတွေ့ပြီး မူးမေ့လဲကျ သွားစေ...။မဟာစိန့်အကျံပေးဦးပျံကြားရေးကြီးကလည်း ..သူ့ကျောက်သင်ပုန်းတွင် ထိတ်လန့်တကြားရေးသား ထုတ်ပြန်လိုက်စေ..။
“ မဟာစိန် အမေကြီးကန်သွားခြင်း”
“မဟာစိန် အမေကြီးကန် သွားခြင်း”
(မျောက်မင်းအူသံ တီးလုံးလေး တီးကာပြည်ဖုံးကားကြီးချစေ) ++++ ++++++
( အီတွင် ကမ္ဘာကျော် ပြဇာတ်ရေးဆရာမ ဂျော်ဒီး အထူးစီရင်ရေးသားသော မဟာကန် ချင်သူပြဇာတ် ပြီးပါပြီ)
Comments